အခန်း ၈၈၅
Vol. 59 Ch. 885
အခန်း ( ၈၈၅ ) ကြွက်သားမြှောင်း ခြောက်ခုလား ၊ ဘီယာဗိုက်လား။
အစကတည်းက အစားနည်းတဲ့ စုယန်ယန်သည် ညဘက်မှာ အများကြီး စားလေ့မရှိပါ။ ဘာပဲပြောပြော သူမအတွက်လည်း အများကြီး ပြင်ဆင်ထားခဲ့တာ မဟုတ်ပေ။
အခြားတစ်ဖက်၌ ဟောက်ချန်ဟွမ်းအတွက်ကတော့ တရုတ်စားဖား ဟင်းအိုး တစ်အိုးတည်းကပင် တော်တော်လေး များနေပြီဟု ပြောလို့ ရသည်။ ယုန်ခေါင်းချဉ်စပ်ဟင်းလျာက သိပ်မရှိပေမဲ့ ဘဲသွေးနှင့် ငရုတ်ဆော့စ် ဟင်းလျာ ပန်းကန်ကြီး ရှိနေသေးသည်။
ထိုဟင်းလျာတွေ အကုန်လုံးကို ဟောက်ချန်ဟွမ်း တစ်ယောက်တည်း မစားနိုင်သဖြင့် ဦးလေးကျန်းကလည်း နည်းနည်းပါးပါး ကူစားပေးခဲ့သော်လည်း အသက်ကြီးတဲ့ လူတွေက ညဘက်မှာ အစာမချေဖျက်နိုင်မှာကို စိုးရိမ်ရသောကြောင့် အစပ်တွေ အများကြီး မစားနိုင်ပါ။ ထို့ကြောင့် ခြုံငုံ ပြောရလျှင် သူလည်း နည်းနည်းပါးပါးပဲ စားခဲ့သည်။
ကျန်ရှိနေတဲ့ ဟင်းလျာ အများစုက ဟောက်ချန်ဟွမ်းရဲ့ ဗိုက်ထဲကိုပဲ ရောက်သွား၍ ညစာစားပြီးသွားတော့ စုယန်ယန်က သူ့ဗိုက်ကို တို့ထိစမ်းသပ်ကြည့်လိုက်သည်။
“ ထူးဆန်းလိုက်တာ။ ဟိုအစားအသောက်တွေ အကုန်လုံး ဘယ်ရောက်သွားတာလဲ။ ”
ဟောက်ချန်ဟွမ်းက သူ့ဗိုက်ကို ကိုင်နေတဲ့ စုယန်ယန်ရဲ့ လက်ကို ဖမ်းဆုပ်လိုက်သည်။ သူ့လို စိတ်တည်ငြိမ်တဲ့ လူပင်လျှင် သူ့ဇနီးရဲ့ အထိအတွေ့ကို တောင့်မခံနိုင်။ သူ့စိတ်ကို အခု လွှတ်ပေးလိုက်ချင်ပေမဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို ပြန်သတိရသွားသောအခါ စိတ်ပြန်ထိန်းလိုက်ရပါသည်။
“ ကိုယ်က ယောက်ျားလေးလေ။ အဲ့တော့ အများကြီး စားနိုင်တာပေါ့။ ”
“ ရှင် အများကြီး စားနိုင်တာ ကျွန်မ သိသားပဲ။ ကျွန်မ ပြောချင်တာက ရှင် စားလိုက်တဲ့ အစားအသောက်တွေ အကုန်လုံး ဘယ်ရောက်သွားတာလဲလို့လေ။ ” သူ့ဗိုက်က ဖောင်းကားပူထွက်မနေတာနှင့်တင် အံ့ဩစရာကောင်းလှပြီကို အခုတော့ သူ့မှာ ကြွက်သားမြှောင်း ခြောက်ခုပါ ရှိနေသေးရဲ့။
