အခန်း ၈၆၇
Vol. 58 Ch. 867
867 01
အခန်း ( ၈၆၇ ) နာမည်ကြီးစေဖို့ စုပေါင်းဆောင်ရွက်ချက်။
နျဉ်ချီလွေ့ကဲ့သို့ပင် ယို့ယွီရှစ်နှင့် ယွင်လော့ရှန်းသည်လည်း အွန်လိုင်းပေါ်က အဖြစ်အပျက်တွေအပြီးမှာ သတင်းတွေကို ကြားခဲ့ရသည်။
ဆန့်ပျင်မုန်းတီးသူတွေက သူမကို ကျော်ပြီး ယွင်လော့ရှန်းနှင့် နျဉ်ချီလွေ့ကို တွဲပေးလိုက်တာကို သိလိုက်ရသော ယို့ယွီရှစ်က မကျေမနပ် ဖြစ်သွားမိသည်။
ဘာလို့လဲ။ ငါတို့ သုံးယောက်လုံး အတူတူ Post တင်တာပဲကို ဘာလို့ ငါကျတော့ မပါရတာလဲ။
သို့သော် မန်နေဂျာ ရှင်းပြသော စကားကို ယွင်လော့ရှန်းနှင့်အတူတူ နားထောင်အပြီးမှာတော့ သူတို့ နှစ်ယောက်လုံး အခြေအနေကို သေချာ နားလည်သွားကာ လေထုက ချက်ချင်းပဲ တိတ်ကျသွားခဲ့သည်။
ယွင်လော့ရှန်းက ဘာပြောလို့ ပြောရမှန်း မသိလောက်အောင်ပင် ဆွံ့အနေခဲ့ပြီး ယို့ယွီရှစ်ကလည်း တိတ်ဆိတ်နေခဲ့ပါသည်။
ငါက အခု နာမည်သိပ်မကြီးသေးတော့ရော ဘာဖြစ်လဲ။ အခုအချိန်မှာ သူတို့လောက် နာမည်မကြီးသေးတာက အမြဲတမ်း ဒီလိုပဲ ဖြစ်သွားမယ် ဆိုတဲ့ အဓိပ္ပာယ်မှ မဟုတ်တာ။ သူမရဲ့ ဇာတ်လမ်းတွဲအသစ်ကို ထုတ်လွှင့်တဲ့ အချိန်ကျမှ သူမကို အထင်သေးခဲ့တဲ့ ၊ သွေးနားထင်ရောက်နေတဲ့ ဒီလူတွေကို သေချာပေါက် မျက်နှာဖြတ်ရိုက်ပစ်ဦးမည်။
“ အစ်မယွီရှစ် … ” ယွင်လော့ရှန်းက ယို့ယွီရှစ်ကို စိတ်လှုပ်ရှားတာ တစ်ဝက် ၊ စိတ်ပူတာ တစ်ဝက်ဖြင့် ကြည့်လိုက်ပြီး ဒီကိစ္စကို သူမ ဒေါသထွက်မှာကို ကြောက်နေမိသည်။
အမှန်တကယ်လည်း ယို့ယွီရှစ် ဒေါသထွက်နေပေမဲ့ ယွင်လော့ရှန်းကို ဒေါသထွက်တာတော့ မဟုတ်ပါ။
“ နင် ငါ့ကို ဘာလို့ အဲ့လိုမျိုး လာကြည့်နေတာလဲ။ တစ်နေ့ တစ်နေ့ ပြဿနာလိုက်ရှာပြီး လူတွေ ပွက်လောရိုက်နေတာကို ကြည့်ချင်နေတဲ့ အဲ့ဒီ အွန်လိုင်းမာကတ်တင်းအကောင့်တွေက တော်တော်လေး ဒေါသထွက်စရာကောင်းပေမဲ့ ဟိုအရူး နျဉ်ချီလွေ့နဲ့ ကောလဟာလထွက်တဲ့ လူက နင် ဖြစ်နေလို့ တော်သေးတယ်။ ငါသာ ဆိုရင် သူနဲ့ ကောလဟာလအထွက်ခံရတာ စိတ်ပျက်လွန်းလို့ သေမှာပဲ။ ”
