← Chapters

အခန်း ၈၆၃

Vol. 58 Ch. 863

အခန်း ၈၆၃

Vol. 58 Ch. 863

863 01

အခန်း ( ၈၆၃ ) ရုပ်ရည်ကို အားကိုး၍ ပိုက်ဆံရှာခြင်း။

ကလေးဆီမှာ ခွဲခြားဆက်ဆံခံလိုက်ရတဲ့အပြင် အသားလွတ်ကြီး အပြစ်တင်ခံလိုက်ရသော နျဉ်ချီလွေ့သည် ချက်ချင်းပဲ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။ ရှားကျွင်းရှန့်ကတော့ တခြား လုပ်စရာတွေ ရှိသေးသည်ဟု ဆိုကာ အရင် ပြန်သွားသည်။

ကလေးက ယွင်လော့ရှန်းနှင့် အခန့်သင့်နေတာမို့ သူမ ကလေးကို ချော့မြှူနေတုန်းက စုယန်ယန်က ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေကို နှစ်သိမ့်ပေးဖို့ အချိန်ရသွားသည်။

“ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် နင့်အစ်မက နင့်ကို အနုပညာနယ်ပယ်ထဲမှာ ဆက်မနေခိုင်းလောက်ဘူးလို့ ငါ ထင်ခဲ့တာ။ ”

ယို့ယွီရှစ် အံ့ဩသွားပြီး စက္ကန့်ပိုင်းလောက် ကြာတော့မှ စုယန်ယန် သူမကို ပြောနေတယ် ဆိုတာကို နားလည်သွားပါသည်။ “ ကျွန်မရဲ့ အစ်မက ကျွန်မကို စိုးရိမ်တာ မှန်ပေမဲ့ ကျွန်မကို မျက်နှာအညိုမခံနိုင်ဘူးလေ။ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်စွက်ဖက်တာ ရှားတယ်။ ”

“ ဒါဆို နင်က ဒီလမ်းကို လျှောက်ဖို့ စိတ်ဆုံးဖြတ်ပြီးပြီပေါ့။ ”

“ ကျွန်မ အရှုံးပေးဖို့ တစ်ခါမှ မတွေးဖူးဘူး။ ” ယို့ယွီရှစ်က ထိုစကားကို ပြောချိန်မှာ စိတ်ပျက်နေပုံပေါ်သည်။ “ ကျွန်မမှာ တခြား အင်အားတွေ မရှိလို့ပါ။ ကျွန်မရဲ့ အစ်မက မိသားစုနဲ့ ကုမ္ပဏီကို ဦးဆောင်နေတာ။ ကျွန်မ ကုမ္ပဏီထဲကို ဝင်သွားရင်တောင် သူ့ကို အရှိန်နှေးအောင် လုပ်မိသလိုပဲ ဖြစ်လိမ့်မယ်။ ကျွန်မလည်း တခြား အလုပ် တစ်ခုခု ရှာရမယ်လေ။ ပြီးတော့ ကျွန်မ နောက်ဆုံးတော့ သူငယ်ချင်းဖွဲ့နိုင်ခဲ့တယ်။ သူက သိပ်ကို စိတ်ထားနူးညံ့တယ်။ ဘယ်သူက သိခဲ့မှာလဲ … သူ … ” သူ အနိုင်ကျင့်ခံရမယ် ဆိုတာကိုလေ … ။

“ နင် ကိုယ့်ကိုယ်ကိုယ် သတိထားမိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ ” ယို့ယွီရှစ်ရဲ့ စကားမဆုံးသေးခင်မှာပဲ နျဉ်ချီလွေ့က အပြုံးယဲ့ယဲ့ဖြင့် ဖြတ်ပြောလိုက်၍ ယို့ယွီရှစ်တစ်ယောက် ထခုန်ပြီး သူ့ကို ထုရိုက်မိတော့မလိုတောင် ဖြစ်သွားခဲ့သည်။ “ နင်ကများ ငါ့ကို အရှက်မရှိ ဝေဖန်ရဲသေးတယ်နော်။ နင်ကရော အတူတူပဲ မဟုတ်ဘူးလား။ ”

