အခန်း ၈၇၉
Vol. 59 Ch. 879
အခန်း ( ၈၇၉ ) ကလေးကြီးလည်း ရှိတယ်။
လူတိုင်း ချက်ချင်းပဲ ဝမ်းသာသွား၏။ ဟုတ်သားပဲ။ သူတို့ မလုပ်နိုင်တာကို တခြားနည်းလမ်းတွေနှင့် လုပ်လို့ ရသည်လေ။
နောက်ဆုံးမှာ အရသာရှိတဲ့ အစားအသောက်တွေကို စားရမယ် ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ အဆင်ပြေသည်။ တင်ဆက်သူက အံ့ဩဖွယ်ကောင်းလောက်အောင် အရည်အချင်းရှိတာကြောင့်သာ ဒါမျိုး လုပ်နိုင်တာ ဖြစ်ပြီး သူတို့လို ငတုံးတွေကတော့ ဉာဏ်ကြီးရှင်ရဲ့ နည်းလမ်းကို အတုခိုးလို့သာ ရပြီး တစ်ပုံစံတည်း လိုက်လုပ်လို့ မရပါ။ သူတို့နှင့် သင့်တော်တဲ့ နည်းလမ်း တစ်ခုခုကို ရှာဖွေမှ ရမည်။
[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ မင်း အဲ့ဒါကို သိတယ် ဆိုရင်လည်း ဘာလို့ စောစော မပြောခဲ့တာလဲ။ ငါ ဒေါ်လာ တစ်သန်းကို လက်လွှတ်ဆုံးရှုံးသွားသလို ခံစားနေရပြီ။ ]
“ မကျေမနပ် အပြောခံနေရတဲ့ ” ကြည့်ရှုသူကလည်း ဒေါသထွက်ထွက်နှင့် ရယ်မောပြီး ချက်ချင်းပဲ ခွန်းတုံ့ပြန်သည်။
[ အဲ့လောက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကို မင်းတို့ထဲက တစ်ယောက်မှ မစဉ်းစားမိဘူးလို့ ငါ ဘယ်လိုလုပ် ထင်မှာလဲ။ လူတိုင်း သိလောက်မယ်လို့ပဲ ငါ ထင်ခဲ့တာပေါ့။ ( မျက်လုံးလှိမ့်နေသော စတစ်ကာလေးဖြင့် ) ]
လူတိုင်း ဆိုတဲ့ စကားလုံးအသုံးအနှုန်းထဲကနေ ဖယ်ထုတ်ခံလိုက်ရသော ကြည့်ရှုသူများ : “ … ” မင်း ငါတို့ကို ငတုံးတွေ ဆိုပြီး စောင်းပါးရိပ်ခြည် ပြောနေတာလို့ ငါတို့ သံသယရှိတယ်။ အဲ့ဒါအတွက်လည်း ငါတို့မှာ သက်သေရှိတယ်။
ဘာပဲပြောပြော ထိုလူရဲ့ သတိပေးစကားကတော့ ကိုယ်တိုင် ဟင်းချက်ကြည့်ချင်နေတဲ့ လူတစ်စုကို မျှော်လင့်ချက် အသစ်တွေ ပေးစွမ်းခဲ့ပါသည်။
ထိုနေ့မှာပဲ ချက်ပြုတ်ရေး ပစ္စည်းကိရိယာတွေနှင့် ပါဝင်ပစ္စည်း အမျိုးမျိုးကို ဝယ်ယူတဲ့ အမှာစာတွေ အများကြီး တက်လာကာ ကုန်သည်တွေ စုဆောင်းထားတဲ့ ကုန်တွေအားလူံ ပြောင်ရှင်းသွားရုံသာမက ကုန်အသစ်တွေတောင် တင်သွင်းထောက်ပံ့ပေးလို့ မမီနိုင်အောင်ပင်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက လူတစ်ယောက်ရဲ့ သတိပေးစကားက အစားအသောက်နှင့် ပတ်သက်ဆက်နွှယ်နေသော လုပ်ငန်းတွေရဲ့ ရောင်းချမှုနှင့် တိုးတက်မှုကို သွယ်ဝိုက်၍ တိုးတင်စေလိမ့်မည်ဟု စုယန်ယန် ထင်မထားခဲ့ပေ။ မျှော်လင့်မထားတဲ့ အံ့ဩဖွယ်ရာ ဖြစ်ရပ်ပဲ ဖြစ်ပါသည်။
ကြည့်ရှုသူတွေ အကုန်လုံး စကားတပြောပြောနှင့် ပင့်သက်ရှိုက်နေစဉ်မှာ စုယန်ယန်ကတော့ ဝက်သား တစ်တုံးလုံးကို အစာကြေလွယ်တဲ့ အမှုန်လေးတွေ ဖြစ်အောင် လှီးဖြတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူမ စောစောတုန်းက အရေခွံခွာထားတဲ့ အသားကို ထပ်ထည့်ကာ ဆားအနည်းငယ်ဖြူး၍ အရသာဖြည့်စွက်လိုက်သည်။ ထို့နောက် မုန့်နှစ် အုပ်ထားတဲ့ အသားထဲကနေ အတုံးသေးသေးလေးတွေကို အရံအဖြစ် သက်သက်ဖယ်ထားလိုက်သည်။
