အခန်း ၈၇၆
Vol. 59 Ch. 876
အခန်း ( ၈၇၆ ) ဟိုင်နန်ကြက်သားအုန်းသီးစွပ်ပြုတ်။
ကြယ်လေးဟာ သူ့အရွယ် တခြားကလေးတွေလောက် ဂျီမကျတတ်ဘဲ လိမ္မာရေးခြားရှိသည်ဟု ပြောရပါမည်။
ရုံးခန်းထဲမှာ စုယန်ယန်နှင့်အတူ တစ်နေ့တာ ကုန်ဆုံးပြီးတဲ့နောက် သူလေးသည် ဗိုက်ဆာတာနှင့် သေးပေါက်ချတဲ့ အချိန်မှာ အော်ငိုတာက လွဲလို့ များသောအားဖြင့် တစ်ယောက်တည်းသာ အေးအေးလူလူ ရှိနေတတ်ပြီး ဘယ်သူကမှ သူ့ကို အဖော်ပြုပေးစရာ မလိုအပ်ပေ။
အချိန်အများစုမှာ သူ အိပ်နေတာကြောင့်လည်း ပါသည်။ အေးအေးဆေးဆေး နို့သောက်ကာ ဆော့ကစားပြီးသည်နှင့် ပြန်အိပ်ပျော်သွားလေ့ရှိပြီး စုယန်ယန်ကိုလည်း အနှောင့်အယှက်မပေးပါ။
အခြားတစ်ဖက်၌ စုယန်ယန်ကတော့ သူမရဲ့ ကလေးကို သတိရတိုင်း စိတ်မချနိုင်ဘဲ ခဏ ခဏ သွားကြည့်နေမိတတ်သည်။ သူမ သူ့ကို ကြည့်နေမိတဲ့အခါဆို အချိန်တွေ ကုန်တာ မြန်လွန်းသည်ဟု ခံစားရသည်။ စုယန်ယန်သည် တိုတောင်းတဲ့ တစ်နေ့တာကို သူမရဲ့ ကလေးနှင့်အတူ စိတ်အေးချမ်းသာစွာ ကုန်ဆုံးခဲ့လေသည်။ ဘယ်လို ဂိမ်းကစားနည်းတွေထက်မဆို ပိုပျော်စရာကောင်းသည်ဟု ခံစားရသည်။
နေ့ခင်း လေးနာရီ ၊ ငါးနာရီလောက် ရောက်တော့ စုယန်ယန်သည် ဒီနေ့ သူမ လုပ်ရမယ့် အလုပ်တွေရဲ့ သုံးပုံ တစ်ပုံကိုသာ လုပ်ပြီးသေးကြောင်း သတိထားမိသွား၏။ သူမရဲ့ အလုပ်,လုပ်နိုင်စွမ်းတွေ အများကြီး လျော့ကျသွားပြီ ဖြစ်သည်။
ကြည့်ရတာ ကျန်တဲ့ သုံးပုံ နှစ်ပုံကို ရှားကျွင်းရှန့်လက်ထဲ အပ်ပြီး သူမကတော့ ကလေးနှင့် အလုပ် စောစော ဆင်းရတော့မည့်ပုံပေါ်သည်။
ရှားကျွင်းရှန့်တစ်ယောက် လည်ချောင်းနင်သွားသလို ခံစားလိုက်ရကာ သူ့ကိုယ်သူ ‘ ငါ ဒေါသထွက်လို့ မရဘူး ’ ဟု ပြန်ပြောနေမိသည်။ ဘာပဲပြောပြော စုယန်ယန်က ကလေးကို တစ်ယောက်တည်း ဂရုစိုက်နေရတာ ဖြစ်ကာ သူ့မှာလည်း ဘယ်သူမှ မရှိတဲ့ အိမ်အခွံကြီးကို ပြန်ရောက်သွားရင် ဘာမှ လုပ်စရာ မရှိပါ။ သူ့အတွက် အိုဗာတိုင်ဆင်းရတာ ကိစ္စမရှိ။
စုယန်ယန်ကတော့ သူမ အလုပ်မပြီးတာကြောင့် ရှားကျွင်းရှန့် ဒီနေ့ည အိုဗာတိုင်ဆင်းရတော့မည် ဆိုတာ မသိပေ။ ဟောက်ချန်ဟွမ်းကိုလည်း ချက်ချင်းကြီး ဖုန်းဆက်ပြီး ညစာစားဖို့အတွက် အိမ်စောစောပြန်လာခိုင်းတာမျိုး မလုပ်သေးဖို့ တွေးထားခဲ့သည်။
