အခန်း ၈၈၂
Vol. 59 Ch. 882
အခန်း ( ၈၈၂ ) ကလေးကြီးရဲ့ သရုပ်မှန်ကို ဖော်ထုတ်လိုက်ခြင်း။
စုယန်ယန်က ဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်တော့ လူအများစုက တရုတ်စားဖားဟင်းလျာကို အကြိုက်တွေ့နေပြီ ဆိုတာ သေချာသွားသည်။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားကာ နောက်ဆုံးဟင်းလျာ ဖြစ်တဲ့ ဘဲသွေးနှင့်ငရုတ်ဆော့စ်ကို ချက်ပြုတ်ဖို့ စတင်ပြင်ဆင်လိုက်သည်။
ဘဲသွေးနှင့် ငရုတ်ဆော့စ် ဟင်းလျာကို ချက်ပြုတ်ရတာ မခက်ပေမဲ့ အတိုင်းအတာ တစ်ခုထိ စိတ်ရှည်မှု ၊ အာရုံစိုက်မှုတို့ လိုသည်။
ဒီဟင်းလျာထဲမှာ ပါဝင်ပစ္စည်းတွေ ပိုများပြီး ပါဝင်ပစ္စည်း တစ်ခုချင်းစီကို ကိုင်တွယ်နည်းတွေ ၊ ဘယ်အချိန်မှာ ဘယ်ပါဝင်ပစ္စည်းတွေကို ထည့်ရမလဲ ဆိုတဲ့ အချိန်မှန်းဆတတ်မှုတွေနှင့် ချက်ပြုတ်တဲ့ အချိန်မှာ အပူချိန် အတိုးအလျှော့ကို စီမံတတ်ဖို့အတွက် အာရုံစိုက်မှု လိုအပ်သည်။
စုယန်ယန်က အမဲအူကြမ်း ၊ ဘဲသွေးနှင့် ဆယ်လ်မွန်ငါးကို အရင်ဆုံး ရေစင်စင်ဆေးလိုက်ပြီး ငရုတ်သီးမှုန့် ၊ ပါးပါးလှီးထားတဲ့ ဂျင်းတို့ ထည့်ကာ စွပ်ပြုတ် ချက်ရန် ကြက်သွန်နီလေးတွေကိုလည်း ပါးပါးလှီးထားလိုက်သည်။
ပဲပင်ပေါက် ၊ နေ့လီလီပန်း ၊ မှို ၊ ကညွှတ်နှင့် တခြား အသီးအရွက်တွေက အကျက်မြန်သည်။ ထိုအသီးအရွက်တွေ ကျက်သွားသည်နှင့် တစ်ပြိုင်နက် နောက်ပိုင်းမှာ အသုံးပြုဖို့အတွက် အိုးထဲကနေ အမြန် ဆယ်ထားရသည်။ မဟုတ်ရင် အကျက်လွန်ပြီး အရသာပျက်သွားတတ်သည်။
အမဲအူကြမ်းအတွက်လည်း အတူတူပါပဲ။ ဘဲသွေးနှင့် ဆယ်လ်မွန်ငါးက စွပ်ပြုတ်အိုးထဲမှာ အရင်ဆုံး ပြုတ်ထားဖို့ လိုအပ်ပြီး အမဲအူကြမ်းကတော့ ခဏလောက် အပူပေးလိုက်ရုံနှင့် ကျက်သွားပြီပင်။ ထိုသို့ အပူပေးထားတဲ့ အမဲအူကြမ်းက ကြွပ်ဆတ်ဆတ် ၊ နူးနူးညံ့ညံ့လေးနှင့် ပါးစပ်ထဲမှာ ဝါးလို့ အလွန် ကောင်းသည်။
ထို့နောက် သူမက အမဲအူကြမ်းပေါ်ကို ငရုတ်ဆီနီတွေ လောင်းချလိုက်သောအခါ လူတိုင်းရဲ့ စိတ်အာရုံကို ချက်ချင်းပဲ ဖမ်းစားသွားခဲ့လေသည်။
