← Chapters

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း ( ၈၈၇ ) ကလေးကို ကူထိန်းပေးပါ။

စုယန်ယန်တစ်ယောက် လည်ချောင်းနင်သွားသလို ခံစားလိုက်ရ၏။ တကယ်လည်း သူမ အိမ်မှာ ရှိနေတဲ့ အချိန်မှာ ဟောက်ချန်ဟွမ်းကပဲ ကြယ်လေးကို အများအားဖြင့် ဂရုစိုက်ပေးတာပါ။ ဒိုက်ပါလဲပေးသည် ၊ နို့မှုန့်ဖျော်ပေးသည် ၊ ကလေးကို ရေတောင် ချိုးပေးလိုက်သည်။ အချိန်အများစုမှာ အဲ့ဒါတွေ အကုန်လုံးကို သူကိုယ်တိုင်ပဲ လုပ်ပေးနေကျ ဖြစ်သည်။

သူ့ပြောစကားအရ ယောက်ျားနှင့် မိန်းမ အသားချင်း ထိတွေ့တာ မသင့်တော်ပါဘူးတဲ့။ ကလေးက အသက်နှစ်လ မပြည့်သေးရင်တောင်မှ ယောက်ျားလေးတစ်ယောက် ဖြစ်နေဆဲပင်။

သဝန်တိုတတ်သူရဲ့ တင်းကျပ်သော အကာအကွယ်အောက်မှာ ရံဖန်ရံခါ နို့တိုက်တာက လွဲလို့ စုယန်ယန်သည် အခြေခံအားဖြင့် အားလပ်ချိန်မှာ ကလေးနှင့်အတူ ဆော့ပေးဖို့လောက်သာ တာဝန်ယူထားသည်။

ထိုအဖြစ်က ကလေးရှေ့မှာ သူမရဲ့ နေရာကို စိုးရိမ်ရစေသည်။ စုယန်ယန်သည် ခဏလောက် နှုတ်ဆိတ်နေမိပြီးမှ လည်ပင်းဆန့်ပြီး “ အဲ့လို ဆိုတော့ရော ဘာဖြစ်လို့လဲ။ ဘာပဲဖြစ်ဖြစ် ကလေးက ကျွန်မကို ပိုချစ်နေတုန်းပဲ။ သူ အော်ငိုတဲ့ အချိန်တိုင်းမှာ ကျွန်မကိုပဲ ချီစေချင်တာ။ ”

“ ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကလေးက မင်းကိုပဲ အချစ်ဆုံးပါ။ ကိုယ်က ဘယ်နည်းနဲ့မှ မင်းကို မမီနိုင်ပါဘူး။ ”

ဟောက်ချန်ဟွမ်းရဲ့ တုံ့ပြန်စကားက တည့်တိုးဆန်လွန်း၍ စုယန်ယန်ကိုပင် အနည်းငယ် ရှက်ရွံ့သွားစေခဲ့သည်။ သူမက “ ရှင် သူ့ကို အလုပ်ကို တကယ်ကြီး ခေါ်သွားမလို့လား။ ” ဟု နောက်အကြိမ် ထပ်မေး၍ အတည်ပြုလိုက်သည်။

“ မင်း သူ့ကို ကိုယ်နဲ့ စိတ်မချတုန်းပဲလား။ ”

“ ကျွန်မ သူ့ကို စိတ်မချတာ မဟုတ်ဘူး။ ရှင့်ကို စိတ်မချတာ။ ” စုယန်ယန်က မျက်မှောင်ကြုတ်ပြီး ခဏ တွေးကြည့်နေမိသည်။ သူမရဲ့ စိုးရိမ်စိတ်က ပျောက်ကွယ်မသွားသေးပါ။ “ ကြယ်လေးက ချော့မရပြုမရနဲ့ ဆက်တိုက် ငိုနေရင် ၊ ဒါမှမဟုတ် ရှင် အလုပ်ကိစ္စ တစ်ခုခု ပေါ်လာလို့ ထွက်သွားရမယ် ဆိုရင် ရှောက်ယန်နဲ့ တခြားလူတွေကို အကူအညီတောင်းပြီး သူ့ကို ကျွန်မ ပြန်ပို့ခိုင်းလိုက်ပါ။ ”

