← Chapters

အခန်း ၈၇၇

Vol. 59 Ch. 877

အခန်း ၈၇၇

Vol. 59 Ch. 877

အခန်း ( ၈၇၇ ) ကြော်ငြာ။

“ ဈေးကွက်ထဲမှာ အုန်းသီးတွေကို ပေါပေါများများ ဝယ်လို့ ရပါတယ်။ တရုတ်ဆီးသီးအနီတွေနဲ့ သစ်ကြားသီးတွေကိုလည်း မနက်ဖြန်ဆို တရားဝင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ကြည့်ရှုသူတွေက ဒီဟင်းလျာကို အိမ်မှာ စမ်းသပ် ချက်ပြုတ်ကြည့်လို့ ရပါတယ်။ ”

စုယန်ယန်က ချက်ချင်း ဆိုသလိုပဲ ဒုတိယစွပ်ပြုတ်ကို စတင် ပြင်ဆင်လိုက်သည်။

“ နောက်ထပ် ဟင်းလျာအနေနဲ့ ကျွန်မတို့ ငရုတ်ကောင်းနဲ့ နှပ်ထားတဲ့ ဝက်ဗိုက်သား အသားနှပ်ဟင်းကို ချက်ပြုတ်သွားမှာပါ။ ငရုတ်ကောင်းကိုလည်း မနက်ဖြန်ဆို ဈေးကွက်ထဲမှာ တရားဝင် ရောင်းချသွားတော့မှာမို့လို့ စိတ်ဝင်စားတဲ့ ကြည့်ရှုသူတွေက မနက်ဖြန်မှာ ဝယ်ယူဖို့ မမေ့ကြနဲ့နော်။ ”

ထိုအကြောင်းကို သူမ တစ်ကြိမ်ပဲ ပြောလျှင် တိုက်ဆိုင်မှုဟု သတ်မှတ်လို့ ရပေမဲ့ စကား နှစ်ခွန်းထဲမှာ နှစ်ကြိမ်တောင် ထည့်ပြောသွားတာမို့ ကြေညာနေတယ် ဆိုတာ သိသာထင်ရှားပါသည်။

သို့သော်လည်း စုယန်ယန်က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ကြေညာနေတယ် ဆိုရင်တောင် ကြည့်ရှုသူတွေက အတော်လေး သည်းခံနိုင်စွမ်း အားကောင်း၏။ ဝမ်းနည်းမှုလေး အနည်းနှင့်အများ စွက်နေတာတော့ ရှိတာပေါ့လေ။

[ ငါ မျက်လုံးနဲ့ အတည်ပြုပြီးသွားပြီ။ တကယ်တော့ ငါတို့ရဲ့ အားကိုးရာ တင်ဆက်သူက သုတေသနဌာနက ရောင်းချမယ့် ဆေးပင်တွေကို ကြေညာနေတာပဲ။ ]

[ ဘူးဟူး ၊ မင်း ဘာလို့ ကြေညာပေးနေတာလဲ။ မင်း ဒီလို ကြေညာလိုက်တော့ ငါ အကြိုရောင်းချမှုစာရင်းထဲမှာတောင် ပါနိုင်တော့မယ် မထင်ဘူး။ ငါ့အော်ဒါလေး အဆင်သင့် ဖြစ်ဖို့ ငါ ဘယ်လောက်တောင် စောင့်ရမလဲ ဆိုတာ ဘုရားပဲ သိတယ်။ ကျေးဇူးပြုပြီး မကြေညာပေးပါနဲ့ ယန်ယန်လေးရယ်။ ]

[ ဟုတ်တယ်။ ဆေးပင်တွေကို မဝယ်ဘူးလို့ ထောက်ခံနေတဲ့ ခွေးကောင်တွေ ဘယ်ရောက်သွားတာလဲ။ ဘာလို့ ငါနဲ့ လုဝယ်နေတဲ့ လူတွေ ဒီလောက်တောင် များလာတာလဲ။ ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ]

