← Chapters

အခန်း ၈၈၄

Vol. 59 Ch. 884

အခန်း ၈၈၄

Vol. 59 Ch. 884

အခန်း ( ၈၈၄ ) လူလိမ်မလေး။

လူအများစုကတော့ ဒီမြင်ကွင်းကို မြင်ချိန်မှာ အရည်ပျော်ကျသွားပြီး ကောင်ကလေး လိုချင်သမျှ အရာရာတိုင်းကို ပေးပစ်လိုက်မှာ ဆိုပေမဲ့ စုယန်ယန်ကတော့ အပြုံးလေးဖြင့် “ သားက ငယ်လွန်းသေးတယ်။ ဒါတွေကို အစာချေဖျက်နိုင်မှာ မဟုတ်သေးဘူး။ သား နည်းနည်းလေး ပိုအသက်ကြီးလာရင် မေမေ သားအတွက် ချက်ကျွေးမယ်နော်။ ” ဟူ၍သာ ပြန်ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် သူမ ကိုင်ထားတဲ့ တူလေးတွေကို လှုပ်ရှားပြီး အသားပိုင်မုန့်လေး တစ်ဖဲ့ကို သူမရဲ့ ပါးစပ်ထဲ ထည့်လိုက်၏။

ကြယ်လေးက မွှေး‌ပျံ့နေတဲ့ စားချင်စဖွယ် အရာလေး သူ့အမေပါးစပ်ထဲ ပျံဝဲသွားတာကို ကြည့်နေခဲ့သည်။ သူ နောက်တစ်ခေါက် လက်လှမ်းနှိုက်လိုက်ချိန်မှာတော့ သူ့အမေရဲ့ တူတွေက ဘာကိုမှ ညှပ်ယူမထားတော့ပါ။ ကြယ်လေးရဲ့ မျက်နှာအမူအရာက ခဏလောက် ကြောင်‌အမ်းအမ်းလေး ဖြစ်နေပြီးမှ နှုတ်ခမ်းစူလာပြီး စတင် ငိုကြွေးခဲ့လေသည်။

ကောင်ကလေး မွေးလာကတည်းက သူ့အမေဗိုက်ထဲက ထွက်စအရွယ်မှာ ကောင်းကင်နှင့် မြေကြီး တုန်ဟည်းသွားသည်ထိ အော်ငိုတာက လွဲလို့ အချိန်အများစုမှာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့်သာ ရှိနေပြီး ဘာမှ သိပ်မပြောတတ်ပေ။ အသံကျယ်ကြီးနှင့် အော်ငိုတာ သူ့အတွက် ရှားသည်။

အခု သူ စကားပြောလာပြီ ဆိုတော့ ထမင်းစားပွဲမှာ ရှိနေတဲ့ လူအနည်းငယ် အပါအဝင် ကာယံရှင်ကိုယ်တိုင်ပါ ထိတ်လန့်သွားရသည်။

စုယန်ယန်က စက္ကန့်ပိုင်းလောက် ကြာမှ သတိပြန်ဝင်လာကာ ကလေးကို လှမ်းပွေ့ချီလိုက်ပေမဲ့ သူမရဲ့ လက်ထဲမှာ တူကိုင်ထားသေးတာကို ပြန်သတိရသွားသည်။

သူမ တွေဝေနေတုန်းမှာပဲ ကလေးထိန်း ရောက်လာပြီး ကလေးကို ပွေ့ချီသွားကာ လေသံပျော့လေးဖြင့် ချော့မော့နေခဲ့သည်။

ကောင်ကလေးက ချက်ချင်း အငိုရပ်သွားပြီး စုယန်ယန်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ တူတွေကို အရည်စိုလဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ့မျက်လုံးဝိုင်းကြီးတွေထဲမှာ အပြစ်တင်တဲ့ အရိပ်အယောင်တွေ ဖုံးလွှမ်းနေ၏။

စုယန်ယန်က ခပ်တိုးတိုး ချောင်းဟန့်ပြီး သူမရဲ့ တူတွေကို စားပွဲအောက်မှာ မလုံမလဲ ဖုံးကွယ်ကာ သက်သေဖျက်ဆီးဖို့ ကြိုးစားလိုက်သည်။

မျှော်လင့်မထားစွာဖြင့် စုယန်ယန် သူမရဲ့ ပါးစပ်ကို လက်နှင့် မအုပ်လိုက်လျှင် အဆင်ပြေသေးပေမဲ့ သူမ အဲ့ဒီလို လုပ်လိုက်သည်နှင့် ကောင်ကလေးက ပျောက်ဆုံးသွားတဲ့ အသားပိုင်မုန့်အကြောင်း သတိရသွားသည်နှင့် သူ့မျက်နှာဖောင်းဖောင်းလေး ရှုံ့မဲ့သွားပြီး ဒုတိယအကြိမ် အော်ငိုခဲ့ပြန်သည်။

စုယန်ယန်ရော ၊ ဟောက်ချန်ဟွမ်းရော ဆွံ့အသွားကြသည်။

ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားကာ သူ့ဇနီးကို ချက်ချင်း စိုက်ကြည့်လိုက်တော့ စုယန်ယန်က သူမရဲ့ လက်တွေကို ဖြန့်ပြပြီး ဒီတစ်ခေါက်တော့ သူမ တကယ် အပြစ်ကင်းစင်ကြောင်း ညွှန်ပြလိုက်သည်။

