အခန်း ၈၆၆
Vol. 58 Ch. 866
866 01
အခန်း ( ၈၆၆ ) အောင်မြင်မှုကပဲ လူတွေကို ကျရှုံးစေတာပါ။
နျဉ်ချီလွေ့ ထို Post ကို တင်ပြီး သိပ်မကြာခင်မှာပဲ သူ့ကို ဆန့်ကျင်မုန်းတီးသူတွေနှင့် တုန်ချမ်းရှိ အခကြေးငွေယူ၍ Post တင် ၊ ကွန်းမန့်ရေးသော အွန်လိုင်းရေတပ်တွေ လှုပ်ရှားလာခဲ့ကြသည်။
သူတို့က ကောလဟာလခေါင်းစဉ်ကို ‘ နျဉ်ချီလွေ့က တုန်ချမ်းရဲ့ဘော့စ် ဥက္ကဌစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာလား ’ ဟု လမ်းကြောင်းပြောင်းဖို့ ကြိုးစားခဲ့ကြသည်။ သူတို့နှစ်ယောက်မှာ ကိုယ်ရေးကိုယ်တာအရ ပတ်သက်နေတဲ့ ဆက်ဆံရေး ရှိလား ၊ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုကရော အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးထက် ပိုနေလား ဆိုတာကို သူတို့ သိချင်ခဲ့ကြသည်။ ဒီကလေးက စုယန်ယန် နျဉ်ချီလွေ့နှင့် ဖောက်ပြန်ပြီး ရလာတဲ့ ကလေး ဖြစ်နေနိုင်တယ် ဟူ၍ပင် သံသယဝင်ခဲ့ကြသည်။
ပြောရရင် ဒီကိစ္စမတိုင်ခင်တုန်းက စုယန်ယန်ရဲ့ ယောက်ျားဟာ ခြေထောက်တွေ ပြန်ကောင်းသွားပြီ ဆိုပေမဲ့လည်း တချို့ ကိစ္စတွေကိုတော့ ကောင်းကောင်း စွမ်းဆောင်နိုင်ဦးမှာ မဟုတ်ဘူး ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့ဖူးသည်လေ။ ဒီကလေးက စုယန်ယန် နျဉ်ချီလွေ့နှင့် အိမ်ထောင်ရေးဖောက်ပြန်ပြီး ရလာတဲ့ ကလေးလား ဆိုတာ ဘယ်သူ သိမှာလဲ … ။
သို့သော်လည်း နျဉ်ချီလွေ့ရဲ့ ပရိသတ်တွေရဲ့ အမြင်မှာတော့ ထိုကွန်းမန့်တွေက အဆိုးဝါးဆုံးပဲ ဖြစ်သည်။ သူတို့ရဲ့ အစ်ကိုက အဘက်ဘက် ပြည့်စုံထူးချွန်တဲ့ လူတစ်ယောက်လေ … ။ သူက အိမ်ထောင်သည်မှန်း သိနေတဲ့ မိန်းမတစ်ယောက်နဲ့ ဘယ်လိုလုပ် ပတ်သက်ငြိစွန်းမှာလဲ။
ပြီးတော့ ထိုကလေးကလည်း နှစ်လသား ၊ သုံးသလားအရွယ်လောက် ရှိပုံရသည်။ လွန်ခဲ့တဲ့ နှစ်လ ၊ သုံးလတုန်းက သူတို့ရဲ့ အစ်ကိုက နေမကောင်းဖြစ်ခဲ့တာမို့ ဆေးကုသမှု အကူအညီဖြင့် ပြန်ထူထောင်နေခဲ့ရတဲ့ ကာလပင်။
ဒါပေမဲ့ ထိုဆန့်ကျင်မုန်းတီးသူတွေကတော့ နျဉ်ချီလွေ့ဟာ သူ့ဘော့စ်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူ့ဘော့စ်ရဲ့ မိသားစုကို ပျက်စီးအောင် လုပ်နေတယ် ဆိုတဲ့ ကောလဟာလတွေကိုပင် ဖြန့်နေခဲ့သည်။ အဲ့ဒီ ဆန့်ကျင်မုန်းတီးသူတွေက တကယ့်ကို အကြင်နာတရားကင်းမဲ့လွန်းသည်။