“ ငါ … ” နျဉ်ချီလွေ့သည် ပြောစရာစကားရှာမရတော့ဘဲ ဆွံ့အသွား၏။ သူ နှာခေါင်းကို ပွတ်သပ်ရင်း ခပ်အမ်းအမ်း ပြန်ပြောလိုက်သည်။ “ ဟုတ်ပါတယ် ၊ ငါ နင့်ကို ဘာမှ ဝေဖန်ပိုင်ခွင့် မရှိပါဘူး။ ငါလည်း နင်နဲ့ အတူတူပဲ။ ငါ့အစ်ကိုက မိသားစုကို ဦးဆောင်နေတာ။ ငါက မိသားစု စီးပွားရေးလုပ်ငန်းတွေနဲ့ ကိုက်တဲ့ လူမျိုး မဟုတ်ဘူး။ ငါ ငယ်ငယ်လေးကတည်းက ရုပ်ရည်ကို အားကိုးပြီး ပိုက်ဆံရှာရုံက လွဲလို့ ကျန်တာ မလုပ်နိုင်ဘူး။ ”

သူ့ပါးစပ်က ထိုစကားမျိုး ထွက်လာလိမ့်မည်ဟု မျှော်လင့်မထားသော ယို့ယွီရှစ်သည် ခဏကြာတော့မှ “ ဪ ၊ နင်က ကိုယ့်နေရာကိုယ်တော့ သိသားပဲ။ ” ဟု ပြန်ပြောလိုက်လေသည်။

ဟုတ်သည်။ လွန်ခဲ့တဲ့ တစ်မိနစ်တုန်းကမှ တစ်စုံတစ်ယောက် ပြောခဲ့တဲ့ စကားက သူ့ဆီကို ပြန်တွန်းကန်ထွက်သွားတာပါ။

အဲ့ဒီနောက် ယွင်လော့ရှန်းနှင့် ယို့ယွီရှစ်သည် တစ်ယောက်ကို တစ်ယောက် အကြာကြီး မျက်စောင်းထိုးနေပြီးမှ အရှုံးကို ရင်ဆိုင်လိုက်ရတဲ့ ကြက်ဖတွေလိုမျိုး ခေါင်းလေးတွေ ငိုက်စိုက်ချ၍ သက်ပြင်းရှိုက်လိုက်ကြပါသည်။

စုယန်ယန်က သူ့တို့နှစ်ယောက် အပြန်အလှန် စကားနာထိုးနေကြတာကို ဘေးကနေ စိတ်ဝင်တစား ကြည့်နေခဲ့သည်။ မိသားစုထဲမှာ အငယ်ဆုံးလေး ဖြစ်တဲ့အလျောက် သူတို့ရဲ့ ခံစားချက်တွေကို သူမ နားလည်ပေးလို့ ရသည်။ မိသားစုထဲက အငယ်ဆုံး ကလေး အများစုက မျက်နှာသာအပေးခံရဆုံး ဆိုပေမဲ့ မျက်နှာသာအပေးခံရဆုံးက အကောင်းဆုံး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။

တခြား လူတွေရဲ့ ကလေးတွေနှင့်တောင် မကြာခဏ နှိုင်းယှဉ်ခံရတာမို့ တစ်မိသားစုထဲမှာ ကြီးပြင်းလာတဲ့ ကလေးတွေနှင့် ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့။

သူတို့မိသားစုတွေက သူတို့ အချင်းချင်းကို မနှိုင်းယှဉ်လျှင်တောင် အပြင်မှာ အတင်းအဖျင်းတွေကတော့ ဗွက်ပေါက်နေတတ်သည်။

သူတို့ရဲ့ မိသားစုက သူတို့ကို အလွန် ဂရုစိုက်ပေးပြီး ပညာလည်း ကောင်းကောင်း သင်ပေးကာ လူကောင်းလေးတွေအဖြစ် ပျိုးထောင်ခဲ့လို့ တော်သေးရဲ့။ မဟုတ်ရင် သူတို့ အိမ်မှာ ပြဿနာတွေ ရှာနေလောက်သည်။

