← Chapters

အခန်း ၈၆၈

Vol. 58 Ch. 868

အခန်း ၈၆၈

Vol. 58 Ch. 868

868 01

အခန်း ( ၈၆၈ ) ကောင်းကင်ဘုံသခင်ဟုန်ဟွေ့။

တစ်မနက်လုံး စုယန်ယန်ရဲ့ ရုံးခန်းထဲကို အနည်းဆုံး လူ ( ၂၀ ) လောက် ဝင်လိုက် ၊ ထွက်လိုက် လုပ်နေခဲ့ပြီး ရုံးခန်းတံခါးသည် တစ်စစီ ပြိုကွဲထွက်သွားတော့မလားတောင် ထင်ရသည်။

လော့ဝေပင်းနှင့် ရွှယ်ခိုင်ဝေလို နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေကနေ ကျန်းချူယင်းနှင့် ဟွမ်းကျစ်တုံးလို မျက်နှာသစ်သရုပ်ဆောင်လေးတွေအထိ ရောက်လာခဲ့ပြီး မူလတုန်းက တောက်ပနေသော ရုံးခန်းသည် ရှုပ်ယှက်ခတ်သွားခဲ့လေသည်။

စုယန်ယန်က သူမရဲ့ ကလေးကို တဖိတ်ဖိတ်လက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသူများကို ကြည့်လိုက်၏။ သူမရဲ့ ကလေးဟာ သွားရည်တမြားမြားကျနေတဲ့ မကောင်းဆိုးဝါးတွေ ၊ တစ္ဆေသရဲတွေဆီမှာ ဝန်းရံခံထားရတဲ့ စဉ့်တီတုံးပေါ်က အသားတုံးတစ်တုံးနှင့်ပင် တူနေခဲ့သည်။ ဒီမြင်ကွင်းက တကယ့်ကို … ပုံမှန်မဟုတ်ဘူးပဲ။

ကံကောင်းစွာဖြင့် ကုမ္ပဏီထဲမှာ အမှန်တကယ် နာမည်ကြီးတဲ့ အနုပညာရှင်တွေ သိပ်မရှိလေရာ ဒီနာမည်ကြီးမှုရဲ့ အကျိုးအမြတ်တွေကို ခပ်ရေးရေး မြင်နိုင်တဲ့ အနုပညာရှင် တချို့က လူအာရုံစိုက်ခံရစေရန် ဒီအခွင့်အရေးကို အသုံးချချင်ခဲ့ကြ၏။

ကံမကောင်းတာကတော့ သူတို့ ဘာမှ ရှေ့မဆက်နိုင်သေးခင်မှာပဲ ရပ်တန့်ခံလိုက်ရတာ ဖြစ်သည်။

အကြောင်းပြချက်ကတော့ ‘ နင်တို့တွေ ဒီကို လာတော့ရော ဘာအသုံးဝင်မှာလဲ။ တစ်ယောက်ယောက်က Post တင်ရင်တောင် အဲ့ဒီ မားကတ်တင်းအကောင့်တွေက ဘာကိုမဆို မမြင်ချင်ယောင်ဆောင်နေမယ် ဆိုတာ နင်တို့ နားမလည်ဘူးလား။ နင်တို့က သူ့လောက်တောင် နာမည်ကြီးတာ မဟုတ်ဘူး ၊ ရှေ့ဆက်တိုးလည်း ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိသလိုပဲ ဖြစ်လိမ့်မယ်။ တော်လိုက်တော့။ ’ ဆိုတာပဲ ဖြစ်သည်။

ထိုကြေညာချက်က အနုပညာရှင်များစွာအား ယို့ယွီရှစ်အပေါ် မကျေမနပ် ဖြစ်သွားစေခဲ့သည်။ သူမရဲ့ ကံကောင်းမှုအတွက်တော့ မဟုတ်ဘဲ သူမရဲ့ ညံ့ဖျင်းမှုအတွက် ဖြစ်လေသည်။

