အခန်း ၈၇၅
Vol. 59 Ch. 875
အခန်း ( ၈၇၅ ) ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ငွေကုန်ကြေးကျများတယ်။
ဟောက်ချန်ဟွမ်းသည် နျဉ်ချီလွေ့မှာ ရည်းစားရှိနေလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် အကြာကြီး ဆွံ့အနေပြီးမှ သတိဝင်လာခဲ့သည်။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ဟုတ်တယ်။ ရှင်လည်း အဲ့ကောင်မလေးကို သိပါတယ်။ ကျွန်မ ဒါရိုက်တာလော့ကို သွားရှာတုန်းက သူ့အိမ်ကို အသီးတွေ လာပို့တဲ့ ၊ ရှားနျဉ်ရှီလို့ ခေါ်တဲ့ ကောင်မလေးလေ။ သူက ကျွန်မတို့ကုမ္ပဏီက ရိုက်ကူးထားတဲ့ ရှေးခေတ် ဇာတ်လမ်းတွဲမှာလည်း ဇာတ်ညွှန်းဆရာမပဲ။ နျဉ်ချီလွေ့က အဲ့ဒီ ဇာတ်လမ်းတွဲထဲမှာ ဇာတ်ပို့နေရာက သရုပ်ဆောင်ထားတာ ၊ အဲ့လိုနဲ့ သူတို့နှစ်ယောက် ရင်းနှီးသွားကြတယ် ထင်တယ်။ တွဲသွားတာတော့ သိပ်မကြာသေးဘူးတဲ့။ လောလောဆယ်တော့ နှစ်ယောက်လုံး ချစ်စကြိုက်စ ကြည်နူးစရာ အချိန်လေးပေါ့။
သူ့ဇနီးလေး အသေးစိတ်ကအစ ဘယ်လောက် တိကျလဲ ဆိုတာကို မြင်လိုက်ရတဲ့ ဟောက်ချန်ဟွမ်းသည် သူ အမှန်တကယ်ပဲ အတွေးလွန်သွားပြီ ဆိုတာကို နားလည်လိုက်သည်။
သူ့ရဲ့ ရူးမိုက်မှုအတွက် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာကို တွေးနေစဉ်မှာပဲ စုယန်ယန်ဘက်က နောက်ထပ် မက်ဆေ့ခ်ျတစ်စောင် ထပ်ပို့လာ၏။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ရှင် အခုရော ဒေါသထွက်နေသေးလား။
တစ်ကမ္ဘာလုံးမှာ ယန်ယန့်ကိုပဲ ချစ်တဲ့ ဟောက် : ကိုယ် ဒေါသမထွက်တော့ပါဘူး။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကို ဒေါသထွက်နေတုန်းပဲ။ [ ဗုံတီးနေသော စတစ်ကာလေးဖြင့် ]
စုယန်ယန်ရဲ့ မက်ဆေ့ခ်ျနောက်မှာ ပေါင်မုန့်လုံးလို မျက်နှာလုံးဝန်းနေတဲ့ လူတစ်ယောက်ရဲ့ စတစ်ကာလေးလည်း ယှဉ်တွဲကပ်ပါလာသည်။ စတစ်ကာထဲက မျက်လုံးလုံးဝန်းဝန်းနှင့် လူကလည်း ဒေါသထွက်နေပုံရကာ မျက်နှာက ပိုလို့တောင် လုံးဝန်းလာပြီး သူ့စိတ်ထဲမှာ ထိုစတစ်ကာကို ပို့လိုက်တဲ့ စုယန်ယန်ရဲ့ မျက်နှာလေးကို ဖျစ်ညှစ်ချင်သွားစေခဲ့သည်။