သူ့ခြေထောက်တွေ ပြန်မကောင်းခင် အရင်တစ်ချိန်တုန်းကတော့ သူဟာ နေ့တိုင်း နေပြီး အိမ်ထဲမှာပဲ သူ့ခြေထောက်တွေကို လှုပ်ရှားမှုမရှိ၍ သိမ်သွားတာမျိုး မဖြစ်စေရန်အတွက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ ရံဖန်ရံခါ လုပ်ရလေ့ရှိသည်။ ဒါ့ကြောင့် သူ့မှာ ထိုကြွက်သားမြှောင်းတွေ ဘယ်လို ရလာတာလဲ ဆိုတာကို စုယန်ယန် နားလည်ပါသည်။
ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီး သူမမှာလည်း ကိုယ်ဝန်ရှိလာတဲ့ နောက်ပိုင်းမှာတော့ သူသည် အလုပ်,လုပ်ချိန်က လွဲလို့ သူမဘေးမှာပဲ တစ်ချိန်လုံး ရှိနေပေးခဲ့တာ ဖြစ်သည်။ သူမ ကလေးမွေးပြီးသွားတော့လည်း သူက ဟောက်ကော်ပိုရေးရှင်းကို လွှဲပြောင်းယူခဲ့ရသည်။ ကုမ္ပဏီကြီး နှစ်ခုလုံးမှာ လုပ်စရာတွေ မအားလပ်နိုင်အောင် ရှိနေတာမို့ သူတို့မှာ လေ့ကျင့်ခန်းလုပ်ချိန် မရှိခဲ့ပါ။
ဘာလေ့ကျင့်ခန်းမှလည်း မလုပ်ဘဲနဲ့ အစားတွေ အများကြီး စားပြီး ဒီခန္ဓာကိုယ်ပုံစံကို ထိန်းထားနိုင်တာ သိပ္ပံနည်းရော ကျရဲ့လား … ။
“ ကိုယ်က ပင်ကိုကတည်းက မဝတဲ့ လူမို့လို့ နေမှာပေါ့။ ” အတိတ်တုန်းက ဟောက်ချန်ဟွမ်းဟာ အစားအသောက်မက်တဲ့ လူမျိုး မဟုတ်။ စုယန်ယန်နှင့် လက်ထပ်ပြီးတဲ့ နောက်ပိုင်းကျမှ သူ တစ်နေ့ကို သုံးကြိမ် ထမင်းစားရကာ တစ်ခါတလေ ညလယ်စာ ၊ အချိုပွဲနှင့် နေ့လယ်ခင်း လက်ဖက်ရည်ကိုလည်း စားရ သောက်ရ၏။
အထူးသဖြင့် စုယန်ယန်ရဲ့ ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားကာလအတွင်းမှာ မိသားစုက သူမအတွက် အရသာရှိတဲ့ အစားအသောက်တွေကို ကြိုးစားချက်ပြုတ်ပေးခဲ့ပေမဲ့ တကယ်တမ်းမှာ ထိုအစားအသောက်တွေရဲ့ တစ်ဝက်ကျော်လောက်က သူ့အစာအိမ်ထဲကို ရောက်သွားကြတာပါ။
ဒါက ဇနီးသည်တွေမှာ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်အတွင်း ခင်ပွန်းအများစုက ဘောလုံးတွေလို အလျင်အမြန် ဝဖီးသွားရတဲ့ အဓိက အကြောင်းပြချက်လည်း ဖြစ်သည်။ သို့သော် ဟောက်ချန်ဟွမ်းကတော့ အဲ့ဒီလောက် အများကြီး စားထားတာတောင် လုံးဝ ဝိတ်တက်မလာပေ။
စုယန်ယန်က နှုတ်ခမ်းလေးစူပြီး မလိုတမာ ပြောလိုက်သည်။ “ ရေခဲရေ သောက်ရုံနဲ့ ဝိတ်တက်နေတဲ့ အစ်ကိုကြီးတွေ ၊ အစ်မကြီးတွေကတော့ အဲ့စကားကို ကြားရင် ရိုက်သတ်ခံရသလို ခံစားရပြီး ရှင့်ကို အရမ်း မုန်းတီးသွားတော့မှာပဲ။ ”
