အခန်း ၈၇၃
Vol. 59 Ch. 873
အခန်း ( ၈၇၃ ) မနာလိုဖြစ်နေတဲ့ အမေကြီး။
“ အာ … ” ယုကျစ်ယန်က သူ မကြာခင်တုန်းက စားခဲ့တဲ့ ဖရဲသီးအကြောင်း ပြန်သတိရသွားကာ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်လာခဲ့သည်။ “ ဒီကိစ္စက နည်းနည်းလေးတော့ ရှုပ်ထွေးတယ်။ ကျွန်တော် ဘော့စ်ဆီ တိုက်ရိုက်ပဲ ပို့လိုက်ပါ့မယ်။ ”
ယုကျစ်ယန်သည် ထိုသို့ ပြောပြီးသည်နှင့် ဗီဒီယိုကောလ်ကို တန်းချကာ ထွက်ပြေးသွားပြီး အစပိုင်းတုန်းက ကောလဟာလတွေကိုသာ ဟောက်ချန်ဟွမ်းထံ ပို့ပေးလိုက်သည်။
ထိုကောလဟာလကို ဟောက်ချန်ဟွမ်း ဖတ်ကြည့်လိုက်သည်နှင့် တစ်စုံတစ်ယောက်သာ သူ အိမ်ထောင်ရေးဖောက်ပြန်ခံနေရပါတယ် ဆိုပြီး မဟုတ်မဟတ် သတင်းတွေ ဖြန့်နေတာကို နားလည်သွားကာ မျက်နှာကြီး အစိမ်းရောင်ပြောင်းသွားခဲ့လေသည်။
စုယန်ယန်က စုပုံနေတဲ့ အလုပ်တချို့ကို ကလေးအိပ်ပျော်နေတုန်း လက်စသတ်ပြီးသွားချိန်မှာပဲ သူမရဲ့ ယောက်ျား ပို့လိုက်တဲ့ စတစ်ကာလေးကို မြင်လိုက်ရပါသည်။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : [ သွမ်းသွမ်းရဲ့ အသည်းပုံ ဖင်ပုံ စတစ်ကာ ]
စုယန်ယန်သည် ထိုပုံကို မြင်ချိန်မှာ ရေသီးတော့မလိုတောင် ဖြစ်သွားရပြီး တစ်ခါတုန်စက သူမခွေးလေးရဲ့ ဖင်လေးအကြောင်းကို တစ်စုံတစ်ယောက်နှင့် ရင်ခုန်ဖွယ်ရာ စကားတွေ ပြောခဲ့တာကို ရုတ်တရက် ပြန်သတိရသွားမိသည်။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : [ အသည်းပုံ စတစ်ကာလေးများဖြင့် ] မင်း ကိုယ့်ကို လွမ်းလား။
စနစ်ရဲ့ ကိုယ်ပိုင်နောက်ခံမှာ တစ်ဖက်က ပြောနေတဲ့ လူ စာရိုက်သွားတဲ့ အဓိကစကားလုံးတွေအတိုင်း ပန်းပွင့်တွေ ၊ အသည်းပုံတွေ ပေါ်လာခဲ့သည်။
ဟောက်ချန်ဟွမ်းက အသည်းပုံလေးတွေ ပြည့်နှက်နေတဲ့ ဖန်သားပြင်ကို ကြည့်ပြီး သူ့မျက်လုံးထဲမှာ နူးညံ့မှုတွေ ပြည့်လျှံသွားခဲ့သည်။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : မင်း ဘာလုပ်နေလဲ။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ကျွန်မ အလုပ်,လုပ်နေတာ။ [ အချစ်တွေကို တောင်းဆိုနေတဲ့ ခွေးမျက်လုံး စတစ်ကာလေးဖြင့် ]
ဟောက်ချန်ဟွမ်းသည် ထိုခွေးမျက်လုံးလေးတွေကို မြင်သည်နှင့် ကြယ်လေးကို စုယန်ယန်က ပွေ့ချီထားပြီး သူ့ကို သားအမိနှစ်ယောက်သား ကြည့်နေတဲ့ ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာကာ ချက်ချင်းပဲ နှလုံးသားနူးညံ့သွားခဲ့သည်။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : မင်းမှာ လုပ်စရာတွေ အများကြီး ရှိနေလား။ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံနဲ့နော်။ အလုပ်တွေ များနေရင် ဝန်ထမ်းတွေကို ပိုကူခိုင်းလိုက်။ မင်း အလုပ်မလုပ်ချင်တော့ရင်လည်း အိမ်ကို ပြန်လာခဲ့။ မင်းနဲ့ ကလေးအတွက် ငါပဲ ပိုက်ဆံရှာပေးမယ်။
