အခန်း ၈၇၀
Vol. 58 Ch. 870
870 01
အခန်း ( ၈၇၀ ) အံ့အားသင့်ဖွယ် ဖြစ်ရပ်။
မန်နေဂျာသည် စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ နောက်ဆုံးမှာ အခြေအနေကို နားလည်သွားကာ အိုးတိုးအမ်းတမ်း ပြောလိုက်၏။ “ တွေ့ရတာ ဝမ်းသာပါတယ် ဥက္ကဌစု။ ကျွန်တော်က ဟုန်ဟွေ့ရဲ့ မန်နေဂျာ ရှုယန်ဝေပါ။ ”
စုယန်ယန် အံ့ဩသွားသည်။ “ ယန် … ဝေ … ဟုတ်လား။ ”
ရှုယန်ဝေရဲ့ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းသွားပြီးမှ အတတ်နိုင်ဆုံး ရှင်းပြဖို့ ကြိုးစားလိုက်သည်။ “ ယန်ရှု ဆိုတဲ့ စကားလုံးက ယန်နဲ့ ကြီးမြတ်တဲ့ ဝေ ဆိုတဲ့ ဝေပါ။ ကျွန်တော့်အဖေရဲ့ မျိုးရိုးနာမည်က ရှု ၊ ကျွန်တော့်အမေရဲ့ မျိုးရိုးနာမည်က ဝေပါ။ သူတို့က ကျွန်တော့်ကို အနာဂတ်မှာ လူကောင်းတစ်ယောက် ဖြစ်စေဖို့ မျှော်လင့်ချက်နဲ့ ဒီနာမည် ပေးခဲ့တာပါ။ ”
“ အိုး။ ” စုယန်ယန်က သူ့ကို ကရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ ရှင် ဒီနှစ်တွေ တစ်လျှောက်လုံး အလုပ်ကြိုးစားလာခဲ့တာပဲ။ ”
ထိုစကားကို ကြားသောအခါ ရှုယန်ဝေတစ်ယောက် ချက်ချင်းပဲ ငိုချမိတော့မလို ဖြစ်သွားသည်။ ဒီနာမည်ကြောင့် ဒီနှစ်ပိုင်းတွေ တစ်လျှောက်လုံးမှာ အရာရာတိုင်းကို သူ တာဝန်ယူခဲ့ရတာ ဖြစ်သည်။
“ ဒါနဲ့ ရှင်နဲ့ ဟုန်ဟွေ့နဲ့ ရန်ဖြစ်ထားတာလား။ ”
“ အဟမ်း။ မဟုတ်ပါဘူး။ သူ ဒီကို လာပြီး ကလေးကို ငိုအောင် လုပ်မှာ စိုးရိမ်လို့ ကျွန်တော် လာခဲ့တာပါ။ ”
စုယန်ယန် အနည်းငယ် အံ့အားသင့်သွားရပါသည်။ “ ကလေးကို ငိုအောင် လုပ်မယ် … ဟုတ်လား။ ”
ရှုယန်ဝေက ကလေးကို အခုထိ လွှတ်မပေးဘဲ ပွေ့ချီထားဆဲ ဖြစ်တဲ့ ဟုန်ဟွေ့ကို လှမ်းကြည့်ကာ ခပ်အမ်းအမ်း ပြောလိုက်သည်။ “ ဒီလိုပါ။ ဟုန်ဟွေ့က အရပ်ရှည်ရှည်နဲ့ သန်သန်မာမာ တောင့်တောင့်တင်းတင်း ဆိုပေမဲ့ တကယ်တော့ သူက … ကလေးတွေကို အရမ်း ချစ်တာပါ။ ”
ဒါပေမဲ့ ကလေးတွေကတော့ သူ့ကို သဘောမကျကြပါ။ အခုမှ လူ့လောကထဲကို ရောက်လာတဲ့ မွေးကင်းစလေးတွေက ဘုရင်တစ်ပါးရဲ့ အေးစက်ပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ဘယ်လိုလုပ် နားလည်နေရတာပါလိမ့်။ လူတစ်ယောက်က ချောတယ် ၊ မချောဘူး ဆိုတာကိုရော သူတို့ ဘယ်လိုလုပ်ပြီး ခွဲခြားနိုင်နေတာလဲ။
ကလေးတွေက ဟုန်ဟွေ့မျက်နှာကို မြင်သည်နှင့် တဝါးဝါး အော်ငိုတတ်ကြသည်။ သူ့ကို ပွေ့ချီခွင့်ပေးဖို့ နေနေသာသာ ၊ မျက်လုံးပင် မဖွင့်ရဲကြ။ သူဟာ ကလေးတွေကို ညအခါမှာ အငိုတိတ်အောင် လုပ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုနှင့် တူသည်။
“ ကုမ္ပဏီထဲက အနုပညာရှင် တချို့အကြောင်းကိုလည်း ကျွန်တော် သတင်းကြားထားတယ်။ လူထုဆက်ဆံရေးငှာနကလည်း ကျွန်တော့်ကို ဖုန်းဆက်ပြီး ဟုန်ဟွေ့ရော ကလေးကို သွားကြည့်ချင်လားလို့ မေးခိုင်းတယ်။ ” ထိုစကားကို ပြောနေချိန်မှာ ဟုန်ဟွေ့ရဲ့ မျက်နှာက ရှုံ့မဲ့နေခဲ့သည်။ “ ဟုန်ဟွေ့ကတော့ သေချာပေါက် ကြည့်ချင်တာပေါ့။ ဒါပေမဲ့ မင်းသားလေးရှေ့မှာ သူ့မျက်နှာကို ပြလိုက်ရင် … ” မင်းသားလေး ချက်ချင်း အော်ငိုရင် ဘယ့်နှယ့် လုပ်မလဲ။