ကြည့်ရှုသူထဲက တချို့ ဆိုလျှင် တရုတ်စားဖားခြောက်ဟင်းအိုးထဲ ခေါင်းစိုက်နေတုန်းမှာပဲ ဘဲသွေးနှင့် ငရုတ်ဆော့စ် ဟင်းလျာဆီ အာရုံရောက်သွားကာ ပါးစပ်က တရုတ်စားဖားခြောက်ဟင်းကို စားနေသော်လည်း မျက်လုံးတွေကတော့ ဘဲသွေးနှင့် ငရုတ်ဆော့စ် ဟင်းလျာဆီ အကြည့်ရောက်နေခဲ့သည်။
စုယန်ယန်သည် ဘဲသွေးနှင့် ငရုတ်ဆော့စ် ဟင်းလျာကို စတင် ချက်ပြုတ်ချိန်တွင် ဆားရည်ထဲမှာ စိမ်ထားတဲ့ ယုန်ခေါင်း အများစုကို ဆယ်ယူပြီးသွားပြီ ဖြစ်သည်။ ကျန်တဲ့ ယုန်ခေါင်းတွေကိုလည်း ဆားရည်ထဲကနေ ဆယ်ယူပြီး အိုးကို မြှောက်ကာ ငရုတ်ကောင်းခေါက်ဆွဲနှင့် ငရုတ်ခေါက်ဆွဲတွေကို ထည့်လိုက်၏။ ထို့နောက် ယုန်ခေါင်းထဲမှာ ဆီနီတွေ စိမ့်ဝင်သွားတဲ့အထိ မွှေကြော်လိုက်သည်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲရှိ ပရိသတ်တွေဟာ နူးညံ့တဲ့ တရုတ်စားဖားခြေထောက်တွေကို စားပြီးရုံပဲရှိသေး ၊ နီရဲမွှေးကြိုင်နေတဲ့ ဟင်းလျာနှစ်မျိုးက သူတို့ရှေ့မှာ ပေါ်လာသလို ခံစားလိုက်ရကာ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။
နူးညံ့မွှေးပျံ့နေတဲ့ ချဉ်ချဉ်စပ်စပ် ယုန်ခေါင်းလေးကို စားပြီးချိန်မှာတော့ “ ယုန်လေးတွေက အရမ်း ချစ်စရာကောင်းတယ်။ ငါတို့ ယုန်လေးတွေကို မစားသင့်ဘူး။ ” လို့ အစတုန်းက အော်နေသူများသည် “ ယုန်လေးတွေက အရမ်း စားကောင်းတယ်။ သူတို့ကို အလွှတ်မပေးနဲ့။ ” ဟု တညီတညွှတ်တည်း စကားပြောင်းပြောခဲ့ကြသည်။
ချက်ချင်းလက်ငင်းပဲ လူထုရန်သူ ဖြစ်သွားကာ မရေမတွက်နိုင်သော လူပေါင်းများစွာရဲ့ အနာဂတ်အစားအစာ ဖြစ်သွားသော ယုန်ကလေးများ ဆွံ့အသွား၏။ လူသားတွေက တကယ့်ကို ဝက်တွေပဲ … ။
ကြည့်ရှုသူတွေက ချဉ်စပ်ဟင်းလျာ သုံးမျိုးနှင့် စွပ်ပြုတ်ကိူ မြည်းစမ်းကြည့်ရင်း အလုပ်ရှုပ်နေချိန်မှာ ခုနတုန်းက တည်ထားတဲ့ တောကြောက်မောက်သီးဆန်ပြုတ်အိုးကလည်း ကျက်သွားပြီ ဖြစ်သည်။
ပုံရိပ်ယောင် အရသာ ဆိုပေမဲ့လည်း ဟောက်ချန်ဟွမ်းရဲ့ ပုံရိပ်ယောင် အရသာခံစက်ရဲ့ အရသာပေးစွမ်းနိုင်စွမ်းက အတော်လေး ပြီးပြည့်စုံပါသည်။