“ ဟုတ်ပါပြီ။ ”

သို့သော်လည်း ကလေးကို သူ့အဖေတစ်ယောက်တည်း အပြင်ခေါ်သွားတာ ဒါ ပထမဆုံးအကြိမ်မို့ စုယန်ယန်သည် သူမ နည်းနည်းပါးပါး ကြိုတင်ပြင်ဆင်ထားစရာလေးတွေတော့ လိုသေးသည်ဟု ခံစားလိုက်ရ၏။

ဟောက်ချန်ဟွမ်း ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးနေတုန်း ကုရှောက်ယန်နှင့် ကျန်နှစ်ယောက်ကို သီးသန့် Group တစ်ခု သက်သက်ဖွဲ့ကာ အွန်လိုင်းပေါ်ကနေ အကူအညီလှမ်းတောင်းလိုက်သည်။

ပုံမှန် သခင်မလေး : မနက်ဖြန် ချန်ဟွမ်းက ကလေးကို ကုမ္ပဏီကို ခေါ်သွားမယ်တဲ့။ မနက်ဖြန် ရုံးချုပ်မှာ ဘယ်သူ တာဝန်ကျမှာလဲ။ တာဝန်ကျတဲ့ လူက သူ့ကို တဆိတ်လောက် ကူညီပေးလိုက်ပါ။

ကုရှောက်ယန်နှင့် ကျန်လူတွေက ထိုမက်ဆေ့ခ်ျကို မြင်သည်နှင့် အနည်းငယ် မှင်တက်သွားခဲ့ကြသည်။ သူတို့ သတိပြန်ဝင်လာချိန်မှာတော့ တစ်ချန်တည်းမှာပဲ စာတွေ စရိုက်ခဲ့ကြလေသည်။

မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတဲ့ ယု : မနက်ဖြန် သခင်လေးက မင်းသားကို ကုမ္ပဏီကို ခေါ်လာမှာတဲ့လား။ ဘုရားရေ ၊ ငါ မင်းသားလေးကို မနက်ဖြန်ကျ မြင်ရတော့မှာလား။ ငါ သူ့ကို ဖက်လို့ ရလား ၊ ငါ သူနဲ့ ဓာတ်ပုံတွဲရိုက်လို့ ရလား။

ယန်ယန်လေး : သခင်လေးက မင်းသားလေးကို ကုမ္ပဏီကို ခေါ်လာတော့မှာတဲ့လား။ မင်းသားလေးကို သူတစ်ယောက်တည်း ခေါ်လာမှာလား။ သခင်လေး လုပ်ရော လုပ်နိုင်လို့လား။ ငါက အရင်တုန်းက တစ်ခါမှ ကလေးထိန်းဖူးတာ မဟုတ်ဘူးနော်။ ငါ ကူညီနိုင်ပါ့မလား ဆိုတာ မသေချာဘူး။

လုံ့လဝီရိယရှိတဲ့ ကျိုး : စိတ်ချပါ သခင်မလေး။ မနက်ဖြန်ကျရင် ကျွန်တော်တို့သုံးယောက်လုံး အပတ်စဉ် အစည်းအဝေးမှာ ရှိနေမှာပါ။ ကျွန်တော်တို့ သခင်လေးကို ကလေးကူထိန်းပေးလိုက်ပါ့မယ်။

စုယန်ယန် ဆွံ့အသွားရပါသည်။ နောက်ဆုံးစကားက ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ဘာက ထူးဆန်းနေတာလဲ ဆိုတာကိုတော့ သူမ မပြောတတ်ပါ။

