အခန်း ၈၈၈
Vol. 60 Ch. 888
အခန်း ( ၈၈၈ ) နှစ်အနည်းငယ် ထောင်ကျခြင်း။
ယန်ယန်လေး : ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ သခင်လေးတစ်ယောက်တည်း သူ့ကို မထိန်းနိုင်မှာကို မစိုးရိမ်ပါနဲ့ သခင်မလေး။ ကျွန်တော်တို့က အတွေ့အကြုံမရှိလို့ သိပ်မကူညီပေးနိုင်ပေမဲ့ ကုမ္ပဏီထဲမှာ မိန်းကလေးတွေ ၊ ကလေးအမေတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အိမ်ရှေ့စံမင်းသားလေးကို အိမ်မှာလိုပဲ ခံစားရအောင် ကောင်းကောင်း အမှုထမ်းပေးလိုက်ပါ့မယ်။
လုံ့လဝီရိယရှိတဲ့ ကျိုး : အစည်းအဝေးကို သခင်မလေး စိုးရိမ်နေတာလား။ အဲ့လို ဆိုရင်တော့ သခင်မလေး စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်က အစည်းအဝေးမှာ မရှိလည်း အရေးမကြီးဘူး ဆိုတော့ ကလေးနဲ့ အတူ ရှိနေပြီး ကလေးကို ဂရုစိုက်ပေးလိုက်ပါ့မယ်။
မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတဲ့ ယု : မင်းက ထပ်ညစ်နေပြန်ပြီ။ ကျွန်တော်လည်း အစည်းအဝေးမတက်ဘဲ ကျန်ခဲ့ပြီး ကလေးထိန်းပေးနိုင်ပါတယ် သခင်မလေး။
ယန်ယန်လေး : + ၁
“ … ” နင်တို့အားလုံး ငါ့ကလေးပေါ်ကို လက်တင်ဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေတယ်လို့ ငါ ဘာလို့ ခံစားရတာပါလိမ့်။
အရင်တုန်းကတော့ စုယန်ယန်သည် ဟောက်ချန်ဟွမ်း အလုပ်ရှုပ်နေပြီး သူမရဲ့ ကလေးကို လျစ်လျူရှုထားတာမှာကို စိုးရိမ်မိခဲ့ပေမဲ့ အခုတော့ သူမရဲ့ ကလေး ကျောက်မီးသွေးတွင်းထဲ ပြုတ်ကျသွားပြီး ထူးဆန်းတဲ့ ဦးလေးကြီးတွေဆီမှာ အဝိုင်းခံထားရမှာကိုပဲ စကားနှင့် ဖော်ပြလို့ မရလောက်အောင် စိုးရိမ်သွားမိလေသည်။
ပုံမှန် သခင်မလေး : အာ … ကျွန်မ ကုမ္ပဏီလိုမျိုး အရေးကြီးတဲ့ နေရာအကြောင်း တွေးကြည့်ပြီးသွားပြီ။ ဘော့စ်က သူ့ကလေးကို ခေါ်သွားဖို့ သင့်တော်တဲ့ နေရာမျိုး မဟုတ်ဘူး ထင်တယ်။ ရှင်တို့လည်း ခေါင်းကိုက်ရလိမ့်မယ်။
စုယန်ယန်ရဲ့ စကားမဆုံးသေးခင်မှာပဲ သူတို့သုံးယောက်ရဲ့ မက်ဆေ့ခ်ျတွေက တရစပ် ပျံဝဲလာခဲ့သည်။
မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတဲ့ ယု : မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ သခင်မလေး အထင်လွဲနေတာပါ။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီက ဒီမိုကရေစီစနစ်ကို ထောက်ခံပြီး ကြင်နာတတ်ပါတယ်။ ကုမ္ပဏီဘက်က ချမှတ်ထားတဲ့ အချိန်အတွင်းမှာ ပေးထားတဲ့ အလုပ်တွေ အကုန်လုံးကို ပြီးသွားတာနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဂရုစိုက်စရာ မလိုတော့ဘူး။ သခင်လေး သူ့ကလေးကို အလုပ်ကို ခေါ်လာတာ မထူးဆန်းပါဘူး။ အရင်တုန်းက ကုမ္ပဏီထဲမှာ မိသားစုဝင်တွေ အကုန်လုံး အပြင်ထွက်ရတဲ့ မိသားစုဝင်တစ်ယောက် ရှိဖူးတယ်။ ကလေးကို ဂရုစိုက်ပေးမယ့် တစ်ယောက်မှ မရှိတော့ သူကလည်း ကုမ္ပဏီကို စိတ်ဖြောင့်ဖြောင့်နဲ့ မသွားနိုင်ဘူး။ အဲ့ဒါနဲ့ ကလေးကို ကုမ္ပဏီကို ခေါ်လာပြီး ကလေးထိန်းပေးခဲ့တာ။
ယန်ယန်လေး : ဟုတ်တယ်။ ကျွန်တော် အဲ့ကိစ္စကို သက်သေပြပေးနိုင်ပါတယ်။
လုံ့လဝီရိယရှိတဲ့ ကျိုး : ဟုတ်တယ်။ အဲ့ဒါ အမှန်ပါ။