“ အသားကို မုန့်နှစ်လည်း အုပ်ပြီးပြီ ဆိုတော့ ကျွန်မတို့ အဲ့အသားကို ပေါင်းလိုက်ရုံပါပဲ။ အခု တောကြက်မောက်သီးဆန်ပြုတ်ကို ဆက်ချက်ပါမယ်။ တောကြက်မောက်သီးဆန်ပြုတ်ရဲ့ အဓိက ပါဝင်ပစ္စည်းတွေကတော့ တောကြက်မောက်သီးနဲ့ တရုတ်ဆီးသီးအနီပါ။ ပါဝင်ပစ္စည်း နှစ်မျိုးလုံးက ချိုတဲ့အတွက် ဆန်ပြုတ်ကလည်း ချိုပါတယ်။ ကလေးတွေအကြိုက် အရသာပေါ့။ ”
“ တချို့ ကလေးတွေက ညဘက်ဆို အိပ်နေရင်း အလွယ်တကူ နိုးလာပြီး မရပ်မနား အော်ငိုတတ်ကြတယ်။ လူကြီးတွေတောင် ကောင်းကောင်း အိပ်လို့ မရဘူး။ ဒီဆန်ပြုတ်ထဲမှာ ပါတဲ့ တောကြက်မောက်သီးက စိတ်ကို တည်ငြိမ်အေးချမ်းစေတယ်။ သွေးကို အသစ်လည်ပတ်စေတဲ့ တရုတ်ဆီးသီးအနီတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ညဘက်မှာ ကလေးတွေ အော်ငိုတာကို အတိုင်းအတာတစ်ခုထိ လျှော့ကျသက်သာစေပါတယ်။ ”
စုယန်ယန်က တောကြက်မောက်သီးတွေနှင့် တရုတ်ဆီးသီးအနီတွေကို အမြန် အခွံနွှာပြီး ဆန်နှင့်အတူတူ ရောပြုတ်လိုက်သည်။
“ တောကြက်မောက်သီးနဲ့ တရုတ်ဆီးသီးအနီကို မကြိုက်ရင် လီလီပန်းဆန်ပြုတ် ချက်ပြီး လီလီပန်းနဲ့ ကြာစေ့တွေ ထည့်လို့လည်း ရပါတယ်။ လီလီပန်းနဲ့ ကြာစေ့တွေက စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့ ဆေးဖက်ဝင် အပင်တွေ ဖြစ်ပြီး လတ်ဆတ်တဲ့ မွှေးရနံ့လည်း ရှိပါတယ်။ အချိုကြိုက်တဲ့ သူငယ်ချင်းတွေကတော့ အချိုအရသာ ပိုတိုးအောင်လို့ သကြားညိုတွေ ထပ်ထည့်လို့ ရပါတယ်။ ”
ဒီလောက်ဆို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအတွက် ကြေညာပေးတာ ပြီးဆုံးသွားပြီ ဆိုပေမဲ့ စုယန်ယန်က မရပ်ခဲ့ပေ။
“ ဟုတ်ပြီ။ လောလောဆယ်ကတော့ ကလေးလေးတွေအတွက် အစားအသောက်တွေက ဒီလောက်ပါပဲ။ ကျွန်မ ကလေးကြီးအတွက် ဟင်းလျာ နှစ်မျိုးကို ထပ်ချက်သွားပါမယ်။ ”
လူတိုင်းက စုယန်ယန်ရဲ့ စကားကြောင့် ဆွံ့အသွားကြသည်။
[ ကလေးကြီးနဲ့ ကလေးလေး … ဟုတ်လား။ တင်ဆက်သူက ကလေးမွေးထားတာ မကြာသေးဘူး မဟုတ်ဘူးလား။ ကလေးကြီးက ဘယ်က ရောက်လာတာလဲ။ တင်ဆက်သူက အမွှာပူးမွေးထားတာများလား။ ]
[ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အမွှာပူးတွေသာ ဆိုရင် ကလေးနှစ်ယောက်က သက်တူရွယ်တူပဲ ဖြစ်ရမှာလေ။ ဘာလို့ တူညီတဲ့ ဟင်းလျာတွေပဲ မချက်ဘဲနဲ့ တကွဲတပြားစီ ချက်နေရမှာလဲ။ ငါ ထင်တာတော့ တင်ဆက်သူရဲ့ အိမ်ကို လာတဲ့ ဧည့်သည်တစ်ယောက်ယောက်က ကလေးခေါ်လာတာ ဖြစ်ရမယ်။ အဲ့ဒီကလေးက တင်ဆက်သူရဲ့ ကလေးထက် နည်းနည်းလေး ပိုအသက်ကြီးလို့ ကလေးကြီးလို့ ခေါ်တာ နေမယ်။ ]
[ မင်းရဲ့ တွေးခေါ်ပုံက အရမ်း အတွေးလွန်နေပြီ။ သက်သက်စီ ခွဲပြီး ဟင်းချက်တာက ကလေးတွေက အရွယ်အစား မတူဘူး ဆိုတဲ့ အဓိပ္ပာယ်တော့လည်း အတိအကျကြီး မဟုတ်ပါဘူး။ ကလေးတွေရဲ့ အကြိုက်အရသာက မတူလို့လည်း ဖြစ်နိုင်တာပဲ။ ကလေးတစ်ယောက်က ကျန်တဲ့ ကလေးတစ်ယောက် စားတဲ့ အစားအသောက်တွေကို မကြိုက်တာမျိုးပေါ့။ ကလေးတွေရဲ့ အကြိုက်အရသာက အမြဲတမ်း တူမနေနိုင်ဘူးလေ။ ဒါ ဘာမှ မထူးဆန်းဘူး။ ]
[ ကလေးကြီးနဲ့ ကလေးလေး … ကလေးကြီး ဆိုတာ ကလေးလေးရဲ့ … အဖေ ဖြစ်နေနိုင်တယ်လို့ မင်းတို့ မထင်ကြဘူးလား။ ]