စုယန်ယန်က ကျိုးကြောင်းဆီလျော်မှုရှိတဲ့ လူတစ်ယောက်မို့ ဒီကိစ္စအတွက် ဟုန်ဟွေ့ကို အပြစ်မတင်ရင်တောင် သူတို့ကလေးကို ငိုအောင် လုပ်တဲ့ လူအား အမြင်ကြည်မှာတော့ မဟုတ်ပါ။ အခြေအနေတွေ အဲ့လို တကယ် ဖြစ်လာရင် ဘယ်သူ့အတွက်မှ ကောင်းမည် မဟုတ်။ ပြဿနာကင်းဝေးစေရန်အတွက် အစကတည်းက ဒီကို မလာဘဲ နေတာက ပိုကောင်းသည်။
သို့သော်လည်း အပေါ်ထပ် တက်သွားတဲ့ ဟုန်ဟွေ့ကို အကူတစ်ယောက်နှင့်အတူ လိုက်တားရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟုန်ဟွေ့က အပေါ်ထပ်ကို တက်သွားခဲ့သဖြင့် ရှုယန်ဝေလည်း သူ့နောက်ကို ချက်ချင်း အမြန် လိုက်လာခဲ့ရသည်။ မျှော်လင့်မထားစွာဖြင့် သူ စိုးရိမ်ထားသလို ဖြစ်မလာဘဲ ထိုအစား မင်းသားလေးက ဟုန်ဟွေ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး နေပြီး ဝါးသမ်းနေခဲ့လေသည်။ ဒီမြင်ကွင်းက နည်းနည်းလေးတော့ … စိတ်နှလုံးနွေးထွေးစရာကောင်းတယ် မဟုတ်လား။
အကျိုးနည်း။
စုယန်ယန်သည် ရှုယန်ဝေရဲ့ ဖြေရှင်းစကားကို ကြားတော့မှ ဟုန်ဟွေ့က ကလေးချစ်တတ်တဲ့ လူတစ်ယောက်သာ ဖြစ်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိမှန်း နားလည်သွားကာ စိတ်သက်သာရာရသွားခဲ့သည်။
870 02
“ ကလေးက သူ့ကို သဘောကျနေတာပါ။ သူကလည်း ကလေးကို ကြောက်အောင် မလုပ်ဘူးလေ။ အဲ့ဒါနဲ့ ကလေးက ပြုံးပြနေတာ။ ”
ရှုယန်ဝေက စုယန်ယန်ရဲ့ စကားကြောင့် အနည်းငယ် အံ့ဩသွားကာ မင်းသားလေးကတော့ တကယ့်ကို တစ်မိုးအောက်တစ်ယောက် မင်းသားလေးပါပဲဟု စိတ်ထဲက တွေးလိုက်မိသည်။ သူက တခြား သာမန်ကလေးတွေထက် ပိုသတ္ဆိရှိပြီး ဒီလို မျက်နှာပေါက်ဆိုးတဲ့ နတ်ဘုရားကိုတောင် လုံးဝ မကြောက်ရွံ့ပေ။
ဇာတ်လမ်း အစအဆုံးကို နားလည်သွားတဲ့ စုယန်ယန်က ဟုန်ဟွေ့ရဲ့ ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်း အိပ်မောကျနေတဲ့ ကလေးလေးကို နူးညံ့သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
အလွန် လေးနက်တည်ကြည်ပြီး အေးစက်ပုံပေါ်ကာ မိန်းကလေးငယ်လေးတွေရဲ့ အသည်းနှလုံးတွေကို သိမ်းယူနိုင်တဲ့ ယောက်ျားရင့်မာကြီးတစ်ယောက်မှာ ကလေးထိန်းလုပ်နိုင်မယ့် အလားအလာရှိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပါ။
“ ကလေးလည်း အိပ်ပျော်သွားပြီ ဆိုတော့ ကျွန်မကို ပြန်ပေးပါ။ ”
စုယန်ယန်က ပြောရင်း ဟုန်ဟွေ့ထံ လက်ကမ်းပေးကာ ကလေးကို ပြန်တောင်းလိုက်ပေမဲ့ ဟုန်ဟွေ့ကတော့ တစ်ချက်လေးတောင် နေရာမရွေ့ဘဲ ကလေးကို တစ်လှည့် ၊ စုယန်ယန်ကို တစ်လှည့် ကြည့်နေသည်။
“ သူက ကျွန်တော့်ကို သဘောကျနေတာ။ ” ဟုန်ဟွေ့က ကလေးကို ပွေ့ချီထားလျက်ပင် သာမန်လူမျက်စိနှင့် မမြင်နိုင်လောက်သော အရှိန်နှုန်းဖြင့် စုယန်ယန်ဆီသို့ တွန့်ဆုတ်စွာ လျှောက်လှမ်းလာရင်း လက်လျှော့ဖို့ ငြင်းဆန်လိုက်သည်။ “ ကျွန်တော် သူ့ကို အိမ်ကို ခေါ်သွားလို့ မရဘူးလား။ ”
++++++