← Chapters

အခန်း ၈၉၀

Vol. 60 Ch. 890

အခန်း ၈၉၀

Vol. 60 Ch. 890

အခန်း ( ၈၉၀ ) ကလေးလေးနဲ့ ဘော့စ်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ပြောသွားတဲ့ စကား တစ်လုံးစ ၊ နှစ်လုံးစကို နားထောင်ကြည့်ရသလောက် ဟောက်ချီဟန် ရှိနေတဲ့ နေရာနှင့် ပတ်သက်တဲ့ သဲလွန်စ တချို့ကို သူ ရနေလောက်ပြီ ဆိုတာ အကြမ်းဖျင်း ခန့်မှန်းနိုင်သွား၏။

လောလောဆယ်မှာ သူ ဘာလုပ်ဖို့ ပြင်ဆင်နေလဲ ဆိုတာတော့ မသိသော်လည်း ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ လူတစ်ယောက်မို့ အနည်းဆုံးတော့ သူမ စိတ်အေးအေး နေလို့ ရသည်။ သတိအထားရဆုံး ကိစ္စကတော့ ‘ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးလို့ မရဘူး ’ ဆိုတဲ့ စကားပုံထဲကအတိုင်း ကြယ်လေး ပြန်ပေးဆွဲခံရမလို ဖြစ်သွားတဲ့ ကိစ္စကို အကြာကြီး ဖုံးကွယ်ထားလို့ မရတာပဲ ဖြစ်သည်။ ဘယ်လောက်မှ မကြာလိုက်ဘဲ ထိုသတင်းကို စုယွီရွှမ်း ကြားသွားခဲ့ပါသည်။

“ နင် ဘာလို့ ငါ့တူကို ကုမ္ပဏီကို ရုတ်တရက်ကြီး ခေါ်သွားပါလိမ့်လို့ ငါ တွေးနေတာ။ ကျွင်းရှန့်ကတောင် နင် ကလေးနဲ့ အကြာကြီး ခွဲမနေနိုင်လို့ ကလေးကို ကုမ္ပဏီကို ခေါ်သွားတာပါလို့ ငါ့ကို ပြောခဲ့သေးတယ်။ ငါသာ သတိရှိရှိနဲ့ စုံစမ်းမကြည့်ခဲ့ရင် နင် ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ငါ မသိအောင် ဘယ်အချိန်ထိ ဖုံးထားမယ်လို့ တွေးနေတာလဲ။ ”

စုယန်ယန်က အစ်ကိုဖြစ်သူရဲ့ ဒေါသသံစွက်နေသော မေးခွန်းကို မလုံမလဲစိတ်ဖြင့် ပြန်ဖြေလိုက်သည်။ “ ကျွန်မ မှားသွားပါတယ် အစ်ကို။ ကလေးက အဆင်ပြေပါတယ် ၊ ဘာမှ မဖြစ်ဘူး။ သူ့ကို တံခါးဆီ သယ်သွားတဲ့ လမ်းမှာပဲ ရှာတွေ့သွားပြီး ပြန်လုယူလိုက်တာ။ သူ ဘာမှ ထိခိုက်သွားတာ မရှိသလို ကြောက်လို့ အော်ငိုနေတာမျိုးလည်း မရှိခဲ့ဘူး။ အစ်ကို စိတ်ပူနေမှာ စိုးလို့ ညီမ မပြောပြခဲ့တာပါ။ ”

“ ငါတို့ အဲ့သတင်းကို သိသွားရင် စိတ်အပူလွန်ပြီး သေမှာ စိုးရိမ်လို့လား။ ”

စုယန်ယန်သည် လည်ချောင်းနင်သွားကာ ခေါင်းငုံ့၍ သူမကိုယ်သူမ ပိုလို့တောင် အပြစ်တင်လိုက်မိသည်။

“ အဖေ‌နဲ့ အမေရော ဒီကိစ္စကို သိပြီးပြီလား။ ”

“ နင် ဘယ်လို ထင်လို့လဲ။ ငါ သိပြီးပြီ ဆိုမှတော့ သူတို့လည်း မသိသေးဘဲ နေမလား။ ”

စုယန်ယန်က ပိုလို့တောင် ခေါင်းငုံ့သွားသည်။ “ အဖေနဲ့ အမေ ဘာပြောလဲ။ အစ်ကို သူတို့ကို ကြယ်လေး ဘာမှ မဖြစ်ဘူး ဆိုတာရော ပြောလိုက်လား။ ”

“ ပြောလိုက်တယ်။ ဒါပေမဲ့ ဒီလို ကိစ္စမျိုးကို ပေါ့ပေါ့ပါးပါး ပြောလို့ ရမယ်လို့ နင် ထင်နေတာလား။ အမေဆို အရမ်း လန့်သွားတာ။ အဲ့သတင်းကို ကြားတာနဲ့ နင့်အိမ်ကို ပြေးလာပြီး သူ့မြေးကို လာကြည့်ချင်နေတာ။ ငါ့မှာ ညနက်နေပြီမို့လို့ နင်နဲ့ ကလေးလည်း အိပ်နေလောက်ပြီ ၊ သွားမကြည့်ပါတော့နဲ့ ဆိုပြီး မနည်း ပြောခဲ့ရတယ်။ ”