ပြီးတော့ ကောလဟာလဖြန့်နေတဲ့ ခွေးကောင်တွေက မျက်စိကန်းနေကြတာလား။ နျဉ်ချီလွေ့နှင့် ကုမ္ပဏီတစ်ခုတည်းက အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းက ခပ်ဆင်ဆင် Post တစ်ခု တင်ထားတာပဲလေ။ သူတို့က နျဉ်ချီလွေ့အကြောင်းပဲ ဘာလို့ ပြောတာလဲ။ သူ့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား။
ပရိသတ်တွေရဲ့ ချေပစကားက ကျိုးကြောင်းဆီလျော်မှုရှိသည်။ သူတို့က အမှားတွေ ပြည့်နေတဲ့ ဒီကောလဟာလကို ချက်ချင်းပဲ ထုချေခဲ့ကြလေသည်။
ဆန့်ကျင်မုန်းတီးသူတွေကတော့ ဒီလို အခွင့်အရေးကောင်းကြီး သူတို့လက်ထဲက လွှတ်ထွက်သွားတာကို ထိုင်မကြည့်နေချင်ပေ။ နျဉ်ချီလွေ့နှင့် စုယန်ယန်ရဲ့ ဆက်ဆံရေးကို အလွယ်တကူ ကောလဟာလဖန်တီးလို့ မရသောအခါ ယွင်လော့ရှန်းနှင့် နျဉ်ချီလွေ့က တူညီတဲ့ Post တစ်ခုတည်းကို တင်ထားတယ် ဟူသော ခေါင်းစဉ်ကို ပြောင်းသွားခဲ့ကြသည်။ ထို့ကြောင့် သူတို့ရဲ့ ဆက်ဆံရေးက မပြတ်မသားနှင့် သံသယဖြစ်စရာကောင်းသည် ဟူ၍ ကောလဟာလတွေ စတင်ဖြန့်ဝေခဲ့ကြသည်။
နျဉ်ချီလွေ့သည် ဇာတ်လမ်း တစ်ခုလုံးကို နားလည်သွားချိန်မှာ ဆွံ့အသွားရလေသည်။
“ နေပါဦး ၊ သူတို့က အဲ့လောက်တောင် မျက်စိကန်းနေကြတာလား။ Post တင်တဲ့ အချိန်ကိုလည်း ကြည့်လိုက်ဦးလေ။ ယို့ယွီရှစ်က ဒီဓာတ်ပုံကို အရင်ဆုံး တင်ခဲ့တာ။ နောက်မှ တင်တဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အလှည့်ကျမှ ဘာလို့ ကောလဟာလထွက်ရတာလဲ။ သူကျတော့ အရင်ဆုံး Post တင်ခဲ့တာတောင် ဘာမှ မဖြစ်ဘူး။ ”
မန်နေဂျာက သူ့စကားကို ကြားတော့ ဒိန်းခနဲ မျက်ခုံးပင့်တက်သွားသည်။ “ ဘာလဲ။ မင်းက ယို့ယွီရှစ်နဲ့ရော ကောလဟာလထွက်ချင်သေးတာလား။ ”
“ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ရည်းစားရှိတယ်။ ”
“ အိုး ၊ မင်းက ငါ့နောက်ကွယ်မှာ ရည်းစားခိုးထားတာကို အရမ်း ဂုဏ်ယူနေတယ်ပေါ့လေ။ ဟုတ်လား။ ”
“ … မဟုတ်ပါဘူးဗျာ။ ”
866 02
“ ဟမ့်။ ” မန်နေဂျာက နှာခေါင်းရှုံ့လိုက်သည်။ “ မင်းနဲ့ ယွင်လော့ရှန်းက ယို့ယွီရှစ်ထက် နည်းနည်းလေး ပိုနာမည်ကြီးလို့ ဒီလိုမျိုး ကောလဟာလထွက်တာပဲ။ ”
