← Chapters

အခန်း ၈၆၄

Vol. 58 Ch. 864

အခန်း ၈၆၄

Vol. 58 Ch. 864

864 01

အခန်း ( ၈၆၄ ) အရာမထင်သော မြှောက်ပင့်စကား။

ကုမ္ပဏီနှင့် စာချုပ် ချုပ်ပြီးတဲ့နောက်မှာတောင် သရုပ်ဆောင်သင်တန်းတွေကို ထပ်တက်ရဦးမည် ဆိုတာကို ကြားလိုက်ရသော နျဉ်ချီလွေ့သည် ခေါင်းကိုက်သွားကာ ရှုံ့မဲ့မဲ့ မျက်နှာနှင့် တောင်းပန်လိုက်၏။ “ မတက်ဘူး မတက်ဘူး မတက်ဘူး။ ကျွန်တော့်ကို ရုပ်ရည်ကို အားကိုးပြီးတော့ပဲ ပိုက်ဆံရှာခွင့်ပေးပါ။ ရုပ်ရည်ကို အားကိုးပြီး ပိုက်ဆံရှာရတာကိုပဲ ကြိုက်တယ်။ ကျွန်တော် အိမ်မှာ အကြာကြီး လှဲပြီး နေ့တိုင်း ဆေးခါးခါးတွေကို သောက်လိုက် ၊ ကုသမှုပေါင်းစုံ ခံယူလိုက်နဲ့ နေလာခဲ့ရတာ။ ကျွန်တော် နေပြန်ကောင်းသွားတာလည်း ဘယ်လောက်မှ မကြာသေးဘူးလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြင်းထန်တဲ့ ဝေဒနာကြီးတစ်ခုကနေ သက်သာခါစပဲ ရှိသေးတာ ဆိုတော့ ပင်ပန်းတဲ့ အလုပ်တွေ လုပ်လို့ မရဘူး။ အစ်မ ကျွန်တော့်ကို အတန်းတွေ အများကြီးကို တစ်ပြိုင်တည်း တက်ခိုင်းလို့ ကျွန်တော် ပင်ပန်းပြီး ထပ်နေမကောင်းဖြစ်သွားရင် ဘယ်လို လုပ်မလဲ။ ”

“ ဟုတ်တယ် ဟုတ်တယ်။ ညီမရဲ့ ခြေထောက်ကလည်း သက်သာသွားပြီ ဆိုပေမဲ့ အရမ်း အားနည်းနေသေးတယ်။ ဆရာဝန် ပြောတာတော့ အလုပ်တွေ ဖိမလုပ်ဘဲနဲ့ အနားယူပါဦးတဲ့။ အတန်းတွေ တက်မယ့် ကိစ္စကို မေ့ထားလိုက်ကြမယ်လေ။ နော် … ”

စုယန်ယန်က သူမကို ပလိပ်ရောဂါလိုပင် ရှောင်ရှားနေတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး အနည်းငယ် မျက်ခုံးပင့်၍ ရယ်မောလိုက်သည်။ “ နင်တို့ အခုတော့ ကြောက်နေပြီလား။ ဒါပေမဲ့ အရမ်း နောက်ကျသွားပြီ။ နင်တို့ရဲ့ ရောဂါတွေကို ငါ ကုပေးခဲ့တာမို့လို့ နင်တို့ရဲ့ အခြေအနေကို ငါ အသိဆုံးပဲ။ လူငယ်တွေက သက်သာတာ မြန်တယ်။ နင် အနားယူတာလည်း ခြောက်လတောင် ကျော်နေပြီ ဆိုတော့ အခုလောက်ဆို ကျွဲတွေလောက်ကို သန်မာနေလောက်ပြီ။ ငါက နင်တို့ကို သရုပ်ဆောင်သင်တန်းလေးတွေပဲ ထပ်တက်ခိုင်းနေတာ ၊ နင်တို့ကို သေကြောင်းကြံနေတာ မဟုတ်ဘူး။ ဒီကိစ္စကို ဘာမှ လာဈေးဆစ်မနေနဲ့။ ”