ဟောက်ချန်ဟွမ်းက အဲ့ဒီလိုပဲ တွေးပြီး သူ့စိတ်ကို ထိန်းချုပ်မရစွာ အတွေးထဲကအတိုင်း လိုက်လုပ်လိုက်ပါသည်။ ကံမကောင်းစွာဖြင့် ထိုစတစ်ကာက သုံးဖက်မြင် မဟုတ်သောကြောင့် သူ ဘယ်လောက် တို့ထိဆုပ်ကိုင်ကြည့်ပါစေ ၊ ဖန်သားပြင် ခပ်မာမာကိုသာ ဆုပ်ကိုင်မိကာ ပိုလို့တောင် စိတ်ပြင်းပြလာခဲ့သည်။
သူမကို လွမ်းသည် ၊ သူမကို မြင်ချင်သည်။ စတစ်ကာထဲက မျက်နှာလုံးဝန်းဝန်းလေးနှင့် တစ်ထေရာတည်း တူတဲ့ သူမရဲ့ မျက်နှာပေါ်က ပါးချိုင့်လေးတွေကိုလည်း သူ့လက် နှစ်ဖက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်ချင်သည်။
တစ်ကမ္ဘာလုံးမှာ ယန်ယန်လေးကိုပဲ ချစ်တဲ့ ဟောက် : မင်း ဒေါသမထွက်တော့အောင်လို့ ကိုယ် ဘာလုပ်ပေးရမလဲ။
ဟောက်ချန်ဟွမ်း ထိုမက်ဆေ့ခ်ျကို ပို့လိုက်သည်နှင့် စုယန်ယန်ဆီက ပြန်စာ ချက်ချင်း ရောက်လာ၏။
နည်းနည်းလေး ရင်းနှီးကျွမ်းဝင်နေတဲ့ စတစ်ကာလေးလို့ပဲ ပြောရပါမည်။ ကာတွန်းရုပ်လေးတစ်ရုပ် မြေပြင်ပေါ်ကို လဲကျသွားပြီး ကြွေအိုးလေးကို ထိတွေ့လိုက်တဲ့အခါ သူ့ဘေးမှာ “ ကလေး ချော်လဲသွားပြီ။ မင်း သူ့ကို ဆွဲထူပြီး နမ်းပေးရမယ်။ ” ဆိုတဲ့ စကားလုံးလေးတွေ လွင့်မျောပျံဝဲသွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည် ထိုစတစ်ကာကို မြင်ချိန်မှာ အံ့ဩသွားသလို သူ့မျက်လုံးထဲမှာလည်း အပြုံးတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်တည်သွား၏။
စုယန်ယန်က ထိုစတစ်ကာလေးကို ပို့ပြီးတော့ ဟောက်ချန်ဟွမ်းဘက်က ပြန်စာကို အကြာကြီး စောင့်နေခဲ့သည်။ သူမ ထိုင်ခုံက ထပြီး ကောင်ကလေး ကောင်းကောင်း အိပ်ပျော်နေရဲ့လား ဆိုတာကို သွားကြည့်ဖို့ ပြင်နေစဉ်မှာပဲ တင်ခနဲအသံနှင့်အတူ ရင်းနှီးနေတဲ့ စတစ်ကာလေး ရောက်လာတာကို တွေ့လိုက်ရသည်။
အသက်လေးဆယ်စွန်းစွန်း သက်လတ်ပိုင်းအ မျိုးသားကြီးက သူ့ရဲ့ ငါးနှစ် ၊ ခြောက်နှစ်အရွယ် သမီးလေးကို ပွေ့ဖက်ထားတဲ့ စတစ်ကာလေးပါ။ သူက သူမလေးကို လေထဲကို မြှောက်တက်သွားအောင် နူးနူးညံ့ညံ့လေး မြှောက်ချီပေးထားပြီးမှ ဖျတ်ခနဲ ပြန်ဖမ်း၍ နမ်းရှုံ့ကာ နောက်တစ်ကြိမ် မြှောက်ချီလိုက်ပြန်သည်။