စုယန်ယန်က ပြောရင်း ဟောက်ချန်ဟွမ်းရဲ့ ဗိုက်ကို ဝမ်းနည်းစွာ လှမ်းကြည့်နေပုံသည် ရယ်ရမလား ၊ ငိုရမလား ဖြစ်နေသူအား သူမရဲ့ နှာခေါင်းလေးကို ဖျစ်ညှစ်မိစေသည်။
“ မင်းလည်း အခု ကိုယ့်ကို ရိုက်ချင်နေတာလား။ မင်းက ကိုယ့်ကို ဖက်တီးပုပ်ကြီး ဖြစ်သွားတဲ့အထိ အစားတွေ အများကြီး စားစေချင်တာလား။ ကိုယ့်ကြွက်သားမြှောင်းတွေကို မကြိုက်ဘူးလား။ ကိုယ့်ရင်ဘတ်ပေါ်မှာ အိပ်ပြီး ကိုယ့်ရင်ဘတ်ကို ပွတ်သပ်နေခဲ့တာ ဘယ်သူလဲ ဆိုတာ ကိုယ် သိချင်လိုက်တာ … ”
“ တော်တော့။ ဒီလောက်ဆို ရပြီ။ ” စုယန်ယန်က မျက်နှာက နီရဲသွားပြီး ဟောက်ချန်ဟွမ်းကို မျက်စောင်းထိုးလိုက်တော့ ဟောက်ချန်ဟွမ်းက ချက်ချင်းပဲ လက်မြှောက် အရှုံးပေးသွားခဲ့သည်။ “ ကိုယ်ပဲ မှားတာပါ။ ကိုယ် ဘာမှ မမြင်ခဲ့ပါဘူး။ ”
“ ဟွန်း။ ”
“ မင်း ကိုယ့်ကို ဖက်တီးပုပ်ကြီး ဖြစ်စေချင်တယ် ဆိုလည်း ကိုယ် ပိုစားပေးပါ့မယ်။ ကိုယ် တကယ် ဝသွားပြီး ကြည့်မကောင်းတော့ရင်သာ မင်း ကိုယ့်ကို မချစ်တော့ဘဲ မနေနဲ့။ ”
စုယန်ယန် ဆွံ့အသွားရ၏။ ဘာ့ကြောင့်ရယ်မသိဘဲ ဟောက်ချန်ဟွမ်းက သူမကို အရင်ဆုံး ဦးအောင် စွပ်စွဲနေသည်ဟု ခံစားရသောကြောင့် ချက်ချင်းပဲ ခါးထောက်ပြီး မကျေမနပ် ပြောလိုက်မိသည်။ “ ကျွန်မက အဲ့လောက်တောင် သဘောထားသေးသိမ်တဲ့ လူမျိုးလား။ ”
ဟောက်ချန်ဟွမ်းက သူမကို မယုံသင်္ကာအကြည့်ဖြင့် ကြည့်ပြီး “ မင်း ကြွက်သားမြှောင်း ခြောက်ခု လိုချင်တာလား ၊ ဘီယာဗိုက် လိုချင်တာလား။ ” ဟု ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
စုယန်ယန်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေမိပြီး သူမရဲ့ စိတ်ထဲမှာလည်း စတင် ဝေခွဲမရဖြစ်ကာ လွန်ဆွဲနေခဲ့သည်။ တစ်ဖက်မှာက ကြွက်သားမြှောင်း ခြောက်ခုနှင့် နတ်သားလေး ၊ နောက်တစ်ဖက်မှာက လည်ပင်းကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် အဆီတွေ ဖောင်းအစ်နေတဲ့ မကောင်းဆိုးဝါးကြီး။
“ … ကြွက်သားမြှောင်း ခြောက်ခုပဲ လိုချင်တယ်။ ”