သူတို့နှစ်ယောက်က ငြင်းဆန်ဖို့ ပါးစပ်ပြင်လိုက်သော်လည်း စုယန်ယန်က သူတို့ ဘာမှ မပြောနိုင်သေးခင်မှာပဲ မျက်မှောင်ကြုတ်ကာ အံကြိတ်၍ ခြိမ်းခြောက်လိုက်သည်။ “ နင်တို့ ဆက်ငြင်းနေရင် ငါ အတန်းတွေ ထပ်တိုးလိုက်မှာနော်။ ”

စုယန်ယန်က အပြောနှင့် လက်တွေ့ညီတဲ့ လူမှန်း သိတဲ့ သူတို့နှစ်ယောက်သည် လေအလျှော့ခံလိုက်ရတဲ့ ဘောလုံးတွေလို ချက်ချင်းပဲ ပျော့ခွေကျသွားပြီး စိတ်ထဲကပဲ ကျိန်ဆဲလိုက်ကြသည်။ မကောင်းတဲ့ ဘော့စ် ၊ မကောင်းဆိုးဝါး အရင်းရှင် ၊ ဝန်ထမ်းတွေကို မတရား ဆက်ဆံတဲ့ သူဌေး … ။

သူတို့နှစ်ယောက် စိတ်ဓာတ်ကျနေချိန်မှာ ယို့ယွီရှစ်က မိုးပြာရောင် ဘောလုံးလေး တစ်လုံးကို ကိုင်ပြီး စုယန်ယန်ကို မရဲတရဲ မေးလိုက်သည်။ “ ဥ … ဥက္ကဌစု ၊ ညီမ ကလေးနဲ့ ဓာတ်ပုံ တစ်ပုံလောက် ရိုက်လို့ ရမလားဟင်။ ”

စုယန်ယန်ရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်သွားသည်။ စိတ်ဆိုးနေတဲ့ နှစ်ယောက်ကို သူမ နောက်မှ ချန်ခဲ့ပြီး လက်တွန်းလှည်း တစ်ဖက်သို့ လျှောက်လာ၍ ကလေးရဲ့ လက်ဖောင်းဖောင်းအိအိလေးကို ကိုင်လိုက်သည်။ “ ရတာပေါ့။ ”

ယို့ယွီရှစ်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားပြီး ခုနတုန်းက မှုန်မှိုင်းမှုတွေ အကုန်လုံး ပျောက်ကွယ်သွားသည်။ စုယန်ယန်က ယို့ယွီရှစ်ထံ လျှောက်သွားပြီး ကိုအာလာဝက်ဝံ တစ်ကောင်က သစ်ပင်ကို ပွေ့ဖက်ထားသလိုမျိုး သူမရဲ့ ပခုံးပေါ် တရင်းတနှီး လက်တင်လိုက်သည်။

“ ညီမ ဒီဓာတ်ပုံကို အွန်လိုင်းပေါ်ရော တင်လို့ ရလား။ ”

“ ရတယ်။ ဒါပေမဲ့ သူ့မျက်နှာတော့ မပါစေနဲ့။ ”

“ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဘော့စ်။ ”

စုယန်ယန် စိတ်ပေါက်ပေါက်နှင့် ရယ်မိတော့မလို ဖြစ်သွားသည်။ ဒီအနေအထားမှာ သူမကို သူ့ရဲ့ ဘော့စ်မှန်းတော့ သိသေးသားပဲ။

နျဉ်ချီလွေ့က မိန်းကလေး နှစ်ယောက်ဟာ ကလေးနှင့် ဓာတ်ပုံရိုက်ချင်နေတယ် ဆိုတာကို ကြားသောအခါ သူလည်း အားကျမခံ ဓာတ်ပုံသွားရိုက်ခဲ့သည်။

သူတို့သုံးယောက်က စုယန်ယန်ရဲ့ ရုံးခန်းထဲမှာ တစ်နာရီလောက် နေခဲ့ပြီးမှ သူမရဲ့ အလုပ်ကို ထိခိုက်မှာ စိုး၍ ပါးနပ်စွာ ပြန်လာခဲ့ကြသည်။