သုတေသနဌာနမှာ စိုက်ပျိုးထားတဲ့ ဆေးပင် ပထမအသုတ်ကို မနက်ဖြန်ဆို ဈေးကွက်ထဲမှာ တရားဝင် ရောင်းချတော့မည်လေ။ ရောင်းချရေးကို တာဝန်ယူထားတဲ့ ဌာနမန်နေဂျာက တရားဝင် ရောင်းချမှု မစတင်မီ စုယန်ယန်အား တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု လုပ်စေချင်နေသည်။ တစ်နည်းအားဖြင့် ပြောရရင်တော့ သူက သူမရဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး ဆေးပင်တွေကို ကြေညာပေးစေချင်နေတာ ဖြစ်သည်။
စုယန်ယန်မှာလည်း ငြင်းဆန်စရာ အကြောင်းပြချက်မရှိတာမို့ ရှောရှောရှူရှူပဲ သဘောတူလိုက်၏။
များသောအားဖြင့် ကလေးကို ဂရုစိုက်ပေးရတဲ့ ဦးလေးကျန်းနှင့် ကလေးထိန်းက ကြယ်လေးကို တစ်နေ့လုံး မတွေ့ရတာကြောင့် နေမထိထိုင်မသာ ဖြစ်လောက်အောင်ပင် ကလေးကို လွမ်းနေခဲ့သည်။ စုယန်ယန် ကလေးနှင့်အတူ ပြန်ရောက်လာသည်နှင့် ဦးလေးကျန်းက လက်တွန်းလှည်းကို ချက်ချင်း ဆွဲယူပြီး ကောင်ကလေးကို နို့တိုက်ဖို့ ပျော်ပျော်ရွှင်ရွှင် ခေါ်သွား၏။
စုယန်ယန်ကတော့ မီးဖိုချောင်ထဲကို လှည့်ဝင်လာကာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုခလုတ်ကို ဖွင့်လိုက်သည်။ ဒီညမှာ ထုတ်လွှင့်သွားမယ့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအကြောင်းကို လွန်ခဲ့တဲ့ နှစ်နာရီကတည်းက သူမရဲ့ ကြည့်ရှုသူတွေကို ကြိုတင်သတင်းပို့ပြီးသားပါ။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ လူတွေ အများကြီး စောင့်နေကြပြီး ထိုလူအရေအတွက်ဟာ ဝက်ဆိုဒ်အသုံးပြုသူ စုစုပေါင်းရဲ့ တစ်ဝက်နီးပါးလောက်ကို ရှိသည်ဟု ပြောလို့ ရသည်။
“ အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ တင်ဆက်သူယန်ယန် ဖြစ်ပါတယ်။ ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ပါဝင်သွားမယ့် ဟင်းလျာတွေကိုတော့ ကျွန်မ ကြိုတင် ပြောပြထားပြီးသားနော်။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ကြေညာချက် တချို့လည်း ရှိတယ်။ နားမလည်တဲ့ လူတွေက အရင်ဆုံး တစ်ချက် သွားကြည့်လိုက်ကြပါ။ ဒါဆို ကျွန်မ တခြား ဘာမှ ထပ်မပြောတော့ဘူးနော်။ လိုရင်းကိုပဲ တန်းသွားလိုက်ကြရအောင်။ ”
