← Chapters

အခန်း ၈၇၁

Vol. 59 Ch. 871

အခန်း ၈၇၁

Vol. 59 Ch. 871

အခန်း ( ၈၇၁ ) ရှင့်ဘာသာ ကလေးမွေးပါလား။

စုယန်ယန်ရဲ့ နဖူးပေါ်မှာ သွေးကြောတွေ ဖောင်းထွက်လာကာ သူမ ဘာကိုမှ တွေးမနေတော့ဘဲ ကလေးကို သူ့လက်ထဲကနေ ပြန်လုယူလိုက်သည်။ “ မရဘူး။ ”

ထိုသို့ ပြောပြီးနောက် လေသံမာမာနှင့် “ ရှင့်ဘာသာ ကလေးမွေးပါလား။ ” ဟု ခပ်တင်းတင်း ထပ်ပြောလိုက်သောအခါ အခန်းတွင်းလေထုသည် ချက်ချင်းပဲ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

စုယန်ယန်သည် ပြောချင်ရာ ပြောပြီးမှ သူမ အရမ်း အကြင်နာတရားကင်းမဲ့ရာကျသွားပြီလားဟု အပြစ်မကင်းသလို ခံစားနေရချိန်မှာပဲ ဟုန်ဟွေ့ထံက စကားသံတိုးတိုးကို ထပ်ကြားလိုက်ရသည်။ “ ကျွန်တော်က ကလေးမွေးလို့ မရဘူး။ ”

သူဟာ ထိုစကားကို ပြောနေချိန်မှာတောင် မျက်လုံးတွေကတော့ ကြယ်လေးကိုပဲ တောက်လျှောက် စိုက်ကြည့်နေခဲ့သည်။ သူ့ပုံစံက အကြိုက်ဆုံးအရုပ်ကို မရလို့ သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ခုန်တက်ပြီး ကြယ်လေးကို လုယူချင်နေတဲ့ ခွေးကြီးတစ်ကောင်လိုပါပဲ။

ဒါပေါ့ ၊ ရှင်တစ်ယောက်တည်း ဘယ်လိုလုပ် ကလေးမွေးလို့ ရမလဲ။ ကလေးမွေးချင်ရင် အရင်ဆုံး ချစ်သူကောင်မလေး ရှာရမှာပေါ့။ ချစ်သူ မရှိတဲ့ တစ်ကိုယ်တည်းသမားကများ ကလေးလိုချင်ရတယ်လို့ … ။ သူ့ခေါင်းထဲမှာ ဘာတွေ ရှိနေတာလဲ။ စိတ်ပျက်လိုက်တာ။

စုယန်ယန်သည် ဒီလူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိသော်လည်း ကုမ္ပဏီထဲမှာ သူမရဲ့ ကလေးကို ခိုးဖို့ ဖြစ်နိုင်ချေအရှိဆုံးလူက သူပဲလို့ နောက်တစ်ကြိမ် ထပ်သေချာသွားခဲ့သည်။

သူမရဲ့ ကလေးကို အခိုးမခံရအောင် ကာကွယ်ဖို့အတွက် ဟုန်ဟွေ့ကို ကလေးနှင့် ဓာတ်ပုံရိုက်ခိုင်းပြီးသည်နှင့် ပြန်ဖို့ ပြတ်ပြတ်သားသား ပြောလိုက်ကာ ရှုယန်ဝေကိုလည်း သူ့ကို မြန်မြန် ခေါ်ထုတ်သွားဖို့ မျက်ရိပ်မျက်ကဲဖြင့် ‌အချက်ပေးလိုက်၏။

ရှုယန်ဝေက တော်တော်လေး အားကိုးလို့ ရနေသေးလို့ တော်ပါသေးသည်။ သူက စုယန်ယန်ရဲ့ ရုံးခန်းထဲမှာ အမြစ်ကုပ်တွယ်ထားချင်နေတဲ့ ထိုအရူးကောင်ကို အတင်း ဆွဲထုတ်သွားခဲ့သည်။