လူထုရဲ့ မျက်လုံးအောက်ကနေ နျဉ်ချီလွေ့ ပျောက်ကွယ်နေတာ နှစ်ဝက်ကျော်ခဲ့ပြီ ဆိုပေမဲ့ သူက မပျောက်ကွယ်ခင်ကတည်းက ပွဲဦးထွက်ပြီးသားမို့ ပရိသတ်အခိုင်အမာ ရှိပြီးသား ဖြစ်သည်။ သူ့ကို ကုမ္ပဏီက ထောက်ပံ့ပေးထားတဲ့ နာမည်ကျော် ကျောင်းသားတစ်ယောက်ဟု သတ်မှတ်လို့ ရသည်။
ယွင်လော့ရှန်းကတော့ ယခင် အရည်အချင်းပြပွဲတစ်ခုမှာ နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်ခဲ့သူအဖြစ် နာမည်ကြီးတာ ဖြစ်သည်။ သူမက ကုမ္ပဏီထဲက တခြား အမျိုးသမီး အနုပညာရှင်နှစ်ယောက်နှင့် မိန်းကလေးအဖွဲ့ ဖွဲ့ကာ တစ်နှစ်တာ စာချုပ် ချုပ်ဆိုထားသည်။ သူမရဲ့ စာချုပ်ကတော့ မကြာခင်မှာ သက်တမ်းကုန်တော့မှာပါ။
ယွင်လော့ရှန်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အရည်အချင်းပြပွဲမှာ တုန်ချမ်းကို အဓိက ရင်းနှီးမြုပ်နှံသူ ဟူ၍ သတ်မှတ်နိုင်သည်။ ပြိုင်ပွဲအပြီးမှာ သူတို့က အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးခဲ့သည်။ တစ်နှစ်သက်တမ်းပဲ ရှိတဲ့ အဖွဲ့ ဖြစ်သော်လည်း တုန်ချမ်းက ထိုအဖွဲ့ကို အခွင့်အလမ်းတွေ အများကြီး ပေးအပ်ခဲ့လေသည်။
ထို့ကြောင့် တစ်နှစ်အတွင်းမှာ ယွင်လော့ရှန်းကလည်း နာမည်တစ်ခု ရလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ရက် ( ၁၀၀ ) လောက် ထိခိုက်ဒဏ်ရာရပြီး ရှိုးပွဲထဲက နှုတ်ထွက်ခဲ့ရတဲ့ ယို့ယွီရှစ်ထက် ပိုနာမည်ကြီးသည်။
နျဉ်ချီလွေ့ရဲ့ ကောလဟာလကို ဖန်တီးသူတွေက တုန်ချမ်းကို နာမည်ဖျက်ဖို့ ရည်ရွယ်ထားတာ သိသာတာမို့ ပိုနာမည်ကြီးတဲ့ နှစ်ယောက်ကိုပဲ မထူးဆန်းစွာပင် ရွေးချယ်ခဲ့သည်။
အရှင်းလင်းဆုံး ပြောရလျှင်တော့ လူတွေရဲ့ အောင်မြင်မှုကပဲ သူတို့ကို ကျရှုံးစေတာ ဖြစ်သည်။ နျဉ်ချီလွေ့နှင့် ယွင်လော့ရှန်းသာ နာမည်ကြီးတဲ့ လူတွေ မဟုတ်ရင်တော့ ဒီကိစ္စက ဘာမှ ပြဿနာ မရှိပါ။ ဘယ်သူက အရင် Post တင်တာလဲ ၊ နောက်မှ တင်တာလဲ ဆိုတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ … ။
အမှန်တရားကို နားလည်သွားတဲ့ နျဉ်ချီလွေ့ : “ … ” သူ ယွင်လော့ရှန်းကို သနားရမလား ၊ အားကျရမလား ဆိုတာတောင် မသိတော့ဘူး။
++++++