အခန်း ၈၈၁
Vol. 59 Ch. 881
အခန်း ( ၈၈၁ ) တရုတ်စားဖားခြောက်ဟင်း။
စုယန်ယန်သည် ထိုသို့ ပြောပြီးသည်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက သူတော်ကောင်းစကားတွေကို လျစ်လျူရှုကာ ယုန်ခေါင်းထဲက သွေးတွေ အကုန်လုံးကို စတင်ဆေးကြောလိုက်၏။
ထို့နောက် အိုးကို မီးအပူပေးကာ ငရုတ်သီးခြောက်တွေ ၊ ဟင်းခတ်အမွှေးအကြိုင်တွေနှင့် နှပ်ထားတဲ့ ဆေးပင် အမျိုးမျိုးကို မွှေးကြိုင်နေတဲ့ ဟင်းအနှစ် စပ်စပ်လေး ရတဲ့အထိ ပြုတ်ထားလိုက်သည်။
မွှေးရနံ့တွေ ကြိုင်လှိုင်ပျံ့လွင့်လာတဲ့အခါ ချစ်စရာကောင်းတဲ့ ယုန်လေးကိုလည်း ဘယ်ကြည့်ရှုသူမှ သတိမရနိုင်တော့ပေ။ မွှေးပျံ့လွန်းတဲ့ ဒီအသားနှပ်ဟင်းကို ချက်ချင်း စားချင်စိတ်ကသာ သူတို့ကို ကြီးစိုးသွားသည်။
[ လာပြီ။ တင်ဆက်သူရဲ့ အသားနှပ်ဟင်း လာပြီ။ ]
[ အနံ့က မွှေးနေတာပဲ။ ငါ အနံ့ရရုံနဲ့တင် သွားရည်ယိုမိတော့မယ်။ ]
[ တကယ်လည်း တော်တော်လေး တူတယ်။ ဒါပေမဲ့ အရင်တုန်းက တင်ဆက်သူတို့မိသားစု ရောင်းချဖူးတဲ့ အသားနှပ်ဟင်းနဲ့တော့ သိပ်မတူဘူးလို့ ခံစားရတယ်။ ဒါက နည်းနည်းလေး အသက်ရှူကျပ်ချင်စရာကောင်းတယ်။ ငရုတ်သီးတွေ ပိုထည့်ထားလို့များလား။ ]
“ ယုန်ခေါင်းချဉ်စပ်ဟင်း ဆိုမှတော့ သေချာပေါက် စပ်ရမှာပေါ့။ အရသာရှိအောင်လို့ ကျွန်မ ငရုတ်သီးတွေ များများလေး ထည့်ထားတယ်။ ”
စုယန်ယန်က ယုန်ခေါင်းပန်းကန်ထဲကို ဆားရည်တွေ လောင်းထည့်ပြီး ဆားရည်စိမ်ထားလိုက်သည်။ ခုနတုန်းကအထိ သနားစိတ်ယိုဖတ်နေခဲ့ကြတဲ့ ကြည့်ရှုသူတွေဟာ အခုတော့ သွားရည်တမြားမြားကျနေပါပြီ။
ထိုအချိန်မှာ တောကြက်မောက်သီးဆန်ပြုတ်ကလည်း ကျက်တော့မည် ဖြစ်သည်။ အပေါ်ယံမှာ ပျစ်ပျစ်နှစ်နှစ် ဆန်ပြုတ်အနှစ် တစ်လွှာ ရှိသည်။ စုယန်ယန်က သူမ ခုနတုန်းက ပြင်ဆင်ထားတဲ့ အသားပိုင်မုန့်ကို ထိုဆန်ပြုတ်ပေါ် တင်ပြီး ဆန်ပြုတ်အိုးကို တည်ထားတုန်း အသားပိုင်မုန့်ကိုလည်း ပေါင်းထားခဲ့သည်။
ထို့နောက် ဆီပူအိုးထဲကို ဂျင်း ၊ ငရုတ်သီးနှင့် ဆော့စ်တို့ ထည့်ကာ ကြက်သားကို မွှေကြော်လေး ကြော်လိုက်သည်။ အမွှေးနံ့တွေ လှိုက်တက်လာတဲ့အခါမှာတော့ အိုးထဲကို ဝိုင်ကောင်းကောင်း အနည်းငယ် ထည့်လိုက်သည်။