ယို့ယွီရှစ်ရဲ့ မျက်နှာပေါ်မှာ မကျေနပ်ချက် အရိပ်အယောင်တွေက သိသိသာသာ။ ယွင်လော့ရှန်းက အဲ့ဒါကို ကြည့်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။
မန်နေဂျာကလည်း သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်ချင်သွား၏။ “ နင်တို့နှစ်ယောက်က အဓိကကျတာကို နားမလည်ဘူးလား။ အခုအချိန်မှာ အရေးကြီးတာက ဒီကိစ္စကို ဒီ့ထက် ပိုလူပြောမများအောင် ဘယ်လို လုပ်ရမလဲ ဆိုတာပဲ။ ဒါပေမဲ့ နင်တို့ကတော့ … ”
ယို့ယွီရှစ်နှင့် ယွင်လော့ရှန်းက မန်နေဂျာရဲ့ စကားကြောင့် မျက်နှာလေးတွေ ရဲသွားကြသည်။ “ အဲ့လူတွေက အရမ်း အားယားနေကြတာပဲ။ ဒီတိုင်း ဓာတ်ပုံလေး နှစ်ပုံပဲကို ၊ ပြီးတော့ အဲ့ဓာတ်ပုံတွေကလည်း ကလေးလေးကို ရိုက်ထားတဲ့ ဓာတ်ပုံ။ အဲ့ဒါနဲ့တောင် သူတို့က ယောက်ျားနဲ့ မိန်းမကြားက ကောလဟာလတွေ လျှောက်ဖြန့်နေတုန်းပဲ။ ”
“ ပြီးတော့ အဲ့လူတွေက မျက်စိကန်းနေလို့ ငါ့ကို မမြင်နိုင်ဘူး ဆိုရင်တောင် ဓာတ်ပုံထဲက ချစ်စရာကောင်းတဲ့ ကလေးလေးကိုပါ မမြင်ချင်ယောင်ဆောင်ခဲ့တာကတော့ မဟုတ်သေးဘူး။ အဲ့ဒါက ဘော့စ်ရဲ့ အိမ်ရှေ့မင်းသားလေးလေ။ ကလေး ရှိတဲ့ နေရာမှာ သူ့အမေကလည်း ကလေးရဲ့ ဘေးမှာ အတူတူ ရှိနေမှာပဲ။ ဘယ်အနုပညာရှင်ကရော သူတို့နဲ့ တိတ်တိတ်ပုန်း တွဲနေတဲ့ ဘော့စ်ရှေ့မှာ ကလေးလို မြှူရင်း ကလို့လဲ။ အဲ့လူက သူတို့ကိုယ်သူတို့ မြန်မြန် မသေနိုင်ဘူးလို့ ထင်နေတာလား။ ”
“ ဓာတ်ပုံတွေကို ကြည့်ပြီး ထင်ရာမြင်ရာ ကောက်ချက်ဆွဲချတာက အဲ့လူတွေ အတော်ဆုံးပဲ မဟုတ်လား။ နာမည်ကြီးဖို့အတွက်ဆို သူတို့ မလုပ်ရဲတာ မရှိဘူး။ နင်တို့ အဲ့ Post ကို ပြိုင်တူ တင်မိတယ် ဆိုတာကို ထည့်ပြောမနေနဲ့ ၊ တကွဲတပြားစီ တင်ခဲ့ရင်တောင် အဲ့လူတွေက နင်တို့ ပြိုင်တူ တင်တာပါလို့ အရှက်မရှိ ပြောနေဦးမှာ။ ”
မန်နေဂျာက စိတ်ပျက်လက်ပျက် မျက်လုံးလှိမ့်လိုက်သည်။ “ ဓာတ်ပုံထဲက ကလေးက ငါတို့အတွက်တော့ အိမ်ရှေ့မင်းသားလေး ဆိုပေမဲ့ အဲ့လူယုတ်မာတွေအတွက်ကတော့ နျဉ်ချီလွေ့နဲ့ ယွင်လော့ရှန်း တွဲနေပါတယ်လို့ သက်သေပြပေးနိုင်မယ့် နိုင်ကွက်ပဲ။ ”
