← Chapters

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း ( ၈၈၀ ) ယုန်လေးတွေက အရမ်း ချစ်စရာကောင်းတယ်။

နောက်ဆုံး ခန့်မှန်းချက်သည် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေကို ထိတ်လန့်သွားစေခဲ့သော်လည်း သူတို့ထဲက တချို့ဟာ ရူးသွပ်စွာပင် စတင် ယိမ်းယိုင်စပြုလာခဲ့ပြီ ဖြစ်သည်။

စုယန်ယန်လည်း ထိုမက်ဆေ့ခ်ျကို မြင်လိုက်ပါသည်။ ကြည့်ရှုသူရဲ့ အမြင်စူးရှမှုကို တိတ်တိတ်လေး အံ့ဩ လက်ဖျားခါမိပေမဲ့ ထိုမေးခွန်းကို တိုက်ရိုက်တော့ ပြန်မဖြေဘဲ စားလို့ ရတဲ့ တရုတ်ဖားတွေ ထည့်ထားတဲ့ အိုးကြီး တစ်လုံးကိုသာ ယူလာခဲ့လိုက်သည်။

ကလေးကြီးက ဘယ်သူလဲ ဆိုတာကို အဆွေးနွေးမပျက်သေးတဲ့ ကြည့်ရှု‌သူတွေဟာ ချက်ချင်းပဲ ထိတ်လန့်‌ဆွံ့အသွားခဲ့ကြသည်။

[ ဒါ ဘာကြီးလဲ။ အမယ်လေး ၊ အရုပ်ဆိုးလိုက်တာ။ ]

[ ကြောက်စရာကြီး ကြောက်စရာကြီး။ တင်ဆက်သူက ဒါတွေကို စားချင်နေတာလို့တော့ ငါ့ကို မပြောနဲ့နော်။ ဒါက ရွံစရာမကောင်းဘူး ဆိုတာရော သေချာရဲ့လား။ ( ကြောက်လန့်နေသော မျက်နှာ စတစ်ကာလေးဖြင့် ) ]

[ တင်ဆက်သူက ပုပ်သိုးနေတဲ့ အစားအသောက်ကိုတောင် အရမ်း အရသာရှိတဲ့ အစားအသောက်ဖြစ်အောင် မှော်ဆန်ဆန် ပြောင်းလဲနိုင်လောက်တယ် ဆိုပေမဲ့ ဒါကတော့ အရုပ်ဆိုးလွန်းတယ်။ ငါ ကန့်ကွက်တယ်။ ]

[ ငါလည်း ကန့်ကွက်တယ်။ ဒါကြီးကို စားပွဲပေါ်က အမြန် ပြန်ချပေးပါ တင်ဆက်သူ။ ငါ ကြောက်လွန်းလို့ အော်ငိုမိတော့မယ်။ ]

[ ငါ ရှင်းပြမယ်။ အဲ့ဒီအိုးထဲက အကောင်ကို ဖားပြုပ်လို့ ခေါ်တယ်။ ရှေးခေတ်တုန်းက ဆိုရိုးစကားတစ်ခု ရှိတယ်လေ ၊ ‘ ငန်းသား‌ကို စားချင်နေတဲ့ ဖားပြုပ် ’ တဲ့။ သူ့အဓိပ္ပာယ်က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ရုပ်ဆိုးမှန်း မသိဘဲနဲ့ လှပတဲ့ အစားအသောက်ကို ရာရာစစ စားချင်နေတယ်လို့ ဆိုလိုတယ်။ ]

[ ခွီး ၊ မင်း ရှင်းပြတော့မှ ငါ သေချာ နားလည်သွားပြီ။ ဒီအကောင်က တကယ့်ကို အရုပ်ဆိုးတာပဲ။ ]

စုယန်ယန်သည် ခေါင်းပြန်မော့လိုက်ချိန်မှာ ဖန်သားပြင်တစ်ခုလုံး ဖားပြုပ် ဆိုတဲ့ စကားလုံးတွေ ပြည့်နေတာကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ ဖားပြုပ်တဲ့လား။ ဒါက ဖားပြုပ် မဟုတ်ပါဘူး။ ”

[ ဖားပြုပ် မဟုတ်ဘူးလား။ ဒါပေမဲ့ ရှေးခေတ် တိရစ္ဆာန်စွယ်စုံကျမ်းထဲက ဓာတ်ပုံကတော့ ဒီအကောင်နဲ့ တော်တော်လေး တူနေတယ်။ ]

“ တရုတ်စားဖားနဲ့ ဖားပြုပ်က ပုံစံချင်း တူတာ မှန်ပေမဲ့ သူတို့က လုံးဝ မတူညီတဲ့ မျိုးစိပ် နှစ်မျိုးပါ။ ဖားပြုပ်ရဲ့ အရေခွံက ကြမ်းတယ် ၊ ကျောပေါ်မှာ အဖုသေးသေးလေးတွေ အများကြီး ရှိတယ်။ အဲ့ဒီ အဖုလေးတွေထဲမှာ အဆိပ်တွေကို သိုလှောင်ထားတဲ့အတွက် သူတို့ကို စားလို့ မရဘူး။ တရုတ်စားဖားရဲ့ အရေခွံကတော့ ချောမွေ့နေသလို အဆိပ်လည်း မရှိတဲ့အတွက် စားလို့ ရတယ်။ ဒါကို မခွဲခြားနိုင်တဲ့ လူတွေကတော့ မှားပြီး စားမိရင် အသက်ဆုံးရှုံးရလိမ့်မယ်။ ”

အစားအသောက်မက်သူတစ်ယောက်ရဲ့ စိတ် ဆိုတာ ခန့်မှန်းလို့ မရပါ။ ထိန်းချုပ်လို့ မရတဲ့ အန္တရာယ်အကြောင်း ကြိုတင်ရှင်းပြထားတာ ပိုကောင်းလိမ့်မ်ြ။ မဟုတ်ရင် ကိစ္စတစ်ခုခု ဖြစ်လာပါက ထိုကိစ္စအတွက် တာဝန်ယူရမယ့် လူက သေချာပေါက် စုယန်ယန်ပဲ ဖြစ်လိမ့်မည်။

[ တင်ဆက်သူ ရှင်းပြတာကို နားထောင်ကြည့်တော့မှ ဒီအကောင်က အရမ်း ရုပ်မဆိုးတော့ဘူးလို့ ခံစားလိုက်ရတယ်။ အနည်းဆုံးတော့ သူက ဖားပြုပ်ထက် ပိုကြည့်ကောင်းပါသေးတယ်။ ]

စုယန်ယန်သည် သူမလည်း ဘာမှ မပြောပါဘဲ သူဘာသာ သတ်မှတ်ပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေတဲ့ သူမရဲ့ ကြည့်ရှုသူကို ကြည့်ကာ ရယ်ချင်စိတ်ကို ထိန်းမရဘဲ ရယ်ချလိုက်မိသည်။

သူမကတော့ ဒီတရုတ်စားဖားတွေ ထည့်ထားတဲ့ အိုးအပေါ် ယုံကြည်ချက်ရှိနေပါသေးသည်။ တရုတ်စားဖားတွေက အမှန်တကယ်ပဲ အရုပ်ဆိုးပေမဲ့ ချက်ပြုတ်ပြီးစီးသွားတဲ့အခါမှာတော့ မွှေးကြိုင်လွန်းတဲ့ ဟင်းလျာရနံ့တွေကို လူတိုင်း အနံ့ခံမိလိမ့်မည်ဟု သူမ ယုံကြည်သည်။

တရုတ်စားဖားတွေကို အတုံးသေးသေးလေးတွေ ဖြစ်အောင် တုံးကာ ဆား ၊ ဝိုင်တို့နှင့် အရသာနှပ်ထားပြီးသောအခါ ထိုဟင်းအိုးကို မမြင်နိုင်တဲ့ အောက်တစ်နေရာမှာ ခဏ ဖယ်ထားလိုက်၏။

ကိုယ့်ကိုယ်ကိုယ် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်လောက်အောင် စိတ်ပြင်ဆင်ပြီးသော်လည်း လက်မခံနိုင်သေးတဲ့ ကြည့်ရှုသူတွေက စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမောလေးတွေ မှုတ်ထုတ်လိုက်ကြသည်။ နောက်ဆုံးတော့ အရုပ်ဆိုးတဲ့ မြင်ကွင်းတွေကို မမြင်ရတော့ဘဲ စားကောင်းသောက်ဖွယ်တွေကို ပျော်ပျော်ကြီး မြည်းစမ်းကြည့်ခွင့်ရတော့မည်ဟု သူတို့ တွေးထင်နေခဲ့ကြသည်။

သို့သော် နောက်တစ်စက္ကန့်အကြာမှာပဲ စုယန်ယန်က အလွန် ကြောက်စရာကောင်းတဲ့ … ယုန်ခေါင်းတွေ ထည့်ထားသော ပန်းကန်တစ်ချပ်ကို ထုတ်ယူလာတာကို သူ မြင်လိုက်ရလေသည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက လူများ : “ !!! ”

[ လခွမ်း။ ဒါ ဘာကြီးလဲ။ ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ။ အမေရေ … သား တခြား တင်ဆက်သူတစ်‌ယောက်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲကို မှားပြီး ရောက်လာတာလား။ ]

[ အဲ့ဒါ ယုန်ခေါင်းကြီးလား။ တင်ဆက်သူက ဒီနေ့ အားလုံးအတွက် ယုန်ခေါင်းချဉ်စပ်ဟင်း ချက်ကျွေးတော့မလို့လား။ ]

[ ယုန်ခေါင်း ….. ။ ယုန်ခေါင်း … ဟုတ်လား။ အမွေးဖြူဖြူလေးတွေ ဖုံးအုပ်ထားပြီး တိမ်လေးတွေလို နူးညံ့တဲ့ ယုန်လေးတွေကို ပြောတာလား။ ချစ်စရာတိရစ္ဆာန်များစာရင်းရဲ့ ထိပ်ဆုံးကို နှစ်ချီပြီး နေရာယူလာတဲ့ ယုန်လေးတွေကို ပြောနေတာလား။ ]

[ ယုန်လေးတွေက အရမ်း ချစ်စရာကောင်းတာပါ။ ဘာလို့ ယုန်လေးတွေကို စားတာလဲ။ အဟင့် အဟင့် ]

စုယန်ယန်က ထိုမက်ဆေ့ခ်ျကို မြင်တော့ သူမရဲ့ နှုတ်ခမ်းပေါ်မှာ အဓိပ္ပာယ်ဖော်ရခက်တဲ့ လူယုတ်မာအပြုံးလေး လှစ်ခနဲ ပေါ်လာသည်။ “ ယုန်လေးတွေက အရမ်း ချစ်စရာကောင်းတယ်နော်။ ကျွန်မ သူတို့ကို ပေါင်းရင် ကောင်းမလား ၊ နှပ်ပြီး ချက်ရင် ကောင်းမလား။ ထားလိုက်ပါတော့ ၊ ချဉ်စပ်ဟင်းပဲ ချက်လိုက်တော့မယ်။ ”

All Chapters