အဲ့ဒီနောက် သူတို့သုံးယောက်သည် ကုမ္ပဏီတွင်းက “ ယုံကြည်နိုင်ဖွယ်ရာ ” ဇာတ်လမ်းမျိုးစုံကို ဖြန့်ဝေဖို့ အစွမ်းကုန် ကြိုးစားကာ စုယန်ယန်ကို ဟောက်ချန်ဟွမ်းအား သူမရဲ့ ကလေးကို အလုပ်သို့ ခေါ်သွားခွင့်မပြုဖို့ စိတ်ကူးကို ပယ်ဖျက်စေရန် ကြိုးစားခဲ့ကြသည်။
စုယန်ယန်က ဖန်သားပြင်ပေါ်မှာ ဝဲပျံနေတဲ့ ဖြေရှင်းချက်တွေကို ကြည့်ပးကု သူမ ကြားဝင်ဖြတ်ပြောချင်လျှင်တောင် ဖြတ်ပြောဖို့ အခွင့်မသာပေ။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် တွန့်ချိုးသွားကာ နောက်ဆုံးတော့ စိတ်ပျက်လက်ပျက် လက်လျှော့လိုက်ရတော့သည်။ ကဲပါ … ထားလိုက်ပါတော့ … ။
ထိုအချိန်မှာပဲ သူမရဲ့ နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံဟာ သူမကို ထခုန်မိသွားစေခဲ့သည်။ “ မင်း ဘာတွေ ကြည့်နေတာလဲ။ ”
“ ဘာမှ မကြည့်ပါဘူး။ ” စုယန်ယန်က ဖန်သားပြင်ကို မလုံမလဲ ပိတ်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ ရဲတွေဆီက ဘာသတင်းမှ မကြားရသေးဘူး ဆိုတာ ကျွန်မ သတိရသွားလို့ပါ။ ကျွန်မတို့ ဘယ်အချိန်မှ ဟောက်ချီဟန်ကို ဖမ်းနိုင်မလဲ မသိဘူး။ ”
“ မကြာခင် ဖမ်းနိုင်မှာပါ။ ” ဟောက်ချန်ဟွမ်းက အိပ်ရာဆီ လျှောက်သွားပြီး ထိုင်ချလိုက်ကာ စုယန်ယန်ကို နူးနူးညံ့ညံ့လေး ပွေ့ဖက်လိုက်သည်။ “ ဒီရက်ပိုင်းအတွင်းလောက်ပေါ့။ ”
“ ဟမ်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို နားမလည်သလို ကြည့်လိုက်သည်။ သူမရဲ့ အလိုလို သိစိတ်က သူ တစ်ခုခုကို သိထားလောက်သည်ဟု သူမကို ပြောနေသည်။ သူ အကြာကြီး တိတ်နေတော့ သူမက တခြားလူတစ်ယောက်အကြောင်းကို ပြောင်းမေးလိုက်ပါသည်။
“ ဟိုမိန်းမရော … ။ ရဲတွေက ဘာပြောလဲ။ ”
အိမ်အကူအမျိုးသမီးအကြောင်း စုယန်ယန် မေးတာကို ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အေးစက်မှု အရိပ်အငွေ့တွေ ယှက်သန်းသွားကာ လှောင်ပြုံး ပြုံးလိုက်သည်။
“ ကိုယ်တို့ သူ့သားကို တကယ် တိုက်ခိုက်မှာကို စိုးရိမ်နေလောက်မှာပေါ့။ သူ့ကို ရဲတွေ ခေါ်သွားတဲ့ နောက်ပိုင်း ဟောက်ချီဟန်နဲ့ သူ ဆက်သွယ်ထားတဲ့ အချက်အလက်တွေနဲ့ ငွေလွှဲပြေစာတွေ အကုန်လုံးကို သူ့ဘက်က အရင် ဝန်ခံလိုက်တာ။ ရှေ့နေ ပြောတာတော့ သူ သုံး ၊ လေးနှစ်လောက် ထောင်ကျမှာ သေချာတယ်တဲ့။ မင်း မကျေနပ်ရင် သူ့ကို ထောင်ထဲမှာ နောက်ထပ် နှစ်နည်းနည်း ပိုနေရအောင် လုပ်လို့ ရတယ်။ ”
ထိုအမျိုးသမီးက စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း ကြံရာပါအဆင့်ပဲမို့ ပြစ်ဒဏ်ချမှတ်ခံရတယ် ဆိုရင်တောင် အများကြီး ပြစ်ဒဏ်ချခံရမှာတော့ မဟုတ်ပါ။ အလွန်ဆုံးမှ နှစ်အနည်းငယ် ထောင်ကျရုံလောက်ပင်။
ဒါပေမဲ့ အဲ့ဒါက ဘာမှ မဟုတ်သေးပေ။ သူမ ထောင်ထဲက ထွက်လာတဲ့အခါ ထောင်ကျတာက အဆိုးဝါးဆုံး မဟုတ်တာကို နားလည်သွားလိမ့်မည်။ ထောင်ထဲက ထွက်လာချိန်မှာ သူမကို စောင့်ကြိုနေမယ့် အရာက ကမ္ဘာမြေပေါ်က ငရဲပဲ ဖြစ်လေစည်။
ဟောက်ချီဟန်အတွက်ကတော့ အစကတည်းက ဟောက်ချန်ဟွမ်းမှာ သူ့ကို အသက်ရှင်ခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိ။