အခန်း ၈၈၆
Vol. 60 Ch. 886
အခန်း ( ၈၈၆ ) လူတစ်ယောက်က ဝနေရင် အရာအားလုံး ပျက်စီးသွားတာပဲ။
စုယန်ယန်သည် သူမဟာ အပေါ်ယံ ရုပ်ရည်သွင်ပြင်ကို အရမ်း မက်လွန်းပါသည်ဟု ကိုယ့်ကိုယ်ကိုယ် ဝန်ခံလိုက်ရကာ ဟောက်ချန်ဟွမ်းရဲ့ ကြွက်သားမြှောင်းတွေကို မနာလိုတဲ့ စိတ်နှင့် သူ့ကို ဖက်တီးပုပ်ကြီး ဖြစ်သွားတဲ့အထိ အများကြီး စားခိုင်းဖို့ အတွေးကို နောက်ဆုံးတော့ လက်လျှော့လိုက်ရသည်။
ဟောက်ချန်ဟွမ်းကတော့ သူမရဲ့ နောင်တရသွားတဲ့ အမူအရာလေးကို ကြည့်ကာ ရယ်ချင်သွားသည်။ “ မင်း ကိုယ့်ကို ဖက်တီး ဖြစ်သွားတဲ့အထိ တကယ် စားချင်စေချင်နေတာလား။ ”
“ တကယ်တော့ အဲ့လိုလည်း မဟုတ်ပါဘူး။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ရင်ဘတ်ကို ဖျတ်ခနဲ လှမ်းပုတ်လိုက်သည်။ “ ကျွန်မ နည်းနည်းလေး မတရားသလို ခံစားရလို့ပါ။ ကျွန်မတို့က အတူတူ စားနေကြတာ ဆိုပေမဲ့ ရှင်ကတော့ ကျွန်မထက် အများကြီး ပိုစားတယ်လေ။ အရင်တုန်းက ကျွန်မကသာ ဘောလုံးလို ဝတော့မလို ဖြစ်သွားပေမဲ့ ရှင်ကတော့ နည်းနည်းလေးတောင် မပြောင်းလဲခဲ့ဘူး။ ”
ဘယ်လောက်ပဲ အစားတွေ အများကြီး စား,စား ၊ ဝိတ်တက်မလာတဲ့ သူမလို လူမျိုးဟာ ဝိတ်ချနေတဲ့ မိန်းကလေးတိုင်းရဲ့ လူထုရန်သူပဲ ဖြစ်လေသည်။
ဟောက်ချန်ဟွမ်းက စိတ်မထိန်းနိုင်တော့ဘဲ သူ့ဇနီးလေးရဲ့ အနည်းငယ် ဖောင်းအစ်နေသော မျက်နှာလေးကို ဖျစ်ညှစ်ပစ်လိုက်သည်။ သူမရဲ့ မျက်နှာလေးက သူတို့ကလေးလေးရဲ့ မျက်နှာလေးလိုပဲ နူးညံ့အိစက်နေပါသည်။
“ ယောက်ျားနဲ့ မိန်းမ ဆိုတာ မတူဘူး။ မိန်းကလေးက နည်းနည်းလေး ဝရင် ချစ်စရာကောင်းပေမဲ့ ယောက်ျားလေးက ဝနေရင်တော့ … ”
စုယန်ယန်သည် သူ့ကို နားမလည်သလို မော့ကြည့်လိုက်မိသည်။ “ ဟမ်။ ”