ချဉ်စပ်ဟင်းလျာ သုံးမျိုးကို တစ်ပြိုင်တည်း မြည်းစမ်းလိုက်ရလို့ ကြည့်ရှုသူတွေရဲ့ ပါးစပ်ထဲမှာ ပူလောင်စပ်ရှားသွားရမည် ဆိုလျှင်တောင် ဆန်ပြုတ် နည်းနည်းလောက် သောက်လိုက်ရုံနှင့် အစပ်ပြေသွားနိုင်သည်လေ။
နောက်ဆုံးမှာ စိတ်နှင့်ကိုယ်ကပ်သွားတဲ့ လူတိုင်းက တစ်စုံတစ်ခုကို နားလည်သွားပြီး စုယန်ယန် ချက်ပြုတ်ပြင်ဆင်ထားတဲ့ ချဉ်စပ်ဟင်းလျာ သုံးမျိုးကို သေချာ အာရုံစိုက်မိသွားခဲ့ကြသည်။
[ … ကလေးကြီးအတွက် တင်ဆက်သူ ပြင်ဆင်ပေးထားတဲ့ ဟင်းလျာ သုံးမျိုးလုံးက အရမ်း စပ်တာကို တစ်ယောက်ယောက် သတိထားမိလား။ ]
[ ငါ .. ငါ .. ငါ … ငါလည်း သတိထားမိတယ်။ ဒီလို အစပ်မျိုးကို ကလေးတွေက သေချာပေါက် စားနိုင်မှာ မဟုတ်ဘူး။ ငါ ထင်တာတော့ … ]
[ ငါလည်း ထင်တာ ရှိတယ်။ ]
[ ငါရောပဲ … ]
ကြည့်ရှုသူများသည် ဖန်သားပြင်ကို အစည်းအဝေးလုပ်နေတဲ့ မြေအောက်အဖွဲ့အစည်းတစ်ခုလိုပင် မရေရာသော ထင်မြင်ချက်များနှင့် ဖုံးလွှမ်းသွားအောင် လုပ်နေခဲ့ကြသည်။
အဆုံးသတ်မှာတော့ လူတစ်ယောက်က ထိုလူစုရဲ့ မရေမရာ စကားတွေကို သည်းမခံနိုင်တော့ဘဲ တည့်တိုး မေးလိုက်တော့သည်။
[ မင်းတို့ ဘာပဟေဋိတွေ လာဝှက်နေတာလဲ။ ပြောစရာ စကားတစ်ခုခု ရှိတယ် ဆိုလည်း ပြောမှာသာ ပြောကြစမ်းပါ။ ]
[ ဟားဟားဟား ၊ ငါ ဆက်ထိန်းမထားနိုင်တော့ဘူး။ ကလေးကြီး ဆိုတာ တကယ့်အကောင်ကြီးကို ပြောတာကွ။ ကြည့်လိုက် ကြည့်လိုက် ၊ ဟင်းလျာ သုံးမျိုးလုံးက ပူပူစပ်စပ်တွေချည်းပဲ။ ဒီလောက် စပ်တဲ့ အစားအသောက်တွေကို ကလေးတွေကတော့ စားနိုင်မှာ မဟုတ်ဘူး ၊ အဲ့တော့ ကလေးကြီး ဆိုတာ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပဲ ဖြစ်ရမယ်။ ပြီးတော့ ငါ မှတ်မိသလောက်ဆို တင်ဆက်သူရဲ့ ယောက်ျားက အရသာပြင်းပြင်းတွေကို ကြိုက်တယ်။ အဲ့ဒီ ကျောက်ပုစွန်နဲ့ ငါးပြုတ်တွေ အကုန်လုံးက သူ့အတွက် ပြင်ဆင်ပေးထားတာပဲ။ ဒီနေ့ ဟင်းလျာ သုံးမျိုးကလည်း အတူတူပဲ။ ငါ မနာလိုလိုက်တာ။ ]