“ ကျွန်မတို့ ဒီနေ့ စွပ်ပြုတ် သုံးမျိုး ချက်ပြုတ်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံး စွပ်ပြုတ်ကတော့ ဟိုင်နန်ကြက်သားအုန်းသီးစွပ်ပြုတ်ပါ။ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက အုန်းနို့ ၊ ကြက်သား ၊ တရုတ်ဆီးသီးအနီနဲ့ သစ်ကြားသီးတို့ပါ။ ”
စုယန်ယန်သည် ပြောရင်း အုန်းသီးကို အမြန် လှီးဖြတ်ကာ ကြက်သားကို အတုံး သေးသေးလေးတွေ လှီးလိုက်၏။ ကြက်သားတုံးလေးတွေကို အရင်ဆုံး ရေနွေးပူထဲမှာ ဖြူသွားတဲ့ထိ ရေနွေးဖျောရသည်။
အဲ့ဒီနောက် လှီးထားတဲ့ အုန်းသီးတုံးလေးတွေ ၊ ကြက်သားတုံးလေးတွေနှင့် တရုတ်ဆီးသီးအနီ ၊ သစ်ကြားသီး ၊ ဂျင်းနှင့် တခြား ပါဝင်ပစ္စည်းတွေကို အဖုံးပါတဲ့ အိုးစောက်ထဲ ထည့်လိုက်သည်။ ဆူပွက်အောင် ပြုတ်ပြီးတဲ့နောက် မီးအပူရှိန်ကို လျှော့ချပြီး မီးအေးအေးလေးနှင့် သူ့အရှိန်နှင့်သူ ဆက်ချက်ထားလိုက်၏။
“ ကလေးတွေက ကိုယ်ခံအားနည်းတော့ ကပ်ပါးကောင်တွေ အလွယ်တကူ စွဲကပ်တတ်ပါတယ်။ အုန်းသီးအသားနဲ့ အုန်းနို့မှာ ကပ်ပါးကောင်တွေကို တွန်းလှန်နိုင်တဲ့ အာနိသင် ရှိတယ်။ အနုဇီဝပိုးမွှားတွေနဲ့ တခြား ကပ်ပါးကောင်တွေကို တွန်းလှန်နိုင်တဲ့ အာနိသင်ပေါ့။ အာဟာရပြည့်ဝတဲ့ ကြက်သားနဲ့ ပေါင်းစပ်ထားတဲ့အပြင် သစ်ကြားသီး အစေ့အဆံတွေနဲ့ တရုတ်ဆီးသီးအနီတွေကလည်း ဦးနှောက်ကို အားဖြည့်ပေးတယ် ၊ ပြီးတော့ သွေးအားကောင်းစေတယ်။ ဒီဟင်းလျာက ကပ်ပါးကောင်တွေကို တွန်းလှန်နိုင်ရုံတင် မဟုတ်ဘူး ၊ ခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်စေတယ်။ ”
ကလေးတွေ ဆိုတာ ငယ်ရွယ်ပြီး ကိုယ်ခံအားနည်းတာမို့ မိဘတွေက သေချာ ဂရုမစိုက်ရင် အလွယ်တကူ နေမကောင်းဖြစ်နိုင်ပါသည်။ ကလေးမှာ ကပ်ပါးကောင်တွေ စွဲကပ်ပြီး အာဟာရချို့တဲ့မှုတွေ ဖြစ်လာဖို့ သိပ်မခက်။
ဈေးကွက်ထဲမှာ ကပ်ပါးကောင်ကို တွန်းလှန်နိုင်တဲ့ အထူးဆေးဝါးတွေ ရှိပေမဲ့ ကလေးတွေက ထိုဆေးခါးကြီးတွေကို မုန်းသည်။ သူတို့အကြိုက်အရသာနှင့် ကိုက်ညီတဲ့ အရသာရှိသော အစားအသောက်တွေကို စားပြီး ရောဂါတွေကို ကုသနိုင်ရင်တော့ အကောင်းဆုံးပင်။