အခန်း ၈၇၈
Vol. 59 Ch. 878
အခန်း ( ၈၇၈ ) မီးဖိုချောင်ထဲက ဇနီးသည်ရဲ့ သတိပေးချက်။
ကြည့်ရှုသူတွေဟာ ကြယ်တွေကိုတောင် မကောက်ယူနိုင်ဘဲ အငိုက်မိနေတုန်းမှာပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းရဲ့ ထိပ်ကို နောက်ထပ် သတိပေးချက်တစ်ခု ပျံတက်သွားကာ ကြယ်မိုးတွေကို ဒုတိယအကြိမ် ရွာသွန်းစေခဲ့သည်။
[ အသုံးပြုသူ ( တောင်တန်းပေါ်က ပိုးစာပင် ) ဆီက ပရိဘောဂတွေနဲ့ ပြည့်စုံတဲ့ ဇိမ်ခံစံအိမ်ကြီးတစ်လုံးကို ရရှိသွားတဲ့ တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ စကြဝဠာထဲမှာ ကြယ်စင်တွေ သန်းချီပြီး ရှိပေမဲ့ ကိုယ့်နှလုံးသားထဲမှာတော့ မင်းက အတောက်ပဆုံး ကြယ်စင်လေးပဲ။ ]
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေဟာ ချက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရသည်။ ငါတို့ အေးခဲသွားပြီ။
လာစမ်းပါ ၊ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ အချမ်းသာဆုံး သူဌေးကြီးနှစ်ယောက်ထဲက ဘယ်တစ်ယောက်က ဘယ်တစ်ယောက်ကို အနိုင်ရသွားမလဲ ဆိုတာ ကြည့်ရအောင်ပါ။
သူတို့နှစ်ယောက်ကြောင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ အတော်လေး ပွက်လောရိုက်သွားသည်ဟု ပြောလို့ ရသည်။ စုယန်ယန်သည် ဖန်သားပြင်ကို မော့ကြည့်ရင်း ထိုအကောင့်နှစ်ခုကို မြင်သွားတော့ မျက်မှောင်ကြုတ်ကာ စင်ပေါ်က ခပ်ထက်ထက် မီးဖိုချောင်သုံး ဓားတစ်လက်ကို ထုတ်ယူလိုက်၏။
“ ရှင်တို့ရဲ့ ရက်ရောတဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆို ဒီဝက်သားကို စပြီး ကိုင်လိုက်ကြရအောင်။ ”
စက္ကန့်ပိုင်းအတွင်းမှာပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းနှင့် မီးဖိုချောင်ထဲမှာ အသားလှီးနေတဲ့ အသံ ထွက်ပေါ်လာသည်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေက စုယန်ယန်ရဲ့ အသားလှီးနေတဲ့ ကိုယ်နေဟန်ထားကြောင့် သိသိသာသာပင် ထိတ်လန့်သွားကာ အချိန် အတော် ကြာတော့မှ မက်ဆေ့ခ်ျတစ်စောင် တက်လာနိုင်ခဲ့သည်။
[ ငါ တင်ဆက်သူရဲ့ မျက်နှာကို မမြင်နိုင်တာတောင်မှ သူ့မျက်နှာပေါ်က လှောင်ပြုံးကို ဘာလို့ ပုံဖော်ကြည့်လို့ ရနေတာလဲ။ အသားလှီးနေတဲ့ အသံနဲ့ စဉ့်တီးတုံးပေါ်မှာ အလှီးခံနေရတဲ့ အသားကိုပါ ပေါင်းလိုက်တော့ ငါ့လည်ပင်းမှာ ကြက်သီးမွေးညင်းတွေတောင် ထကုန်တယ်။ ဘုရားရေ ၊ ကျောချမ်းစရာကောင်းလိုက်တာ။ ]
လူများစွာက ထိုမက်ဆေ့ခ်ျကို မြင်သည်နှင့် ထောက်ခံခဲ့ကြသည်။ သူတို့လည်း ဒီလူနှင့် အတွေး ထပ်တူပါပဲ။
စုယန်ယန်က အသားလှီးရင်း တစ်ချိန်တည်းမှာပဲ စံအိမ်လက်ဆောင်ပေးထားတဲ့ လူနှစ်ယောက်ကို စကားဝှက်နှင့် သတိပေးလိုက်တာ ဖြစ်သည်။
ဟောက်ချန်ဟွမ်းရော ၊ သို့ထျန်းယီပါ သူမရဲ့ အမူအရာကို ကြည့်ကာ တုန်လှုပ်သွားပါသည်။
သူမက အရမ်း … အရမ်း ကြောက်ဖို့ ကောင်းတယ်။ သူတို့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ခုနတုန်းကလိုမျိုး လက်ဆောင်တွေ ထပ်ပေးရင် စဉ့်တီးတုံးပေါ်က အသားတုံးနေရာမှာ သူတို့ ဖြစ်သွားမယ် ဆိုတာကို သံသယကင်းရှင်းစွာ ယုံကြည်သည်။