[ သူတို့ပါးစပ်က အဲ့လို ပြောထားတာနဲ့ပဲ မဝယ်ချင်ရတော့ဘူးလား။ အပေါ်က တစ်ယောက်က တုံးလိုက်တာ။ ငါတို့တင်ဆက်သူက အွန်လိုင်းပေါ်မှာ ကြည့်ရှုသူအရေအတွက် ဂဏာန်း ( ၈ ) လုံးအထိ ရှိတဲ့ တစ်ယောက်တည်းသော တင်ဆက်သူ ဆိုတာ မင်း သိသင့်တယ်။ လူ လေး ၊ ငါးယောက်နဲ့ ပြိုင်လုဖို့တောင် မလွယ်တာ .. ဆေးပင်တွေကို အကန့်အသတ်နဲ့ ရောင်းချသွားမယ့် ပထမရောင်းချမှု ဆိုရင် ပြောမနေနဲ့တော့။ လူတွေကို မင်းနဲ့ လုပြီး မဝယ်ဖို့ တောင်းပန်နေမယ့်အစား ဆေးပင်တွေကို အပို စိုက်ပျိုးထားဖို့ တောင်းဆိုတာ ပိုကောင်းတယ်။ ]

[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ ဆေးပင်တွေကို ဝယ်ချင်တဲ့ လူတွေ ဒီလောက် များနေတာတောင် တင်ဆက်သူက ကြေညာနေတာလေ။ မင်းတို့မှာ ကြေညာနိုင်တဲ့ အစွမ်းအစ ရှိရင် ရောင်းချမယ့် ကုန်ပစ္စည်းပမာဏကိုလည်း မြှင့်တင်ပေးလေ။ အဟင့် အဟင့် အဟင့် … ]

စုယန်ယန်သည် သူမဘက်က ကူညီကြေညာပေးရုံလေးဖြင့် မကျေနပ်ချက်တွေ အများကြီးကို ဆွဲဆောင်မိသလို ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့၍ စိတ်လည်း ပျက် ၊ ရယ်လည်း ရယ်ချင်သွားမိသည်။

ဒါပေမဲ့ ဆေးပင် ပထမအသုတ်မှာ ရောင်းချသွားမယ့် ပမာဏဟာ သူမ ပြောင်းလဲပေးနိုင်တဲ့ အရာမျိုး မဟုတ်ပါ။ ထို့ကြောင့် ဘာကိုမှ မမြင်သလို ဟန်ဆောင်ပြီး ဟင်းချက်တာကို အာရုံစိုက်ထားဖို့ပဲ တတ်နိုင်၏။

“ ဝက်ဗိုက်သားမှာ အအေးကို ပြန့်နှံ့စေတဲ့ အာနိသင် နဂိုကတည်းက ရှိပါတယ်။ အအေးကို လျော့ကျစေတဲ့ ငရုတ်ကောင်းနဲ့ ပေါင်းစပ်လိုက်တော့ သရက်ရွက်နဲ့ အစာအိမ် အားနည်းတဲ့ ကလေးတွေကို ဝေဒနာသက်သာစေတဲ့ အာနိသင်ရှိသွားတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ်က ကိုယ်ခံအားနည်းတော့ မကြာခဏ အအေးမိတာတို့ ၊ ကြို့ထိုးတာတို့ ဖြစ်တတ်ကြတယ်။ အခုတလော ရာသီဥတုကလည်း အေးလာတော့ ကလေးလေးတွေ အိပ်ပျော်နေတဲ့ အချိန်မှာ သူတို့ရဲ့ ဗိုက်လေးတွေကို အုပ်ထားရမယ်နော်။ မဟုတ်ရင် အဖျားမိပြီး ကြိုထိုးရင် သူတို့လေးတွေ အများကြီး ပင်ပန်းရလိမ့်မယ်။ ”

“ မှတ်သားထားသင့်တဲ့ နောက်ထပ် အချက်တစ်ချက် ရှိသေးတယ်။ ကလေးတွေရဲ့ အစာအိမ်က နူးညံ့တယ်။ ဝက်အစာအိမ်ကတော့ နှပ်ချက်ထားတာမျိုး မဟုတ်ရင် အရမ်း ဝါးရတယ်။ အဲ့ဒါက ကလေးတွေရဲ့ အစာအိမ်အတွက် အစာချေဖျက်ဖို့ မသင့်တော်ဘူး။ အဲ့ဒါကြောင့် ရှင်တို့ ဝက်အစာအိမ်ကို အကြာကြီး နှပ်ချက်ပြီး လုံးဝ နူးညံ့သွားအောင် လုပ်ရမယ်။ အဲ့ဒါမှပဲ စွပ်ပြုတ်က ကလေးအတွက် အာဟာရတွေ စုပ်ယူဖို့ ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိမှာ။ ”