တကယ်လို့သာ သူမက နာမည်ကျော်ကြားမှု နည်းနည်းပါးပါး ရဖို့ အရည်အချင်းရှိပြီး အဲ့ဒီ သွေးနား‌ထင်ရောက်နေတဲ့ မားကတ်တင်းအကောင့်တွေကို သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနှင့် ပတ်သက်တဲ့ ကောလဟာလလေးတွေ ဖန်တီးစေနိုင်ရင် အလွှာအသီးသီးက အနုပညာရှင်တွေဟာ သူတို့လည်း လူထုစိတ်ဝင်စားမှု ရယူနိုင်ကြောင်း သက်သေပြနိုင်မှာပင်။ အဲ့ဒါဆို သူတို့လည်း ထပ်တူထပ်မျှ နာမည်ကြီးနိုင်ပါလိမ့်မည်။ ဟူး …

ယို့ယွီရှစ်သည် ထိုအကြောင်းကို သိလိုက်ရသောအခါ သူမဘာသာ ဒီတိုင်း နေ,နေတာတောင်မှ အသားလွတ်ကြီး ထိခိုက်သွားသလို ခံစားလိုက်ရသည်။ “ … ” ငါ နင်တို့ကို အခွင့်အရေးပေးပြီးပြီပဲ။ အခွင့်အရေးပေးထားရက်နဲ့တောင် အသုံးမကျတဲ့ နင်တို့က ငါ့ကို တစ်ပြန်ကြီး အသုံးမကျဘူးလို့ လာအပြစ်မတင်နဲ့လေ။ ငါ ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်။

ဒီဓာတ်ပုံကိစ္စကြောင့်ပဲ ကုမ္ပဏီရဲ့ နောက်ထပ် အားကိုးရာထောက်တိုင် တစ်ခု ဖြစ်တဲ့ ကောင်းကင်ဘုံသခင်ဟုန်ဟွေ့ကို စုယန်ယန် ပထမဆုံးအကြိမ် တွေ့လိုက်ရတယ် ဆိုတာကိုတော့ ထည့်ပြောရမည်။

ဂီတလောကထဲမှာ လွန်ခဲ့တဲ့ လေး ၊ ငါးနှစ်လောက်ကတည်းက ထိပ်ဆုံးရောက်နေတဲ့ ထိုနာမည်ကြီးငွေကြယ်ပွင့်ဟာ အခုမှ အသက်သုံးဆယ်စွန်းစွန်းသာ ရှိသေးရဲ့။ ရုပ်ရည်ပိုင်းဆိုင်ရာအရလည်း အလွန် ကြည့်ကောင်းပြီး လူရှိန်လောက်စရာ အေးစက်သော အရှိန်အဝါတွေကို ပိုင်ဆိုင်ထားသည်။

သူ ပွဲဦးထွက်ထားတာ ( ၇ ) နှစ် ၊ ( ၈ ) နှစ်လောက်ပဲ ရှိသေးပေမဲ့ လျင်လျင်မြန်မြန်ပဲ စီနီယာ တော်တော်များများကို ကျော်တက်ပြီး ထိပ်တန်းငွေကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့သည်။ ဆန့်ကျင်မုန်းတီးသူတွေတောင် ပြစ်ချက်ရှာလို့ မရလောက်အောင် ချောမောလွန်းတဲ့ မျက်နှာအပြင် လက်ဖျား‌ခါလောက်တဲ့ အသံစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ဒီနေ့အချိန်ထိ ဂီတလောကမှာ သူ့အသံ Range ကို ယှဉ်နိုင်တဲ့ အဆိုတော် မရှိ။

စုယန်ယန်က ထိုလူရဲ့ အချက်အလက်တွေကို သိထားပြီးသားမို့ ပေါင်းသင်းရ မလွယ်ကူတဲ့ အေးတိအေးစက် လူတစ်ယောက် ဖြစ်မည် ဟူ၍သာ ထင်ထားခဲ့သည်။ သို့သော်လည်း ထိုလူနှင့် တကယ့်တကယ် ဆက်ဆံကြည့်တော့မှ အေးစက်တဲ့ အသွင်အပြင်အောက်မှာ အေးစက်တဲ့ စိတ်နှလုံး ပုန်းကွယ်မနေနိုင်ဘူး ဆိုတာ သိလိုက်ရလေသည်။ အပေါ်ယံ အေးစက်ခြင်းရဲ့ နောက်ကွယ်မှာ စိတ်နှလုံးရိုးဖြောင့်သူတစ်ယောက်လည်း ရှိနေနိုင်ပါသေးသည်။