863 02

“ နင်တို့နှစ်ယောက်က အရမ်း ရည်မှန်းချက်ကင်းမဲ့နေတာ မဟုတ်ဘူးလား။ ကျွတ် ၊ နင်တို့ ဘာမှ မလုပ်နိုင်တာ မထူးဆန်းပါဘူး။ ”

ယွင်လော့ရှန်းနှင့် ယို့ယွီရှစ်သည် စုယန်ယန်အား သူတို့ကို မနှစ်သိမ့်ပေးတဲ့အပြင် ဒဏ်ရာပေါ် ဆားသိပ်လိမ့်မည်ဟု ထင်မထားသောကြောင့် သူမကို ချက်ချင်း မော့ကြည့်ပြီး မျက်စောင်းထိုးလိုက်မိကြသည်။

စုယန်ယန်ကတော့ သူတို့ကို ကြောက်မနေဘဲ လှောင်ရယ်လိုက်သည်။ “ နင်တို့က ရုပ်ရည်ကို အားကိုးပြီး ပိုက်ဆံရှာချင်တာလား။ အဲ့ဒါဆိုရင် ပထမဆုံးအနေနဲ့ နင်တို့မှာ တခြားလူတွေထက် သာတဲ့ ရုပ်ရည် ရှိဖို့ လိုတယ်။ ပြီးတော့ နင်တို့က ရုပ်ချောတာလေး တစ်ခုတည်းနဲ့ ဒါရိုက်တာလော့ရဲ့ ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်လို့ ရမယ်လို့ တကယ် ထင်နေတာလား။ ဘယ်သူမဆို ငါတို့ကုမ္ပဏီနဲ့ နှစ်ရှည်စာချုပ် ချုပ်လို့ ရမယ်လို့ ထင်နေတာလား။ နင်တို့က ငါ့ကို အထင်သေးတာလား ၊ ဒါမှမဟုတ် ဒါရိုက်တာလော့ကို အထင်သေးတာလား။ ”

ယို့ယွီရှစ်ရော ၊ နျဉ်ချီလွေ့ရော နှစ်ယောက်လုံး ဆွံ့အသွားပြီး ဘယ်လို ပြန်ဖြေရမှန်းမသိ ဖြစ်သွားခဲ့ကြသည်။

သူတို့နှစ်ယောက် နှုတ်ဆိတ်သွားတာကို မြင်တော့ စုယန်ယန်က ဒုတိယအကြိမ် လှောင်ပြုံး ပြုံးပြီး ပျစ်ပျစ်နှစ်နှစ် ပြောလိုက်သည်။ “ မနက်ဖြန်က စပြီး … မဟုတ်ဘူး ၊ ဒီနေ့က စပြီး အစ်ကိုကျွင်းရှန်ကို နင်တို့အတွက် သရုပ်ဆောင်အတန်းတွေ ထပ်စီစဉ်ခိုင်းထားလိုက်မယ်။ နင်တို့ အားတဲ့ အချိန် လေ့လာလို့ ရတယ်။ တကယ့် အရည်အချင်း အစစ်အမှန်နဲ့သာ ဆိုရင် နင်တို့ကို ရုပ်ရည်နဲ့ ပိုက်ဆံရှာတယ်လို့ ဘယ်သူကမှ ပြောရဲတော့မှာ မဟုတ်ဘူး။ လူချမ်းသာမိသားစုရဲ့ သခင်လေး လုပ်ရတာ ၊ သခင်မလေး လုပ်ရတာ ကောင်းတယ် မဟုတ်ဘူးလား။ နင်တို့က ပေါက်ကရတွေ တွေးဖို့ပဲ သိတယ်။ ငါကတော့ နင်တို့တွေ လုပ်စရာ အလုပ် မရှိလို့ ပျင်းရိပြီး အကျင့်ပျက်နေကြတာလို့ပဲ ထင်တယ်။ ”

++++++

All Chapters