“ ခွီး … ” ရင်းနှီးနေတဲ့ ဒီအသက်ကြီးကြီး လူကြီးတစ်ယောက်ရဲ့ စတစ်ကာလေးက စုယန်ယန်ကို ထုံးစံမပျက် ရယ်မောမ်စေခဲ့သည်။ သူမ ပြန်လည်မွေးဖွားလာခါစ အခိုက်အတန့်မှာပဲ တစ်ယောက်သော သူဟာ တခြားသူရဲ့ စတစ်ကာကို ခိုးယူလောက်တဲ့ထိ ရူးမိုက်ခဲ့တာကိုလည်း ပြန်သတိရသွားသည်။ သူမ သူ့ကို “ အရူး ” နောက်ပြောင်၍ ဆူပူလိုက်သည်။
တစ်ကမ္ဘာလုံးမှာ ရှင့်ကိုပဲ ချစ်တဲ့ ယန်ယန် : ဒီည အိမ်ကို စောစော ပြန်လာခဲ့နော်။ ကျွန်မ ကလေးကြီးအတွက် အရသာရှိတဲ့ အစားအသောက်တွေ ပြင်ထားလိုက်မယ်။
ထိုမက်ဆေ့ခ်ျရဲ့ နောက်မှာတော့ လက်သီးလေးတွေ ဆုပ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ကြယ်လေးရဲ့ ဓာတ်ပုံလေးက တစ်ဆက်တည်း ကပ်ပါလာသည်။
ဟောက်ချန်ဟွမ်းက သူမရဲ့ “ ကလေးကြီး ” ဆိုတဲ့ အသုံးအနှုန်းကြောင့် မျက်နှာကြီး ရဲသွားကာ ယုကျစ်ယန်ကို ဖုန်းဆက်လိုက်၏။
“ လူထုဆက်ဆံရေးဌာနကို ယန်ယန်နဲ့ နျဉ်ချီလွေ့ရဲ့ ဆက်ဆံရေးအကြောင်း မဟုတ်မမှန် ကောလဟာလတွေ ဖြန့်ထားတဲ့ အတုအယောင် သုံးသပ်ချက်ပေးသူတွေဆီ ရှေ့နေက တစ်ဆင့် စာပို့ခိုင်းလိုက်ပါ။ ”
“ ဟုတ်ကဲ့။ အဲ့လူတွေကို တရားဝင်ရော တောင်းပန်ခိုင်းလိုက်ရဦးမလား ဘော့စ်။ ”
ဟောက်ချန်ဟွမ်း မျက်မှောင်ကြုတ်လိုက်မိသည်။ လူတိုင်းက သူ့သားကို အားကျရင်း အလုပ်ရှုပ်နေတာမို့ ဒီကိစ္စအကြောင်း ဘယ်သူမှ တွေးမိမှာ မဟုတ်ပါ။ ထိုလူတွေ နောက်တစ်ခေါက် ထပ်ပေါ်လာပြီး တောင်းပန်ရင် လူတွေရဲ့ အာရုံက သူတို့ဆီ ထပ်ရောက်လာမှာ မဟုတ်လား … ။
“ မလိုဘူး။ ” ဟောက်ချန်ဟွမ်းက ခဏ စကားရပ်ပြီးမှ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ဆက်ပြောလိုက်သည်။ “ လျော်ကြေးသာ များများလေး တောင်းလိုက်။ ”
“ ဟမ်။ ” ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို ယုကျစ်ယန် နားမလည်ပါ။ အသရေဖျက်မှုနှင့် တရားစွဲတဲ့ အမှုတစ်ခုကနေ သူ ဘယ်လောက် ပိုက်ဆံရနိုင်မှာမို့လို့လဲ။
“ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ငွေကုန်ကြေးကျများတယ်။ ငါတို့ရဲ့ ကြယ်လေးအတွက် ငါ စုစုဆောင်းဆောင်း လုပ်ထားမှ တော်ကာကျမှာ။ မဟုတ်ရင် ယန်ယန် စိတ်ဆိုးလိမ့်မယ်။ ”
ယုကျစ်ယန် : “ … ” ငါ နားလည်ပြီ။ သခင်လေးက သူ့အချစ်ကို ကြွားဝါနေတာပဲ။