← Chapters

အခန်း ၈၆၉

Vol. 58 Ch. 869

အခန်း ၈၆၉

Vol. 58 Ch. 869

869 01

အခန်း ( ၈၆၉ ) ကျွန်တော် သူ့ကို အိမ်ကို ခေါ်သွားလို့ ရလား။

ဟုန်ဟွေ့က ခေါင်းတစ်ချက် ညိတ်ပြီး ကလေးလက်တွန်းလှည်းတစ်ဖက်ကို လျှောက်သွားလိုက်ကာ အထဲက နူးညံ့တဲ့ ကလေးလေးကို ကြည့်ပြီး အေးစက်နေတဲ့ မျက်လုံးတွေ တဖြည်းဖြည်း နူးညံ့သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်တော့ စုယန်ယန်ရဲ့ မျက်လုံးထဲမှာ အံ့ဩမှုတွေ ယှက်သန်းသွားသည်။ သူမ ဘာမှ မပြောနိုင်သေးခင်မှာပဲ နှစ်ခြိုက်စွာ ရယ်မောလိုက်တဲ့ တခစ်ခစ် ရယ်သံလေးကို ကြားလိုက်ရလေသည်။

အခန်းထဲက လူကြီးနှစ်ယောက်လုံး ဆွံ့အသွား၏။ စုယန်ယန်က သားဖြစ်သူကို ချက်ချင်း သွားကြည့်လိုက်တော့ သူ ဟုန်ဟွေ့ကို အမှန်တကယ် ပြုံးပြနေတာ ဖြစ်ကြောင်း သေချာသွားကာ အလွန် အံ့အားသင့်သွားခဲ့သည်။

“ သားက တကယ်ကြီး ပြုံးနေတာပဲ။ သေချာ ကြည့်ပါဦး သားရဲ့ ၊ ဒါက ယောက်ျားလေးလေ … မိန်းကလေး မဟုတ်ဘူး။ ”

ကြယ်လေးကတော့ သူမရဲ့ စကားကို မကြားပုံဖြင့် ပိုလို့တောင် နှစ်ခြိုက်ရွှင်ပျစွာ ပြုံးနေခဲ့သည်။

စုယန်ယန်က သူ့ကို တစ်လှည့် ၊ လက်တွန်းလှည်းဘေးမှာ ရပ်နေတဲ့ ဟုန်ဟွေ့ကို တစ်လှည့် ကြည့်ရင်း နောက်ဆုံးတော့ သူမရဲ့ ကလေးက သူ့ကို တကယ်ပဲ ပြုံးပြနေတယ် ဆိုတာကို အတည်ပြုနိုင်သွားသည်။ ထူးဆန်းလိုက်တာ … ။

“ ကြယ်လေးက ရှင့်ကို သဘောကျတဲ့ ပုံပဲ။ ဒီနေ့ ရုံးခန်းထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်လိုက် ၊ ထွက်လိုက် လုပ်နေကြတာ။ ဒါပေမဲ့ သူကတော့ မိန်းကလေးတွေကိုပဲ ပြုံးပြပြီး ယောက်ျားလေးတွေကို ပြုံးမပြဘူး။ သူ့ကို ယောက်ျားလေး တစ်ယောက်က ဘယ်လောက်ပဲ ချော့မြှူနေပါစေ ၊ လုံးဝ မပြုံးဘူး။ ”

သူ့ကို လော့ဝေပင်း ပွေ့ချီလိုက်တဲ့ အချိန်မှာတောင် ပြုံးခဲ့တာ မဟုတ်ပါ။ လက်ကလေးကို ဆန့်တန်းထုတ်၍ သူ့မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်ထိကိုင်ကြည့်ရုံလောက်သာ ရှိခဲ့သည်။ ဟုန်ဟွေ့က သူလေးအတွက် ခြွင်းချက် ဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။

စုယန်ယန်သည် ထိုအတွေးကြောင့် ဟုန်ဟွေ့ရဲ့ မျက်နှာကို ခပ်ကြာကြာလေး စိုက်ကြည့်နေမိ၏။ သူမရဲ့ သား ဒီလူကို ဘာ့ကြောင့် သဘောကျသွားတာလဲ ဆိုတာ နားမလည်ပါ။

အကဲဆတ်တဲ့ လူသာ ဆိုပါက ကောင်ကလေးဟာ သူ့ကို ယောက်ျားလေးမှန်း မသိဘဲ မိန်းကလေးလို့ ထင်နေတာလို့ ထင်သွားလောက်သည်။

ဟုန်ဟွေ့ကတော့ အဲ့ဒီလို လူမျိုး မဟုတ်သောကြောင့် စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ မျက်လုံးတွေ အရောင်တောက်သွားကာ “ ကျွန်တော် သူ့ကို ချီကြည့်လို့ ရမလား။ ” ဟု လေးလေးနက်နက် မေးလာခဲ့သည်။

ကောင်ကလေးက ဒီနေ့ သုံး ၊ လေးခါလောက် အချီခံထားရတာမို့ စုယန်ယန် သူ့ကို ဘယ်သူ့ကိုမှ ထပ်မထိစေချင်တော့ပေ။ သို့သော်လည်း ကောင်ကလေးက ဟုန်ဟွေ့ကို တော်တော်လေး သဘောကျနေတာ သိသိသာသာပဲ ဖြစ်သည်။

စုယန်ယန်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ “ ရတယ်လေ။ ” ဟု သဘောတူလိုက်ရသည်။