ဟောက်ချန်ဟွမ်းမှာ ပြောစရာစကားပင် မရှိတော့။

ကောင်ကလေးက ငယ်သေးတာကြောင့် စားပွဲပေါ်က ဘယ်အစားအသောက်ကိုမဆို သေချာပေါက် စားလို့ မရပါ။ ကလေးထိန်းက သူ့ကို ပွေ့ချီပြီး ခဏကြာကြာ ချော့မော့နေခဲ့သော်လည်း သူ ထမင်းစားပွဲ ရှိတဲ့ဘက်ကိုပဲ စိုက်ကြည့်ပြီး မရပ်မနား ငိုနေတာကို မြင်ချိန်မှာတော့ ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်ကို လှမ်းကြည့်ပြီး အကူအညီတောင်းရုံသာ တတ်နိုင်လေတော့သည်။

စုယန်ယန်က လောလောဆယ် အနည်းငယ် ရှက်ရွံနေတာကြောင့် သူမရဲ့ နားရွက်ဖျားတွေမှာ ရဲသွေးနေကာ ကလေးထိန်းအား “ သူ့ကို အပေါ်ထပ်ကို ချီသွားပြီး သူနဲ့ ခဏလောက် ဆော့ပေးနေလိုက်နော်။ ကျွန်မတို့ ညစာစားပြီးတာနဲ့ တက်လာခဲ့မယ်။ ” ဟု အိုးတိုးအမ်းတမ်း ပြောလိုက်သည်။

ကလေးထိန်းရဲ့ ဘေးမှာ တစ်ချိန်လုံး ရပ်နေတဲ့ ရိုလီပိုလီကတော့ ဘာကိစ္စပဲ ဖြစ်လာ ဖြစ်လာ ၊ မစိုးရိမ်ပါ။ ကလေးထိန်းသည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ရသွားသကဲ့သို့ပင် ကလေးကို ပွေ့ချီ၍ အပေါ်ထပ်ကို ပြေးတက်သွားခဲ့သည်။

စုယန်ယန်က သူမကလေးရဲ့ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ ပုံရိပ်လေးနှင့် တိုး‌တိမ်ဝင်သွားတဲ့ ငိုသံလေးတွေကို ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်ရင်း စိုးရိမ်သလို ပြောလိုက်သည်။ “ သူ အနာဂတ်မှာ အစားမက်တဲ့ ဖက်တီးပုပ်လေး ဖြစ်လာမှာ ကျွန်မ စိုးရိမ်တယ်။ သူ အစားမက်တာကို ဘယ်သူ့ဆီက အမွေဆက်ခံထားတာပါလိမ့်။ ”

ဟောက်ချန်ဟွမ်းသည် ဘာ့ကြောင့်ရယ် မသိဘဲ လှောင်ပြောင်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။ “ … ” သူ့ကို အစားအသောက်နဲ့ တမင်သက်သက် စနောက်ပြီး ငိုအောင် လုပ်ခဲ့တာ မင်းလေ။ အခုမှ ကိုယ့်ကို အပြစ်တင်ဖို့ ကြိုးစားနေတာလား … ။

အပေါ်ထပ်ကို ကလေးရောက်သွားပြီး သိပ်မကြာလိုက်ဘဲ ငိုသံတိတ်သွားသည်နှင့် အရာရာ အေးချမ်းသွား၏။ သူ့အရုပ်လေးတွေဆီက အာရုံလွှဲခံရပြီးတဲ့နောက် ဝမ်းနည်းစရာ အဖြစ်အပျက်အကြောင်း ခဏလောက်တော့ မေ့လျော့သွားတာ ဖြစ်လိမ့်မည်။

စုယန်ယန်က အပေါ်ယံမှာသာ စိတ်တည်ငြိမ်နေပုံပေါ်သော်လည်း တကယ်တော့ နည်းနည်းလေး မလုံမလဲ ဖြစ်နေတာပင်။ ကလေးငိုသံကို ပြန်ကြားတော့မှ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးချပြီး ညစာဆက်စားနေလိုက်သည်။

ဟောက်ချန်ဟွမ်းက သူ့ရှေ့မှာ ရှိနေတဲ့ ဟင်းလျာ သုံးမျိုးကို တစ်လှည့် ၊ စုယန်ယန်ရှေ့မှာ ရှိနေတဲ့ စွပ်ပြုတ် ၊ ရေနှင့် အသားပိုင်မုန့်တို့ကို တစ်လှည့် ကြည့်ရင်း သူ့နှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့် ရုတ်တရက် ဖြစ်တည်လာခဲ့သည်။

သူမက ထိုဟင်းလျာတွေကို ကလေးစားဖို့အတွက်လို့ ပြောထားပေမဲ့ နောက်ဆုံးမှာ ကလေးရဲ့ အစားအသောက်တွေကို လုယူပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့တဲ့အပြင် ကလေးကိုတောင် ငိုအောင် လုပ်ခဲ့သည်။ ဒီလူလိမ်မလေးကတော့ …

စုယန်ယန်ကတော့ တစ်စုံတစ်ယောက်ရဲ့ မျက်လုံးထဲမှာ သူမက လူလိမ်မလေး ဖြစ်သွားပြီ ဆိုတာကို သတိမထားမိဘဲ တောကြက်မောက်သီးဆန်ပြုတ် တစ်ပန်းကန်နှင့် အသားပိုင်မုန့် အနည်းငယ်ကို ကုန်အောင် စားနေခဲ့သည်။

All Chapters