ငရုတ်ကောင်းနှင့် ဝက်ဗိုက်သားနှပ်ဟင်းကို ချက်ရတာ အတော်လေး ရိုးရှင်းလွယ်ကူသည်ဟု ပြောလို့ ရသည်။ ဝက်သားကို အမြှောင်းလေးတွေ ဖြစ်အောင် လှီးပြီး ငရုတ်ကောင်းဖြူး၍ အိုးထဲ ထည့်ကာ မီးအေးအေးနှင့် နှစ်နာရီတိတိ ချက်ထားရုံသာ လိုအပ်သည်။

“ နောက်ဆုံးအနေနဲ့ ကျွန်မ ကပ်ပါးကောင်တွေကို တွန်းလှန်နိုင်တဲ့ အသားပေါင်းဟင်းကို ချက်ပြုတ်သွားပါ့မယ်။ အရင်တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ကျွန်မ အဲ့ဟင်းကို တစ်ခါမှ ချက်မပြဖူးဘူးနော်။ အဲ့ဒါက အနုဇီဝပိုးမွှားတွေကို သတ်ပြီး သရက်ရွက်နဲ့ အစာအိမ်ကို အာဟာရဖြစ်စေတဲ့ ဆေးဝါးအသစ် တစ်မျိုးပါ။ ဒါပေမဲ့ ရံဖန်ရံခါလောက်ပဲ စားတာ ကောင်းတယ် ၊ အလွန်အကျွံ စားတာ မကောင်းဘူး။ ဘာလို့ဆို ကပ်ပါးကောင်တွေကို အလွန်အကျွံ သတ်တာက ခန္ဓာကိုယ်မှာ မကောင်းတဲ့ သက်ရောက်မှုတွေကို ဖြစ်စေပြီး ကျန်းမာရေးလည်း ထိခိုက်စေနိုင်တယ်။ ”

စုယန်ယန်က အရေခွံကို ခွာလိုက်ပြီးမှ အထဲက အသားကို ထုတ်ယူကာ အဆီနည်းတဲ့ ဝက်သားတုံး အကြီးကြီးကို စားပွဲပေါ် တင်လိုက်သည်။

“ သုတေသနဌာနက ဒါကို စိုက်ပျိုးပြီးလောက်ပါပြီ။ ဆေးပင် ဒုတိယအသုတ် ၊ တတိယအသုတ်လောက်ဆို ရှင်တို့ တွေ့လိမ့်မယ်။ ကလေးရှိတဲ့ မိဘတွေ ၊ ဒါမှမဟုတ် ကလေးယူဖို့ ကြိုးစားနေတဲ့ အိမ်ထောင်သည်တွေက တစ်ချက် အာရုံစိုက်ပေးပါနော်။ ”

စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ အရောင် ( ၇ ) ရောင် ပါဝင်တဲ့ သတိပေးချက်လေး ပျံဝဲသွားကာ ရင်းနှီးနေတဲ့ ကြယ်မိုးတွေ ရွာချခဲ့သည်။

အကုန်လုံးက ဖန်သားပြင်ကို တအံ့တဩ စိုက်ကြည့်လိုက်သော်လည်း မြင်ဖူး‌နေကျ ID ကို မြင်ချိန်မှာတော့ မအံ့ဩတော့ပေ။

[ အသုံးပြုသူ ( တစ်ရက်စာတောင် မခံဘူး ) ဆီကနေ ပရိဘောဂတွေနဲ့ ပြည့်စုံတဲ့ ဇိမ်ခံစံအိမ်ကြီးတစ်လုံးကို ရရှိသွားတဲ့ တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ ကျယ်ပြောလှတဲ့ စကြဝဠာကြီးနဲ့ တောက်ပတဲ့ ကြယ်စင်တွေကြားထဲမှာ ငါ သဘောအကျဆုံး ကြယ်စင်လေးကတော့ မင်း ဖြစ်နေတုန်းပဲ။ ]

All Chapters