ဟုန်ဟွေ့ အပေါ်ထပ်ကို တက်လာချိန်မှာ စုယန်ယန်က သူမရဲ့ ကလေးထံ လာလည်တဲ့ လူတွေကို ပြန်လွှတ်ပြီးရုံသာ ရှိသေးသည်။ သူမက ကောင်ကလေးကို နှာခေါင်းလေးကို လက်ညိုးထိုးပြီး မကျေမနပ် ပြောလိုက်မိသည်။ “ နှာဘူးလေး ၊ မင်းက မိန်းကလေးတွေကိုပဲ ပြုံးပြပြီး ယောက်ျားလေးတွေကိုကျ လျစ်လျူရှုထားတယ်။ မင်း အရွယ်ရောက်လာရင် သေချာပေါက် လူရှုပ်လူပွေလေး ဖြစ်လာမှာပဲ။ ”

“ အဟစ် … ” ကြယ်လေးက သူ့အမေဟာ သူ့ကို လာချော့မြှူနေသည်ဟု ထင်သွားပြီး ခြေထောက်လေးတွေကို ကန်ကျောက်၍ တခစ်ခစ် ရယ်မောခဲ့သည်။

ထိုအချိန်မှာပဲ ဟုန်ဟွေ့က စုယန်ယန်ရဲ့ ရုံးခန်းထဲကို ရောက်လာခဲ့တာပင်။ ကလေးရယ်သံလေးကို ကြားတော့ မရေမတွက်နိုင်တဲ့ မိန်ကလေးတွေရဲ့ အိပ်မက်ထဲက ချစ်သူအဖြစ် ဂုဏ်သတင်းကြီးတဲ့ ထိုအေးစက်စက်အမျိုးသားရဲ့ မျက်လုံးတွေက အရောင်တောက်သွားပြီး ခြေလှမ်းရပ်သွားခဲ့သည်။

868 02

စုယန်ယန်က ရုံးခန်းတံခါးဖွင့်သံကို ကြားရ၍ မော့ကြည့်လိုက်တော့ တံခါးဝမှာ ရပ်နေသူကို မြင်လိုက်ရသည်။ ထို့နောက် သူမရဲ့ ပါးစပ်က “ ဟုန်ဟွေ့လား။ ” ဆိုတဲ့ တွန့်ဆုတ်ဆုတ် အသံလေး ထွက်ကျလာခဲ့သည်။

သူ့ကို အပြင်မှာ တစ်ခါမှ လူကိုယ်တိုင် မမြင်ဖူးပေမဲ့ ဓာတ်ပုံထဲမှာတော့ မြင်ဖူးသည်လေ။

“ ဟုတ်ကဲ့။ ”

“ ရှင် ဒီကို … ကိစ္စ တစ်ခုခု ရှိလို့ လာတာလား။ ”

“ ကျွန်တော် ကလေးကို လာကြည့်တာပါ။ ”

စုယန်ယန်က ဘာကိုမှ သံသယမဖြစ်မိပါ။ သူ့မန်နေဂျာက အွန်လိုင်းပေါ်မှာ ဖြစ်နေတဲ့ အကြောင်းတွေကို သတင်းကြားထားလို့ သူ့ကို လာပြီး ကူညီပေးရန် တောင်းဆိုထားတာ ဖြစ်လိမ့်မည် ဟူ၍သာ တွေးလိုက်သည်။

“ ကလေးက ဒီမှာ ရှိတယ်။ လော့ဝေပင်းနဲ့ ကျန်တဲ့ လူတွေက ခုနတုန်းက သူနဲ့ ခဏ ဆော့သွားတော့ သူ အခု အိပ်ချင်နေလောက်ပြီ ထင်တယ်။ ရှင်သာ နည်းနည်းလေး နောက်ကျရင် ကလေးအိပ်ပျော်သွားလောက်ပြီ။ ”

+++++

All Chapters