သူမရဲ့ ကုမ္ပဏီက အနုပညာရှင်တွေက ကြယ်လေးကို အိမ်ရှေ့စံမင်းသားလေးဟု ခေါ်ရတာကို သဘောကျတာမို့ ယုကျစ်ယန်နှင့် ကျန်လူတွေကလည်း သူ့ကို ထိုအသုံးအနှုန်းအတိုင်း ခေါ်နေချိန်မှာ အဲ့ဒါကို ထူးဆန်းသည်ဟု မခံစားရတော့ပါ။ ဒါပေမဲ့ …

ပုံမှန် သခင်‌မလေး : မနက်ဖြန် ရှင်တို့ရဲ့ ကုမ္ပဏီမှာ အစည်းအဝေးရှိတာလား။

ဟောက်ချန်ဟွမ်းက ခုနတုန်းက သူမကို အဲ့ဒီလို အရေးကြီးတဲ့ ကိစ္စအကြောင်း ပြောမသွားပါ။ လုပ်နေကျ အစည်းအဝေးသာ ဆိုရင် ကုမ္ပဏီ တစ်ခုလုံးအနေဖြင့် ကျင်းပတဲ့ အစည်းအဝေး မဟုတ်ရင်တောင် အနည်းဆုံးတော့ ကုမ္ပဏီရဲ့ ကြီးကြပ်ရေးမှူး တစ်စိတ်တစ်ဒေသကို ခေါ်ရလိမ့်မည်။

စဉ်းစားကြည့်လိုက်ပါ။ အစည်းအဝေးခန်းမကြီးထဲမှာ ကုမ္ပဏီအမှူဆောင် အယောက် နှစ်ဆယ် ၊ သုံးဆယ်လောက်က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တွေနှင့် အနာဂတ် ဆောင်ရွက်ချက်တွေအကြောင်း လေးနက်သော အမူအရာများဖြင့် ဆွေးနွေးနေကြသော်လည်း သူတို့ဘေးမှာ ပန်းရောင် ကလေးလက်တွန်းလှည်းလေးတစ်ခု ရှိနေပြီး ကလေးရဲ့ ငိုသံလေးတွေကို ရံဖန်ရံခါ ဆိုသလို ကြားနေရသည်။

ထိုမြင်ကွင်းကို တွေးကြည့်ရုံနှင့်ပင် စုယန်ယန်ကို မွန်းကြပ်စေ၏။ ဒါပေမဲ့ သူ ကလေးကို အစည်းအဝေးခန်းမထဲ ခေါ်မသွားဘဲ ရုံးခန်းထဲမှာသာ ထားခဲ့တယ် ဆိုရင်လည်း …

ပုံမှန် သခင်မလေး : ဒါဆို ထားလိုက်ပါတော့။ ကျွန်မ မနက်ဖြန်ကျ ကလေးကို သူနဲ့ ထည့်မပေးလိုက်တော့ဘူး။ အခွင့်သာတာနဲ့ သူ့ကို ဒီအကြောင်း သွားပြောလိုက်မယ်။

ချစ်စရာ‌ အိမ်ရှေ့စံမင်းသားလေးကို ပွေ့ဖက်ရမယ့် အိပ်မက်ထဲမှာ နစ်မြုပ်နေတဲ့ သူတို့သုံးယောက်သည် ထိုမက်ဆေ့ခ်ျကို မြင်သည်နှင့် ရုတ်တရက် ဆိုသလိုပဲ ခေါင်းနားပန်းတွေ ကြီးသွားခဲ့သည်။

မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတဲ့ ယု : မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ သခင်‌မလေး … ကျေးဇူးပြုပြီး မနက်ဖြန် သခင်လေးကို မင်းသားလေးကို ခေါ်လာခိုင်းလိုက်ပါ။ ကျွန်တော်တို့ မင်းသားလေးကို သေချာပေါက် ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါ့မယ်။

All Chapters