အခန်း ၈၇၄
Vol. 59 Ch. 874
အခန်း ( ၈၇၄ ) ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့ လူလဲ။
ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ တစ်ခုပြီး တစ်ခု ပြောဆိုနေသော မကျေနပ်ချက်တွေကို နားထောင်ကာ သူမရဲ့ စိတ်ဓာတ်ကျမှုနှင့် မနာလိုမှုကို ဖန်သားပြင်ကနေတစ်ဆင့် ခံစားလို့ ရနေသည်။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : သူ ပြန်တဲ့ အချိန်မှာ အဲ့ဒီ နှလုံးသားမရှိတဲ့ ကောင်စုတ်လေးက အိပ်ပျော်နေလို့ တော်သေးတယ်။ မဟုတ်ရင် ဟိုလူက သူ့ကို စကား နည်းနည်းပါးပါး ထပ်ပြောပြီး မြှူလိုက်တာနဲ့ ဟိုလူ့နောက်ကို ကောက်ကောက်ပါအောင် ပြေးလိုက်သွားလောက်ပြီ။
မနာလိုမှုတွေ ပျော်ဝင်နေသော သူမရဲ့ စကားလုံးတွေထဲမှာ သူမရဲ့ သားက လူတစ်ယောက်နောက်ကို ပြေးလိုက်သွားချင်နေတဲ့အပေါ် ခါးသီးမှုတွေ ၊ ဝမ်းနည်းမှုတွေ ပြည့်နှက်နေသောကြောင့် ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေပင် အနည်းငယ် ကော့တက်သွားရသည်။ ခုနတုန်းက မကျေနပ်ချက်တွေကိုလည်း သူ မေ့လျော့သွားပြီ ဖြစ်ပြီး သူမကို နှစ်သိမ့်လိုက်၏။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : ဒေါသမထွက်ပါနဲ့။ တခြားကလေးတွေ ဆိုရင် သူ့ကို ကြောက်လောက်မှာပါ။ ကိုယ်တို့ကလေးပဲ သူ့ကို မကြောက်တာ ဖြစ်နိုင်တယ်။ အဲ့ဒါကလည်း ကိုယ်တို့ကလေးက အရမ်း ငယ်သေးတော့ ဘာမှ မသိလို့ပါ။ သူ အသက်အရွယ်ရလာလို့ လူတွေကို ဘယ်လို ခွဲခြမ်းစိပ်ဖြာရမလဲ ဆိုတာ နားလည်သွားရင် သူ့ကို မြင်တဲ့အခါ တခြားကလေးတွေလိုပဲ အော်ငိုလောက်ပါတယ်။ အဲ့အချိန်ကျရင်တော့ သူလည်း ကိုယ်တို့ကလေးကို သေချာပေါက် စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။
စုယန်ယန်က ထိုစကားကို သေချာ စဉ်းစားကြည့်လိုက်တော့ ဟောက်ချန်ဟွမ်း ပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း …
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : အဲ့လို ဆိုရင်တော့ သူက နည်းနည်းလေး … သနားစရာကောင်းသွားမယ် ထင်တယ်။ သူက ကလေးတွေကို အရမ်း ချစ်ပေမဲ့ ကလေးတွေ အကုန်လုံးက သူ့ကို မြင်တိုင်း အော်ငိုနေမှာလေ။ သူ့ကို မကြောက်တဲ့ ကျွန်မတို့ရဲ့ ကြယ်လေးလို ကလေးမျိုးနဲ့ တွေ့ရဖို့ လွယ်မယ် မထင်ဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကြယ်လေးကလည်း အသက်ကြီးသွားရင်တော့ သူ့ကို ကြောက်သွားမှာပဲ မဟုတ်လား။ ကျွတ် ၊ တကယ့်ကို သနားစရာကောင်းလိုက်တဲ့ လူပဲ။
ဟောက်ချန်ဟွမ်းသည် ထိုမက်ဆေ့ခ်ျကို မြင်သောအခါ ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ပေ။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : ဒါဆို မင်းက သူ့ကို ကိုယ်တို့ကလေးအကြောင်းပဲ အချိန်ပြည့် တွေးနေပြီး ကိုယ်တို့ကလေးကို အချိန်မရွေး လာခိုးဖို့ ရောက်လာစေချင်တာလား။ ဒါမှမဟုတ် သနားစရာကောင်းတယ် ဆိုရင်တောင် လုံခြုံမယ့် နည်းလမ်းကို ရွေးပြီး သူနဲ့ ကင်းကင်းရှင်းရှင်း နေချင်တာလား။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ဒါဆိုလည်း သူ့ကို ဆက်ပြီးတော့ပဲ သနားစရာကောင်းခိုင်းလိုက်ပါတော့မယ်လေ။