ယွင်လော့ရှန်းကတော့ ရုံးခန်းထဲက ထွက်မသွားခင် စုယန်ယန်အနားကို ပဟေဋိဆန်သော အမူအရာဖြင့် ကပ်လာခဲ့သည်။ “ တကယ်တော့ ညီမရဲ့ အစ်မက ကျွန်မကို အနုပညာဆက်လုပ်ခွင့်ပေးလိုက်တာ တခြားအကြောင်းပြချက် တစ်ခုလည်း ရှိသေးတယ်။ ”

“ ဘာအကြောင်းပြချက်လဲ။ ”

“ အဲ့အကြောင်းပြချက်က ဘော့စ်ပါ။ ”

“ ငါ ….. ”

“ ဟုတ်ပါတယ်။ ညီမရဲ့ အစ်မက ပြောတယ် ၊ ဘော့စ်ရဲ့ ကုမ္ပဏီက သေးပေမဲ့ ဘော့စ်က သူ့လက်အောက်က လူတွေကို လုံးဝ အထိခိုက်မခံတဲ့ လူမျိုးပါတဲ့။ ညီမ ကောင်းကောင်း နေပြီး ဘာပြဿနာမှ မရှာဘဲ ကုမ္ပဏီအတွက် ကြိုးကြိုးစားစား ပိုက်ဆံရှာပေးရင် တစ်ယောက်ယောက်က ညီမကို အနိုင်ကျင့်ချင်ရင်တောင် ဘော့စ်က ကာကွယ်ပေးမယ် ဆိုတာ သေချာတယ်။ ကျွန်မက တုန်ချမ်းကလို့ ပြောလိုက်တာနဲ့ လူတွေက ခွေးကို မရိုက်ခင် ခွေးပိုင်ရှင်ကို ပြန်ကြည့်ရလိမ့်မယ်။ ”

864 02

စုယန်ယန်က ယွင်လော့ရှန်းကို နူးညံ့သော မျက်နှာဖြင့် ကြည့်လိုက်သည်။ “ ဒါဆို နင်က ကိုယ့်ကိုယ်ကိုယ် … ခွေးလို့ ထင်နေတာလား။ ”

ယွင်လော့ရှန်းက ဘာမှ ပြန်မ‌ပြော။

“ ဥပမာပေးတာပါ ၊ ဥပမာပေးတာ။ ”

“ ဪ။ ”

ယွင်လော့ရှန်း ဆွံ့အသွားသည်။ ဪလို့ တစ်ခွန်းတည်း ပြောပြီး ဘာမှ ဆက်မပြောတော့ဘူးလား။ ဒီတုံ့ပြန်မှုက ဟုတ်တော့ မဟုတ်သေးဘူး … ။

သူမက ကိုယ့်ကိုယ်ကိုယ် လူတစ်ယောက်လို့ မသုံးနှုန်းတဲ့အထိ ကိုယ်ကျိုးစွန့်ခဲ့တာကို တစ်ယောက်သော သူက နည်းနည်းလေးတော့ စိတ်ထဲမှာ လှုပ်ခတ်သွားသင့်တယ် မဟုတ်လား။

စုယန်ယန်က ယွင်လော့ရှန်းရဲ့ အတွေးတွေကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ခပ်တိုးတိုး ရယ်လိုက်သည်။ “ နင် စကားကောင်းကောင်း ပြောတာနဲ့ပဲ အတန်းကို ကျော်လို့ ရမယ်လို့ ထင်မနေနဲ့။ ငါ ခဏနေရင် အစ်ကိုကျွင်းရှန်ကို နင့်အတွက် အိမ်စာတွေ ပို့ပေးပြီး သေချာ စာသင်ခိုင်းတော့မှာ။ မဟုတ်ရင် … ”

“ … ” သောက်ကျိုးနည်း။ ငါ အလဟဿ အချိန်ဖြုန်းမိသွားတာပါလား။

+++++

All Chapters