မဖိတ်ခေါ်ထားတဲ့ ဧည့်သည် ပြန်သွားသောအခါ နောက်ဆုံးတော့ ရုံးခန်းထဲမှာ မူလအတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

စုယန်ယန်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးတစ်ချက် မှုတ်ထုတ်ကာ လက်တွန်းလှည်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ကလေးလေးကို ကြည့်ပြီး သူ့တင်ပါးဖောင်းဖောင်းအိအိလေးကို လက်နှင့် ဖျစ်ညှစ်လိုက်မိသည်။ သူမ အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်ပါသည်။ “ သားက အရမ်း လူကြိုက်များနေတယ်။ သား ဒီကို ရောက်တာ နေ့တစ်ဝက်တောင် မရှိသေးပေမဲ့ အမေ့ကို ပြဿနာတွေ အများကြီး ရှာပြီးသွားပြီ။ ကြည့်ရတာ နောက်ပိုင်းကျ အမေ မင်းကို ကုမ္ပဏီကို ခဏ ခဏ ခေါ်လာလို့ မဖြစ်ဘူး ထင်တယ်။ မင်းက ဒီလောက် အရွယ်လေးမှာတင် ပျားတွေ ၊ လိပ်ပြာတွေကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာ သိနေပြီ။ မင်း အရွယ်ရောက်လာရင် ဘယ့်နှယ့်လုပ်မလဲ။ ”

“ ဝူး … ” အိပ်မောကျနေတဲ့ ကြယ်လေးက သူ့ကို လူမိသွားလို့ အနေရခက်နေတာလား ၊ စုယန်ယန်ရဲ့ စကားကို လက်မခံတာလားတော့ မသိဘဲ တွန်းထိုးရုန်းကန်ရင်း သူ့ရဲ့ ငြင်းဆန်မှုကို ဖော်ပြခဲ့သည်။

စုယန်ယန်သည် စိတ်လည်း ညစ် ၊ ရယ်လည်း ရယ်ချင်သွားကာ သူလေးကို အားရပါးရ ငုံ့နမ်းလိုက်မိသည်။

ထိုအချိန်မှာ တုန်ချမ်းရဲ့ လူထုဆက်ဆံရေးဌာနကတော့ စတင် လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

လော့ဝေပင်း ၊ ရွှယ်ခိုင်ဝေ ၊ ဟွမ်းကျစ်တုန်းနှင့် ကျန်လူတွေဟာ ဓာတ်ပုံမျှဝေသည့် အစီအစဉ်ကို တစ်ယောက်ပြီး တစ်ယောက် ပါဝင်ခဲ့ကြသည်။ တစ်နှစ်တာလုံး ဘာ Post မှ မတင်ဘဲ ခြောက်ကပ်နေခဲ့တဲ့ ဟုန်ဟွေ့ရဲ့ တရားဝင် အကောင့်ပင်လျှင် မစောင့်နိုင်တော့ဘဲ ပျော်ပွဲရွှင်ပွဲကို ဝင်ရောက်ဆင်နွှဲခဲ့သည်။

သူတို့ရဲ့ ပရိသတ်တွေကတော့ အတူတကွ အောင်ပွဲခံနေခဲ့ကြသည်။ အင်တာနက်ပေါ်မှာ အခကြေးငွေယူပြီး Post တင်ပေးတဲ့ လူတွေ ၊ ကွန်းမန့်ရေးတဲ့ လူတွေကတောင် သူတို့ကို လမ်းညွှန်ပေးစရာ မလိုတော့ပေ။ ပရိသတ်ပဲဖြစ်ဖြစ် ၊ ဖြတ်သွားဖြတ်လာ ပွဲကြည့်သူပဲဖြစ်ဖြစ် သူတို့ဟာ ဒီဓာတ်ပုံကို ကုမ္ပဏီထဲက ဝန်ထမ်းတွေရဲ့ စုဝေးပွဲအဖြစ် ချက်ချင်း အသုံးချခဲ့ကြသည်။

ကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ စုယန်ယန်ကလည်း သူမရဲ့ ကလေးကို ချီကာ ပွဲတက်လာခဲ့သည်။ သူမရဲ့ ကိုယ်ပိုင်အင်အားကို အသုံးပြုပြီး မင်းသားလေးကို ကုမ္ပဏီထဲက နာမည်ကြီး အနုပညာရှင်တွေ အကုန်လုံးအား စုဝေးစေကာ လက်မှတ်တွေ ၊ ဓာတ်ပုံတွေ ရရှိခဲ့လေသည်။

အဲ့ဒီလို အချိန်မှာ ဘယ်သူကမှ နျဉ်ချီလွေ့နှင့် ယွင်လော့ရှန်းရဲ့ ကောလဟာလကို စိတ်မဝင်စားတော့ဘဲ အိုင်ဒေါတွေရဲ့ ကွန်းမန့်တွေကို မနာလိုဖြစ်နေတဲ့ ပရိသတ်တွေ အများကြီးသာ ကျန်ရစ်တော့သည်။

[ ‌လခွမ်း … လူချမ်းသာတွေက ငါတို့နဲ့ ဘဝချင်း မိုးနဲ့မြေလို ကွာခြားတယ်လို့ပဲ အရင်တုန်းက ငါ သိခဲ့တာ။ ဒီနေ့တော့ လူချမ်းသာတွေရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာက ငါတို့ စိတ်ကူးယဉ်ကြည့်လို့တောင် မရဘူး ဆိုတာ သိလိုက်ရတယ်။ ပါးစပ်ထဲမှာ ငွေဇွန်းကိုက်ပြီး မွေးလာတဲ့ အိမ်ရှေ့စံမင်းသားလေးက တစ်နှစ်သားတောင် မပြည့်သေးတဲ့ အရွယ်လေးမှာကတည်းက ကုမ္ပဏီထဲက သူ့အစ်ကိုတွေ ၊ အစ်မတွေရဲ့ ဓာတ်ပုံတွေကို စုစည်းပြီး လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ အနုပညာရှင်တွေကို အသည်းအသန် သဘောကျတဲ့ ကောင်မလေးတွေ အကုန်လုံး သူ့ကို မနာလိုလို့ အော်ငိုနေကြပြီ။ ]

[ အပေါ်က Post တင်တဲ့ လူရေ ၊ မင်း ပြောတာ မှားတယ်။ လူချမ်းသာတွေတောင် ဒါမျိုး လုပ်နိုင်မယ် မထင်ဘူး။ ဒီလို လုပ်နိုင်ဖို့ ဆိုရင် မင်းမှာ အာဏာရှိတဲ့ အမေတစ်ယောက် ရှိဖို့ လိုတယ်။ ကြည့်လိုက်ပါဦး ကလေးရေ ၊ ဒါတွေက မင်းအမေက မင်းအတွက် တည်ဆောက်ပေးထားတဲ့ အင်ပါယာပဲ။ ဒီအစ်ကိုတွေ ၊ အစ်မတွေကလည်း မင်းအတွက် မင်းအမေ ပြင်ဆင်ပေးထားတဲ့ မောင်းမတွေပဲ။ ]

[ ဟားဟားဟားဟား ၊ ဒါတွေက ငါ့စိတ်ကူးသက်သက်ပဲလား။ မင်းသားလေးနဲ့ ဟုန်ဟွေ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံက အရမ်း ချစ်စရာကောင်းတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ။ ကလေးကို ကြည့်နေတဲ့ သူ့အကြည့်က အရမ်း နွေးထွေးစရာကောင်းတယ်။ အစ်ကိုရေ ၊ မင်းရဲ့ အေးစက်ပြီး အရှိန်အဝါကြီးတဲ့ ပုံစံကို သတိရော ရသေးရဲ့လား။ ]

All Chapters