အိုးထဲကို ဝိုင်တွေ ကျသွားသည်နှင့် တစ်ပြိုင်နက် ဆော့စ်နှင့် ချက်ချင်း ရောနှောပေါင်းစပ်သွားကာ မွှေးရနံ့တို့ ပေါက်ကွဲတက်လာ၏။ မျက်စိတစ်မှိတ်အတွင်း မွှေးရနံ့တွေ လျှံထွက်လာကာ ဒီဟင်းလျာကို မစားဖို့ တိတ်တိတ်လေး ဆုံးဖြတ်ထားတဲ့ ကြည့်ရှုသူတွေကို အရူးပမာပင် ယိမ်းယိုင်သွားစေခဲ့သည်။
[ ဒီအနံ့ ..… ငါ ရုတ်တရက်ကြီး ဒီဟင်းလျာကို စားချင်စိတ်တွေ တဖွားဖွား ဝင်လာပြီ။ စားလည်း စားလို့ ရတယ်လို့ ခံစားရ … ရ … ]
[ လက် : မရဘူး။ စားလို့ မရဘူး။ ]
[ ဦးနှောက် : မရဘူး။ စားလို့ မရဘူး။ ]
[ ပါးစပ် : မရဘူး။ စားလို့ မရဘူး။ ]
ဟင်းလျာတွေ မကျက်ခင်ကတည်းက မွှေးကြိုင်လွန်းတဲ့ မွှေးရနံ့တွေကို ကြည့်ရှုသူတွေက အနံ့ရပြီးနေခဲ့ပြီပင်။ ကံမကောင်းစွာဖြင့် စုယန်ယန်ကတော့ သူတို့အတွက်နှင့် အလုပ်ရှုပ်ခံနေဖို့ အချိန်မရှိပေ။
တရုတ်စားဖားခြောက်ဟင်းက ကျက်ခါနီးနေပြီမို့ စုယန်ယန်က နောက်ထပ် အိုးတစ်လုံးကို အမြန် တည်ကာ အာလူး ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပြီး သူမအကြိုက် ကညွှတ်လေးတွေကို နုပ်နုပ်စဉ်း၍ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူလေးတွေနှင့် ခဏ မွှေကြော်လိုက်သည်။ ထို့နောက် တရုတ်စားဖားခြောက်အိုးထဲကို ကြော်ထားတာတွေ အကုန်လုံး လောင်းထည့်ကာ သုံး ၊ လေးခါလောက် အထက်-အောက် မွှေ၍ ရောကြော်ပြီးသောအခါ အသားတွေ ၊ အသီးအရွက်တွေ အကုန်လုံးကို ရောနှောပြီး မီးပိတ်လိုက်တော့သည်။
အချိန် ဘယ်လောက်မှ မကြာလိုက်ဘဲ တရုတ်စားဖားခြောက်ဟင်းလျာ ပန်းကန်ကြီးသည် လူတိုင်းရဲ့ နှာခေါင်းအောက်သို့ ရောက်လာကာ မွှေးရနံ့ပြင်းပြင်းနှင့် တလိမ့်လိမ့် လှိုက်လးတက်လာတဲ့ မီးခိုးဖြူလုံးတွေ ပေါင်းစပ်ပြီး လူတိုင်းရဲ့ နှာခေါင်းထဲ ဝင်ရောက်သွားကာ တံထွေးမျိုချမိစေသည်။
[ ဘယ်လိုမှ မရတော့ဘူး။ ငါ သေရင် သေပါစေ။ ဒါကို အရင်ဆုံး စားသွားမယ်။ အိမ်မှာ ကိုယ်တိုင် ချက်စားကြရအောင်ဟေ့။ ]