စုယန်ယန်ရဲ့ “ အသားလှီးဖြတ် ခြိမ်းခြောက်မှု ” ကြောင့် သူတို့နှစ်ယောက်လုံး ဘယ်အချိန်မှာ ရပ်တန့်ရမလဲ ဆိုတာကို နားလည်သွားကာ သူတို့ ဒီမှာ ရှိခဲ့တယ် ဆိုတာကို သက်သေပြဖို့ လက်ဆောင် တစ်ခု ထပ်ပေးခဲ့သည်။ အဲ့ဒီနောက် လုံးဝ တိတ်ဆိတ်သွားကာ ဘာမှ ထပ်မလုပ်ကြတော့ပေ။
ထိုအခါ ကြည့်ရှုသူတွေလည်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ပြီး စုယန်ယန်ရဲ့ ဓားကိုင်စွမ်းရည်ကို အာရုံစိုက်လို့ ရသွားသည်။
[ တင်ဆက်သူ အသားလှီးနေတာကို ကြည့်ပြီး တင်ဆက်သူ ဖက်ထုပ်နဲ့ ပေါင်မုန့်လုံးတွေ လုပ်ပြတဲ့ အရင်အပိုင်းကိူ ပြန်သတိရသွားပြီ။ အဲ့အချိန်တုန်းက အစာသွပ်မယ့် အသားတွေကို လှီးရတာ မခက်ပါဘူးလို့ပဲ ငါ ထင်ခဲ့တာ။ ကုန်ကြမ်းပစ္စည်းတွေက ဈေးကြီးပေမဲ့ ဝယ်လို့ မရတာတော့ မဟုတ်ဘူးလေ။ အဲ့ဒါနဲ့ ငါ နည်းနည်းပါးပါး ဝယ်ပြီး ကိုယ်တိုင် စမ်းချက်ကြည့်ခဲ့တယ်။ ပြီးတော့ အော်ငိုမိတယ်။ ]
ထိုမက်ဆေ့ခ်ျသည် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက လူများစွာကို ပဲ့တင်ရိုက်ခတ်သွားစေခဲ့သည်။ ဖြစ်ချင်တော့ တချို့ အရာတွေက အပြင်ပန်း ကြည့်တော့သာ လွယ်ကူသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ အဲ့ဒီလောက် မလွယ်ကူပါ။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ စုယန်ယန် ချက်ပြုတ်လာတဲ့ ဟင်းလျာတွေဟာ ဟိုးအစပိုင်းမှာ ချက်ပြခဲ့တဲ့ ငါးကြော်တွေ ၊ ဖက်ထုပ်တွေ ၊ ပေါင်မုန့်လုံးတွေက စလို့ နောက်ပိုင်းမှာ ချက်ပြခဲ့တဲ့ ဒင်ဆမ်းတွေ ၊ အမျိုးမျိုးသော ကိတ်မုန့်ဖုတ်နည်းတွေနှင့် ခေါက်ဆွဲပြုတ်နည်းတွေအထိ အကုန်လုံးသည် အပေါ်ယံ ကြည်တော့သာ ရိုးရှင်းသလို ထင်ရသော်လည်း အမှန်တကယ် ချက်ပြုတ်ကြည့်ချိန်မှာတော့ အတော်လေး လက်ဝင်သော ဟင်းလျာများ ဖြစ်လေသည်။
စုယန်ယန် ချက်ပြုတ်ပြတာကို အချိန်အကြာကြီး ကြည့်ပြီးတဲ့နောက်မှာတော့ အများစုက စွပ်ပြုတ် ဘယ်လို ချက်ရမလဲ ဆိုတာ တီးမိခေါက်မိရှိသွားခဲ့သည်။ စွပ်ပြုတ်ချက်တဲ့ အချိန်မှာ ကုန်ကြမ်းပစ္စည်းတွေကို စက်တွေနှင့် အလိုအလျောက် ဖြတ်တောက်ခုတ်ထစ်ထားရမည်။
အတွေးလည်း မြန် ၊ လက်လည်း မြန်တဲ့ လူ တချို့တလေလည်း ရှိပါသည်။ ထိုလူတွေကတော့ စုယန်ယန်ရဲ့ အချက်အပြုတ်လက်ရာအတိုင်း ရဖို့ တခြား ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကို ရွေးချယ်အသုံးပြုခဲ့ကြသည်။
[ မင်းတို့ ငတုံးတွေလား။ အလိုအလျောက် အသားကြိတ်စက်လို့ ခေါ်တဲ့ ပစ္စည်းရှိတာကို မသိဘူးလား။ ဘာလို့ အသားကို ကိုယ်တိုင် လှီးနေတာလဲ။ မင်းတို့မှာ တင်ဆက်သူလို အရည်အချင်းမရှိရင်လည်း မရှိသလိုပဲ နေကြ။ ငါ့ကလေးက အာဟာကဖြည့်စွက်စာတွေနဲ့ အရသာမရှိတဲ့ ဆန်ပြုတ်ကိုပဲ သောက်နေရတာ ငြီးငွေ့လာလို့ ဒီရက်ပိုင်း ဂျီကျပြီး ဘာမှ မစား မသောက်တော့ဘူး။ သူ့မျက်နှာလေးကလည်း အများကြီး ချောင်ကျသွားတယ်။ ဒီအသားတုံးက အရမ်း နူးညံ့မယ့် ပုံပဲ။ အတုံးသေးသေးလေးတွေ ဖြစ်အောင် တုံးပြီး ကလေးအတွက် နူးညံ့တဲ့ ဟင်းတစ်ခွက် ချက်ဖို့ ကွက်တိပဲ။ ငါ အော်ဒါတင်ပြီးသွားပြီ။ မကြာခင် စချက်မယ်။ ]