အမူအရာ အနည်းငယ် ပြည့်ဝလာတာက လွဲရင် တစ်ယောက်သော သူရဲ့ လေသံက ထုံးစံအတိုင်း တည်ငြိမ်လေးနက်နေဆဲ ဖြစ်သော်လည်း ထိုလေးနက်မှုကပဲ လူတွေအား သူဟာ သူမကို စိတ်ရင်းနှင့် နှစ်နှစ်ကာကာ ချစ်သည်ဟု ခံစားရစေတာ ဖြစ်သည်။ သူ ပြောသမျှ စကားလုံးတိုင်းမှာ လေးနက်မှုတွေ ပျော်ဝင်နေ၏။
စုယန်ယန်က အနည်းငယ် ရှက်ရွံ့သွားပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် တဖျတ်ဖျတ် တောက်ပနေခဲ့သည်။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : တကယ်တော့ အဲ့လောက် မဆိုးပါဘူး။ ကလေးရှိနေရင် ကျွန်မ အလုပ်တွေ အများကြီး မလုပ်နိုင်ဘူး။ ဒီနေ့မနက် လူနည်းနည်းပါးပါးနဲ့ တွေ့ဖြစ်တာက လွဲလို့ ကျွန်မ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့တယ် မထင်ဘူး။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : မင်း ဘယ်သူတွေနဲ့ တွေ့တာလဲ။
စုယန်ယန်က ထိုကိစ္စကို ဟောက်ချန်ဟွန်းအား ဖုံးကွယ်မထားချင်သောကြောင့် မနက်တုန်းက သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အချိန်ဆွဲမနေဘဲ ပြောပြလိုက်သည်။ ကလေးသူခိုး ဟုန်ဟွေ့ရဲ့ အကြောင်းကို တောင် အလေးပေးပြီး ပြောပြလိုက်သည်။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ကျွန်မ အဲ့လူအကြောင်း အရင်တုန်းက ကြားရုံပဲ ကြားဖူးတာ ၊ လူကို တစ်ခါမှ မမြင်ဖူးဘူး။ သူ့ကို အရမ်း အေးစက်တဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက် ဖြစ်လိမ့်မယ်လို့ပဲ ကျွန်မ ထင်ခဲ့တာ။ သူက သူများရဲ့ ကလေးကို ခိုးဖို့ပဲ အတွေးထဲ ရှိတဲ့ ၊ ရိုးရှင်းတဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : သူ ဘယ်လောက် တရားလွန်လဲ ဆိုတာ ရှင် မသိဘူး။ သူက ကျွန်မတို့ရဲ့ ကလေးကို ဖက်ပြီး ကိုင်ကြည့်လို့ ရမလားလို့တောင် ကျွန်မကို ခွင့်တောင်းခဲ့တာ။ ကျွန်မတို့ရဲ့ ကလေးက တစ်လသားအရွယ်ပဲ ရှိသေးတာ။ သူက ကြယ်လေးကို နမ်းလည်း နမ်း ၊ ကိုင်လည်း ကိုင်သွားတယ်။ သူသာ နှာဘူး မဟုတ်ရင် ဘယ်သူက နှာဘူး ဖြစ်နိုင်မလဲ။
ဟောက်ချန်ဟွမ်း : “ … ” နည်းနည်းလေးတော့ တရားလွန်ပေမဲ့လည်း တိတိကျကျ ပြောရလျှင် တစ်လသားအရွယ်ပဲ ရှိသေးတဲ့ သူ့ကလေးက အရမ်း ချစ်စရာကောင်းနေလို့ ဟုန်ဟွေ့က သူ့ကို နမ်းချင် ၊ ကိုင်ချင်တာ ဖြစ်ပါသည်။
အမှန်အတိုင်း ဝန်ခံရလျှင် နှာဘူးလို့ အခေါ်ခံနေရတဲ့ လူတစ်ယောက်အတွက် … သိပ်မတရားသလို သူ ခံစားလိုက်ရသည်။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ကလေးကလည်း အတူတူပဲ။ အရင်တုန်းက လော့ဝေပင်းနဲ့ တခြားလူတွေက သူ့ကို ချော့မြှူဖို့ အစွမ်းကုန် ကြိုးစားခဲ့တာတောင် သူ့နှုတ်ခန်းထောင့်စွန်းလေးတွေကို လှုပ်အောင် မလုပ်နိုင်ခဲ့ဘူး။ သူက ဒီလူကိုကျတော့ ပန်းလေးတစ်ပွင့်လို ပြုံးပြနေလိုက်တာ ဆိုတာ။ သူ့မှာ နာကျင်မှုကို စွဲလမ်းတဲ့ စိတ်ရောဂါရှိနေလားတောင် မသိပါဘူး။
ဟောက်ချန်ဟွမ်းမှာ ပြောစရာစကားပင် မရှိတော့ပေ။ ဘယ်သူက ကိုယ့်ကလေးကို ဒီလို စကားမျိုး ပြောလို့လဲ … ။