ယွင်လော့ရှန်း ဆွံ့အသွားရပါသည်။ မင်းသားလေးကို နိုင်ကွက်အဖြစ် အသုံးချတာတဲ့လား … ။ အဟမ်း ၊ သူမ ဒီလူတွေရဲ့ စိတ်ကူးဉာဏ်ကောင်းမှုကို ဩချရမလား ၊ သူတို့ရဲ့ အတင့်ရဲမှုကိုပဲ လက်ဖျားခါရမလား။
ယို့ယွီရှစ်တစ်ယောက် လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး သူမရဲ့ မျက်လုံးထဲက မနှစ်မြို့မှုတွေက ပိုတိုးလာခဲ့သည်။ “ ဒါဆို အခု ဘာလုပ်ရမှာလဲ။ ”
867 02
“ အဲ့မေးခွန်းကို မေးဖို့ အခုက အရမ်း နောက်ကျလွန်းနေပြီလို့ မထင်ဘူးလား။ ” မန်နေဂျာက ယို့ယွီရှစ်က စိတ်ပျက်လက်ပျက် အကြည့်တစ်ချက် ပို့လွှတ်ပြီး သက်ပြင်းချလိုက်သည်။ “ လူထုဆက်ဆံရေးငှာနက သင့်တော်တဲ့ ဖြေရှင်းနည်းကို ရှာပြီးသွားပြီ။ ”
ယွင်လော့ရှန်းနှင့် ယို့ယွီရှစ်သည် စူးစမ်အကြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြ၏။ “ ဘယ်လို ဖြေရှင်းနည်းလဲ။ ”
လူထုဆက်ဆံရေးငှာနက စဉ်းစားထားတဲ့ ဖြေရှင်းနည်း ဆိုတာထက် မင်းသားလေးကို အရမ်း ကြည့်ချင်နေတဲ့ ကုမ္ပဏီထဲက အနုပညာရှင် တချို့ အကြံပေးထားတဲ့ ဖြေရှင်းနည်း ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ ထိုဖြေရှင်းနည်းကတော့ ဒီအခြေအနေကို ကုမ္ပဏီအတွက် လူသိများအောင် တစ်ဖက်တစ်လမ်းက ကြေညာပေးတဲ့ ဆောင်ရွက်ချက်တစ်ခုအဖြစ် ပြောင်းလဲဖို့ပါပဲ။
အဲ့ဒီ အတုအယောင် သုံးသပ်ချက်ပေးသူတွေက ယို့ယွီရှစ်ကိုတော့ မျက်စိထဲ မမြင်ကြဘူး မဟုတ်လား။ ဒါဆို နျဉ်ချီလွေ့နှင့် တန်းတူ နာမည်ကြီးသော ၊ ဒါမှမဟုတ် သူ့ထက်တောင် ပိုနာမည်ကြီးသော လူတချို့ကို စုယန်ယန်ရဲ့ ရုံးခန်းထဲကို သွားပြီး ကလေးနှင့်အတူ ဓာတ်ပုံရိုက်ခိုင်းမည်။
သူ့ဘာသာသူ အလိုအလျောက် ရောက်လာတဲ့ နာမည်ကြီးမှုကို လက်မခံတာ နှမြောစရာကောင်းလိမ့်မည်။ ဒီလို အခြေအနေထိ ဖြစ်လာပြီ ဆိုမှတော့ ကုမ္ပဏီအတွက် စုပေါင်းနာမည်ကြီးအောင် လုပ်ဖို့ ရေကန်အသင့်ကြာအသင့်ပဲ ဖြစ်လေသည်။
++++++