“ မင်း စကားပုံတစ်ခု မကြားဖူးဘူးလား။ လူတစ်ယောက်က အသားဖြူရင် ကျန်တဲ့ အရုပ်ဆိုးတဲ့ အစိတ်အပိုင်းတွေ အကုန်လုံး ဖုံးကွယ်သွားပေမဲ့ ဝရင်တော့ အရာအားလုံး ပျက်စီးသွားတာပဲ။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်သည်။ “ ကိုယ့်ကြွက်သားမြှောင်းတွေ အဆီတုံးတွေ ဖြစ်လာတဲ့အထိ ဝသွားရင် ချစ်စရာကောင်းတော့မှာ မဟုတ်ဘူး။ အဲ့ဒါက ကိုယ့်မျက်လုံးတွေကိုလည်း နာကျင်စေလိမ့်မယ်။ ”
စုယန်ယန်က နှုတ်ခမ်းစူပြီး ဟောက်ချန်ဟွမ်းရဲ့ လက်ကို တွန်းထုတ်လိုက်သည်။ “ အဲ့ဒါက ဘာမှားနေလို့လဲ။ ”
ထိပ်ပြောင်ပြောင် ၊ ဗိုက်ပူပူနှင့် သက်လတ်ပိုင်းအရွယ် ဦးလေးကြီးတွေကို စုယန်ယန် မမြင်ဖူးတာတော့ မဟုတ်ပါ။ ဟောက်ချန်ဟွမ်းကို ကြည့်ပြီး သူ ဘောကွင်း ပိုက်ထားတဲ့ ပုံစံကို စိတ်ကူးထဲမှာ တိတ်တိတ်လေး ပုံဖော်ကြည့်ကာ ရယ်ချလိုက်မိသည်။
ဟောက်ချန်ဟွမ်းက အံ့ဩသွားပြီး သူမကို ကြောင်တောင်တောင်လေး ကြည့်သည်။ “ ဘာဖြစ်လို့လဲ။ ”
“ ဘာမှ မဖြစ်ပါဘူး။ ရှင် ဘယ်လို ပုံစံပဲ ဖြစ်သွား ဖြစ်သွား ကျွန်မအတွက်တော့ ချစ်စရာကောင်းပြီး ချောနေတုန်းပဲ။ ”
စုယန်ယန်ရဲ့ စကားတွေက အလွန် ရိုးသားသော်လည်း သူမရဲ့ မျက်လုံးထဲက အပြုံးကတော့ မရိုးသားသူတစ်ယောက်လိုပင် အနည်းငယ် ကူလီကူမာနိုင်နေခဲ့သည်။
ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ ထိုပုံစံကို ကြည့်ကာ သူမ ပုံမှန်မဟုတ်တဲ့ အတွေးတွေကို သေချာပေါက် ထပ်တွေးနေပြန်ပြီ ဆိုတာ နားလည်သွားသောကြောင့် ထိုကိစ္စကို ဆက်မေးမနေတော့ဘဲ အပြုံးယဲ့ယဲ့လေးဖြင့် မေးလိုက်သည်။ “ ကြယ်လေးကို ဒီနေ့ ကုမ္ပဏီကို ခေါ်သွားတာ အဆင်ပြေရဲ့လား။ သူ့ကြောင့် မင်း အနှောင့်အယှက် ဖြစ်သွားသေးလား။ ”
“ ဟင့်အင်း ၊ မဖြစ်ပါဘူး။ ကြယ်လေးက တစ်နေကုန် အရမ်း လိမ္မာနေတာ။ ကျွန်မရဲ့ ကုမ္ပဏီက ကျွန်မ သူ့ကို ခေါ်လာတယ် ဆိုတာလည်း သိရော ၊ သူ့ကို ဖက်ပြီး ဓာတ်ပုံတွဲရိုက်ဖို့ ပြေးလာကြတယ်။ သူကလည်း ငြိမ်ငြိမ်လေး နေပေးတယ် ၊ မငိုဘူး။ သူတို့က ကျွန်မရဲ့ ရုံးခန်းထဲကို ပျားအုပ်ကြီးလို ပြေးလာလို့ ကျွန်မမှာ အလုပ်,လုပ်ချင်စိတ် မရှိတော့ရုံလေးပဲ။ ကျွန်မ အလုပ်မဆင်းသေးခင်အထိ လက်စမသတ်ရသေးတဲ့ စာရွက်စာတမ်းတွေ အများကြီး ရှိနေတုန်းပဲ။ ကျွန်မ အဲ့စာရွက်စာတမ်းတွေ အကုန်လုံးကို အစ်ကိုကျွင်းရှန့်နဲ့ လွှဲပေးခဲ့တာ။ ပြန်တွေးကြည့်မှ ကျွန်မ သူ့ကို နည်းနည်းတောင် အားနာလာတယ်။ ”