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ညည်းညည်းညူညူ စကားလေးတွေကို နားထောင်ရင်း ယုကျစ်ယန် သူ့ဆီ ပို့ထားတဲ့ “ ကောလဟာလ ” ကို ရုတ်တရက် ပြန်သတိရကာ မျက်လုံးတွေ အရောင်တောက်သွား၏။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : မင်း ဒီနေ့ ကုမ္ပဏီကို ကလေးကို ခေါ်သွားတော့ လူတွေ အဝိုင်းခံရတယ်လို့ ကိုယ် ကြားထားတယ်။ လူတွေ အများကြီးက ကလေးနဲ့ ဓာတ်ပုံတွေတောင် တွဲရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့ကြတယ်တဲ့။ နျဉ်မိသားစုရဲ့ သခင်လေးဆို အဲ့လို ဓတ်ပုံတင်ရင်းနဲ့ ပြဿနာလေးတောင် ဖြစ်သွားခဲ့တယ်ဆို။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ စူးစမ်းမေးမြန်းလာသော မေးခွန်းထဲမှာ သဝန်တိုမှု အငွေ့အသက်တွေကို အနံ့ခံမိလိုက်သည်။ အစပိုင်းမှာ သူမနှင့် နျဉ်ချီလွေ့ကို မဟုတ်မဟတ် စွပ်စွဲခဲ့ကြတဲ့ ကောလဟာလတွေအကြောင်း ပြန်တွေးမိသွားတော့ သူမရဲ့ မျက်လုံးတွေ ပြုံးရောင်သမ်းသွားလေသည်။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ရှင် သဝန်တိုနေတာလား။
တစ်ကမ္ဘာလုံးမှာ ယန်ယန့်ကိုပဲ ချစ်တဲ့ ဟောက် : [ ဒေါသထွက်နေတဲ့ ကလေး စတစ်ကာလေးဖြင့် ]
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ဒေါသမထွက်ပါနဲ့။ အဲ့ဒါတွေ အကုန်လုံးက လုပ်ကြံပြီး ရေးထားတဲ့ သတင်းတွေချည်းပဲကို။ ကြယ်လေးက ဘယ်သူ့ကလေးလဲ ဆိုတာ ရှင် မသိဘူးလား။
တစ်ကမ္ဘာလုံးမှာ ယန်ယန့်ပိုပဲ ချစ်တဲ့ ဟောက် : ဒါပေါ့ ၊ ကိုယ် သိပါတယ်။ တခြားယောက်ျား တစ်ယောက်ရဲ့ နာမည်က သတင်းခေါင်းစဉ်ထဲမှာ မင်းနာမည်နဲ့ တွဲရက် ပါနေတာကိုပဲ ကိုယ် သဘောမကျရုံလေးပါ။ မင်းက သူ့ကို ကူညီပြီး ကယ်တင်ပေးခဲ့တာလေ။ သူ့စိတ်ထဲမှာ မင်းကို ဘယ်လို နေရာပေးထားလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။
ဟောက်ချန်ဟွမ်းက အစတုန်းကတော့ ရှည်ရှည်ဝေးဝေး မတွေးခဲ့ပေမဲ့ ပြောရင်း ပြောရင်း အရှိန်ပါကာ ဝမ်းနည်းလာမိသည်။
အထူးသဖြင့် ဖန်သားပြင်ပေါ်က အနုပညာရှင်ပေါင်းစုံရဲ့ ဓာတ်ပုံတွေကို မြင်ချိန်တွင် တစ်ယောက်သော သူရဲ့ နှလုံးသားထဲမှာ သဝန်တိုမှုတွေ ဖုံးလွှမ်းသွားခဲ့တာပင်။
စုယန်ယန်ကတော့ သူ့တုံ့ပြန်စကားကြောင့် ဆွံ့အသွားမိပါသည်။ သူမ ဒီနေ့တစ်နေကုန် အလုပ်တွေ တောက်လျှောက် လုပ်ထားလို့ တော်သေးရဲ့။ မဟုတ်ရင် စားပွဲတစ်ခုလုံး ပြည့်နေတဲ့ စာရွက်စာတမ်းတွေကို လက်စမသတ်ရသေးရင် အခုလို ဟောက်ချန်ဟွမ်းနှင့် စကားပြောနိုင်မှာ မဟုတ်ပေ။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ရှင် ပြောတဲ့ စကားတွေက တဖြည်းဖြည်းနဲ့ အဓိပ္ပာယ်မရှိတော့ဘူး။ ကျွန်မက နတ်သမီးမှ မဟုတ်တာ။ လူတွေ အများကြီးကို ကျွန်မက ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အနည်းငယ် အေးစက်သွား၏။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက အဓိကမကျဘူးလို့ သူ ခံစားရသည်။ အနည်းဆုံးတော့ သူ သိသလောက်ဆို သူ့မိန်းမအကြောင်းကိုပဲ အချိန်ပြည့် တွေးနေတဲ့ အရူးတစ်ကောင် ရှိတာပဲ။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ပြီးတော့ သူ့မှာလည်း ကောင်မလေး ရှိပြီးသား။ ရှင် သဝန်တိုနေတယ် ဆိုတာကိုသာ သူ့ကောင်မလေး သိသွားရင် ရှင်နဲ့ လာစာရင်းရှင်းမှာကို မကြောက်ဘူးလား။