ဒါပေမဲ့ တစ်ယောက်သော သူရဲ့ နောက်ဆက်တွဲ တောင်းဆိုမှုတွေက စတင် ထူးဆန်းလာခဲ့သည်။

“ ကျွန်တော် သူ့ကို ကိုင်ကြည့်လို့ ရလား။ ”

“ … အဲ့လိုလည်း ရပါတယ်။ ” သူ့ကို ချီလိုက်ရင် ကိုင်ကြည့်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

“ ဒါဆို သူ့ကို နမ်းလို့ရော ရမလား။ ”

“ အဲ့ဒါကတော့ သိပ်အဆင်မပြေဘူး ထင်တယ်။ ”

“ ဒါဆို သူ့ကို အိမ်ကို ခေါ်သွားလို့ရော ရလား။ ”

စုယန်ယန် : “ … ”

“ ဒါတော့ ဘယ်ရမလဲ။ ”

“ ဪ။ ”

စုယန်ယန် : “ … ” ရှင် အဲ့ဒီလို တွန့်ဆုတ်ပြီး သနားစရာကောင်းတဲ့ ပုံစံလေးနဲ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ အကြောင်းမသိတဲ့ လူတွေ ဆိုရင် ကျွန်မရဲ့ ကလေးကို ရှင်တို့မိသားစုက ကလေးလို့ ထင်သွားလောက်တယ်။ အရှက်မရှိတဲ့ လူထူးဆန်း ဦးလေးကြီး ... ကျွန်မကလေးနဲ့ ဝေးဝေး နေပါ … ။

စုယန်ယန်ရဲ့ ခေါင်းထဲမှာ အဆင့် ( ၁၀ ) အချက်ပေးခေါင်းလောင်းသံတွေ ညံသွားပြီး ဒီကလေးသူခိုးကို ရုံးခန်းထဲက မောင်းထုတ်ဖို့ အဆင်သင့်ပြင်နေတုန်းမှာပဲ လူရိပ်တစ်ခုက ရုံးခန်းထဲကို ပြေးဝင်လာခဲ့သည်။ ထိုလူက ဟုန်ဟွေ့ကို မြင်တော့ စိတ်လည်း ပျက် ၊ ဒေါသလည်း ထွက်သွားပုံရသည်။

869 02

“ မင်း ဒီကို တကယ် ရောက်နေတာပဲ။ ”

သူက ဟုန်ဟွေ့ရဲ့ ရင်ခွင်ထဲက ကလေးကို မြင်တော့ ဝိညာဉ်လွင့်သွားသလိုပင် အထိတ်တလန့် ဖြစ်သွား၏။ “ မင်း ဘာလို့ ကလေးကို ချီထားတာလဲ။ မြန်မြန် ပြန်ချထားလိုက်စမ်းပါ။ ”

စုယန်ယန်က ထိုလူ့ရဲ့ စကားကို ကြားတော့ စိုးရိမ်မှုတွေ ပိုလို့တောင် တိုးလာခဲ့သည်။ ဒီလူ့မှာ တကယ်ပဲ ကလေးခိုးဖို့ ရည်ရွယ်ချက်ရှိနေတာလား။

သူမသည် ဟုန်ဟွေ့ရဲ့ ရင်ခွင်ထဲက ကလေးကို ပြန်လုယူဖို့ ဟန်ပြင်နေဆဲမှာပဲ သူ့မန်နေဂျာရဲ့ အံ့ဩစွာ အော်ပြောသံကို ထပ်ကြားလိုက်ရသည်။“ အယ်။ မင်းသားလေးက မငိုဘူးပဲ။ ”

ထိုအော်သံက မျက်လုံးလေးတွေ စင်းပြီး အိပ်ပျော်ခါနီး ဖြစ်နေတဲ့ ကလေးကို လန့်သွားစေပြီး မျက်လုံးတွေကို ဖျတ်ခနဲ ပွင့်လာစေခဲ့သည်။

ဟုန်ဟွေ့ရဲ့ မျက်နှာအမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားပြီး ကလေးကို ချက်ချင်းပဲ မချော့တတ် ချော့တတ်ဖြင့် ချော့မြှူရင်း မန်နေဂျာဆီကို ဒေါသအကြည့်တစ်ချက် ပျံဝဲသွားခဲ့သည်။

စုယန်ယန်ကတော့ မန်နေဂျာရဲ့ စကားကြောင့် နည်းနည်းလေး မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ “ ကျွန်မရဲ့ ကလေးက ခါတိုင်းလည်း အငိုမသန်ပါဘူး။ အဲ့ဒါက ရှင့်အတွက် ဘာပြဿနာရှိနေလို့လဲ။ ”

ဟုန်ဟွေ့ရဲ့ မန်နေဂျာ : “ ??? ” ဘာတွေ ဖြစ်ကုန်တာလဲ။ ငါက အပြစ်ကင်းတဲ့ ကလေးလေးကို ဒီမျက်နှာပေါက်ဆိုးတဲ့ နတ်ဘုရားရဲ့ လက်ထဲက ကယ်တင်ပေးဖို့ ရောက်လာတာလေ။ ဘယ်လိုလုပ် ငါက မကောင်းတဲ့ လူ ဖြစ်သွားရတာလဲ။ ဒီဇာတ်ကွက် အလှည့်အပြောင်းက … မဟုတ်သေးဘူးလေ။

++++++

All Chapters