အပြစ်တင်ခံထားရပေမဲ့ လုံးဝကြီး အပြစ်ကင်းတာ မဟုတ်တဲ့ အနုပညာရှင်များ : “ … ”
ဟောက်ချန်ဟွမ်းက ခဏ စဉ်းစားကြည့်လိုက်သည်။ “ တကယ်လည်း ကလေးနဲ့ အလုပ်,လုပ်ရတာ မလွယ်လောက်ဘူး။ ”
“ အင်း။ ”
“ ဒါဆို မနက်ဖြန် ကိုယ်ပဲ သူ့ကို ရုံးကို ခေါ်သွားလိုက်ရမလား။ ”
“ အင်း။ ” စုယန်ယန်က ဖျတ်ခနဲ ခေါင်းညိတ်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိထားမိသွားပုံပေါ်သည်။ “ ရှင် ဘာပြောလိုက်တာ … ။ ကလေးကို အလုပ်ကို ခေါ်သွားမလို့လား။ ”
“ မင်း ဘာလို့ အဲ့လောက် လန့်သွားတဲ့ ပုံစံပေါက်နေတာလဲ။ မင်းလည်း ဒီနေ့ သူ့ကို ရုံးကို ခေါ်သွားတယ် မဟုတ်ဘူးလား။ ”
ဟောက်ချန်ဟွမ်းသည် ထိုစကားကို ပြောချိန်အထိ အနည်းငယ် သဝန်တိုနေမိသေး၏။ သူ့ဇနီးက သူတို့ကလေးကို ဆော့ကစားခိုင်းဖို့ အပြင်ကို ခေါ်သွားပေမဲ့ သူကတော့ ဖယ်ချန်ထားခဲ့ခံရသည်။
“ အဲ့ဒါက ဘယ်လိုလုပ် တူမှာလဲ။ ” စုယန်ယန်က စိတ်ထဲကနေပဲ ဆက်ပြောလိုက်သည်။ ‘ ရှင့်ကုမ္ပဏီဝန်ထမ်းတွေရှေ့က ရှင့်ပုံရိပ်နဲ့ ဆိုရင် ကျွန်မလိုမျိုး ကလေးကို ကုမ္ပဏီကို ခေါ်သွားရင် ရှင့်လက်အောက်ဝန်ထမ်းတွေ အကုန်လုံး အထင်နဲ့ အမြင်လွဲနေတာကို သိသွားလိမ့်မယ်။ ”
“ အဲ့လို ဆိုတော့ရော ဘာထူးခြားသွားလို့လဲ။ မင်းက သူ့အမေ ၊ ကိုယ်က သူ့အဖေပဲ။ ကလေးကို အပြင်ကို ခေါ်သွားတာက လုပ်သင့်တာပဲလေ။ ”
“ … ကျွန်မ ပြောချင်တာက တကယ်ရော ရှင်တစ်ယောက်တည်း ကလေးထိန်းနိုင်တာ ဟုတ်ရဲ့လားလို့လေ။ ”
ဟောက်ချန်ဟွမ်း ရယ်မောလိုက်သည်။ “ မင်းတောင် ကလေးထိန်းနိုင်သေးတာ ကိုယ်ကရော ဘာလို့ မထိန်းနိုင်ရမှာလဲ။ များသောအားဖြင့် အိမ်မှာ ကြယ်လေးကို ထိန်းတဲ့ လူက ကိုယ်ပဲ ဆိုတာ မင်းလည်း သိရက်သားနဲ့။ ”