စုယွီရွှမ်း သက်ပြင်းရှိုက်လိုက်သည်။ “ နင် ကြယ်လေးကို မနက်ဖြန်မနက်ရော ကုမ္ပဏီကို ခေါ်သွားမှာလား။ နင် ခေါ်မသွားဘူး ဆိုရင် ငါတို့ နင့်အိမ်ကို မနက်ဖြန်မနက်ကျ တန်းလာခဲ့မယ်။ ခေါ်သွားမယ် ဆိုရင်တော့ သူ့ကို နေ့ခင်းလောက်ကျ အိမ်ကို ခေါ်လာခဲ့လိုက်ပေါ့ ၊ အဲ့ဒါမှ အဖေနဲ့ အမေလည်း သူ့ကို ကြည့်ပြီး စိတ်ချနိုင်မှာ။ ”

“ အမ် ၊ ညီမ သူ့ကို မနက်ဖြန် ကုမ္ပဏီကို ခေါ်မသွားဖြစ်ဘူး။ ”

“ ဒါဆို မနက်ဖြန်မနက်ကျ ငါတို့ လာခဲ့တယ်။ နင် ဦးလေးကျန်းကို ပြောထားရင် ပြောထားလိုက်ပေါ့ ၊ မဟုတ်ရင်လည်း မနက်ဖြန် အလုပ်စောစော သွားပြီး ငါတို့ကို အိမ်မှာ စောင့်နေလိုက်။ ”

စုယန်ယန်သည် စုယွီရွှမ်းရဲ့ စကားကို နားထောင်ပြီးနောက် သူမ ပြောချင်တဲ့ စကားကိုလည်း ဆက်ပြောလိုက်၏။

“ ဒါပေမဲ့ ညီမ သူ့ကို မနက်ဖြန် ခေါ်မသွားဘူး ဆိုရင်တောင် ချန်ဟွမ်းက သူ့ကို ခေါ်သွားလိမ့်မယ်။ ”

“ … ”

စုယွီရွှမ်းသည် စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်နေပြီးမှ လေသံမာမာဖြင့် “ နင် ဘာပြောလိုက်တယ်။ ” ဟု ပြန်မေးလိုက်၏။

စုယန်ယန်က ထိတ်လန့်မှုကြောင့် နာကျင်သွားတဲ့ သူမရဲ့ နားရွက်ကို ပွတ်သပ်ကာ ကူကယ်ရာမဲ့ ပြောလိုက်သည်။ “ သူ မနက်ဖြန် ကလေးကို သူ့ကုမ္ပဏီကို ခေါ်သွားမယ်လို့ ပြောတယ်။ ”

“ သူတစ်ယောက်တည်းလား။ ကလေးကို သူတစ်ယောက်တည်း ထိန်းနိုင်မှာမို့လို့လား။ ”

“ များသောအားဖြင့် အိမ်မှာလည်း ကလေးကို သူပဲ ပိုဂရုစိုက်ပေးနေကျ ဆိုတော့ အ … အဆင်ပြေလောက်ပါတယ်။ ”

“ … သူ ကလေးနဲ့ လျှောက်ဆော့မနေဘဲ ကလေးကို သေချာ ဂရုစိုက်ပေးမယ် ဆိုတာ နင် သေချာတယ်ပေါ့။ ”

စုယန်ယန်ရဲ့ နှုတ်ခမ်းတွေ ခပ်တင်းတင်း စေ့ပိတ်သွားရသည်။ “ ဒါဆို ညီမ သူ့ကို ခဏနေရင် သွားပြောလိုက်ရမလား ၊ သူ့ကို မနက်ဖြန် ကလေးကို ကုမ္ပဏီကို ခေါ်မသွားခိုင်းတော့ဘူး။ ”

“ နင် ပြောစရာ မလိုတော့ဘူး။

“ အမ်။ ”

“ ငါ အဖေနဲ့ အမေ့ကို မေးပြီးသွားပြီ။ သူတို့ မနက်ဖြန်မနက် မအားဘူး။ ငါတို့ ဒီညပဲ နင်တို့ဆီ လာခဲ့မယ်။ ”

ထိုစကားကို ကြားတော့ စုယန်ယန်တစ်ယောက် ကြောင်တောင်တောင်လေး ဖြစ်သွားရသည်။ ခုနုတန်းကတော့ သူတို့ပဲ မနက်ဖြန်မနက် လာပါမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်က ဘယ်လို မအားဘူး ဖြစ်သွားရပြန်တာလဲ။

စိတ်ထဲမှာ အတွေးတွေ ဆူဝေသွားရပေမဲ့ စုယန်ယန် ခေါင်းညိတ် သဘောတူလိုက်ပါသည်။

နောက်တစ်နေ့မနက်မှာတော့ ဟောက်ချန်ဟွမ်းသည် ဝတ်စုံပြည့်ကို ချောမောခန့်ညားစွာ ဝတ်ဆင်ထားပြီး ပန်းရောင် ကလေးလက်တွန်းလှည်းလေးကို တွန်း၍ ကျောပေါ်မှာ ပန်းရောင် ဒိုက်ပါအိတ်လေးကို လွယ်လျက် သူ့ကုမ္ပဏီထဲကို ဖြည်းဖြည်းချင်း ဝင်သွားခဲ့လေသည်။

မိတ်ကပ်ကို လိုအပ်တာလေးတွေ ဖြည့်စွက်ဖို့ နှုတ်ခမ်းနီကို ထုတ်ယူနေတဲ့ ဧည့်ကြိုဝန်ထမ်းမလေးသည် ထိုမြင်ကွင်းကို မြင်သောအခါ သူမရဲ့ လက်က တုန်ယင်သွားပြီး နှုတ်ခမ်းထောင့်စွန်းတွင် အနီရောင် နှုတ်ခမ်းနီအစင်းကြောင်း အရှည်ကြီး ဖြစ်သွားခဲ့သည်။

All Chapters