တရုတ်စားဖားခြောက်ဟင်းလျာရဲ့ အသွင်အပြင်ကို ကြည့်ပြီး လက်တွန့်နေတဲ့ လူတွေကလည်း နောက်ဆုံးတော့ မွှေးရနံ့ရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်တော့ဘဲ မကောင်းမှုကျူးလွန်ဖို့ လက်ယပ်ခေါ်နေတဲ့ ဟင်းလျာပန်းကန်ဆီ လက်လှမ်းနှိုက်ခဲ့ကြလေသည်။
ရလဒ်အနေဖြင့် ဝင်ပေါက်ကို … ရပ်တန့်လို့ မရတော့ပါ။
တရုတ်စားဖားရဲ့ အသားက လတ်ဆတ်မွှေးပျံ့နေပြီး ချဉ်ချဉ်စပ်စပ်လေး ဖြစ်သည်။ သူတို့ မျှော်လင့်ထားသလို အခါးအရသာ တစ်စက်လေးတောင် မရှိဘဲ လတ်ဆတ်နေတဲ့ အရသာက စွဲမက်ဖွယ်ကောင်းလှသည်။
[ ဘူးဟူး ၊ ငါ မှားခဲ့တာပဲ။ တင်ဆက်သူရဲ့ ရွေးချယ်မှုကို ငါ သံသယမဝင်ခဲ့သင့်ဘူး။ ဒီအကောင်က အရုပ်ဆိုးပေမဲ့ အသားကတော့ တကယ် နူးညံ့တာပဲ။ အရသာကလည်း နူးညံ့မွှေးပျံ့ပြီး စပ်စပ်လေးနဲ့ စားကောင်းလိုက်တာ။ စားရင်း စားရင်း ပိုစွဲလမ်းလာတယ်။ ]
[ သောက်ကျိုးနည်း။ ဒီလောက် အရုပ်ဆိုးတဲ့ အကောင်က အရမ်း အရသာရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ဒီနေ့က စပြီး ဒီဟင်းလျာက ငါ အကြိုက်ဆုံး ဟင်းလျာ ဖြစ်သွားပြီလို့ ကြေညာလိုက်မယ်။ ငါးပြုတ်နဲ့ ကျောက်ပုစွန်ပြုတ်ဟင်းတွေ အကုန်လုံး ဘေးဖယ်နေလိုက်တော့။ ]
…
[ ဖန်သားပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ လူတွေက တရားလွန်လွန်းတယ်။ အစားအသောက်တွေ ထည့်ထားတဲ့ အိုးကြီး တစ်အိုးကတောင် မင်းတို့ပါးစပ်ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ မင်းတို့က သူတို့ကို စားလည်း စားသေးတယ် ၊ အရုပ်ဆိုးတယ် ဆိုပြီးတော့လည်း ကဲ့ရဲသေးတယ်။ ဒီကမ္ဘာကြီးမှာ တရားမျှတမှု ဆိုတာရော ရှိသေးရဲ့လား။ ]
[ တရုတ်စားဖား : အရုပ်ဆိုးတယ် ဆိုပြီး လူတိုင်း ကန့်ကွက်နေရာကနေ ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ။ ပြောတော့ ငါ့ကို အရုပ်ဆိုးလို့ မစားတော့ဘူးဆို။ စားသုံးသူတွေရဲ့ ပါးစပ်က ပြောသမျှ စကားတိုင်းက အလိမ်အညာတွေချည်းပဲ။ သူတို့အကုန်လုံးက ဝက်တွေပဲ။ ငါ့အတွက် ခက်ခဲလွန်းတယ်။ ]