အခန်း ၈၉၁
Vol. 60 Ch. 891
891 01
အခန်း ( ၈၉၁ ) ကလေးကို အစည်းအဝေးသို့ ခေါ်သွားခြင်း။
ထိုကဲ့သို့ အရေးပေါ် အခြေအနေမျိုးမှာပဲ တခြား ဧည့်ကြိုဝန်ထမ်းမလေး တစ်ယောက်သည် သတိပြန်ဝင်လာ၏။ အမျိုးသမီးငယ်လေးဟာ ငေးငိုင်ကြောင်အနေရာမှ ဖျတ်ခနဲ သတိပြန်ဝင်လာပြီး ဧည့်ကြိုစားပွဲအောက်တွင် အမြန် ပုန်းကွယ်၍ အထက်လူကြီးရှေ့မှာ သူမရဲ့ ပုံရိပ်ကို အသည်းအသန် ထိန်းသိမ်းလိုက်ရသည်။
ကျန်ရှိနေတဲ့ အမျိုးသမီးငယ်လေးက သူမကိုယ်သူမတောင် သတိမထားမိလိုက်ဘဲ လုပ်ဖော်ကိုင်ဖက်ရှေ့မှာ ပိတ်ရပ်ကာ ဟောက်ချန်ဟွမ်းကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။ “ မင်္ဂလာပါ ဘော့စ်။ ”
ဟောက်ချန်ဟွမ်းကတော့ ကလေးလက်တွန်းလှည်းကို ဧည့်ကြိုစားပွဲရှေ့ကနေ ဖြတ်တွန်းလာခဲ့ပြီး အေးစက်တည်ငြိမ်စွာပဲ “ မင်္ဂလာပါ။ ” ဟု ပြန်ပြောခဲ့သည်။
သို့သော်လည်း သူ ဓာတ်လှေကားထဲကို ရောက်သည်နှင့် သူ့ကျောပေါ်က ဒိုက်ပါအိတ်ကို အလိုလို ဆုပ်ကိုင်လိုက်မိသည်။ ထိုအိတ်ထဲမှာ ကလေးဒိုက်ပါတွေ ၊ ကစားစရာ အရုပ်တွေနှင့် တခြား တိုလီမုတ်စ ပစ္စည်းလေးတွေ ပါသည်။
ဒီအိတ်ကိုသာ သူ မတော်တဆ ပျောက်ဆုံးသွားခဲ့ရင် ကလေး ဗိုက်ဆာတဲ့အခါ အကြီးအကျယ် ပြဿနာတက်ပါလိမ့်မည်။
သူ ဓာတ်လှေကားထဲကို ဝင်သွားသည်နှင့် ဧည့်ကြိုစားပွဲက မိန်းကလေးနှစ်ယောက်ဟာ ပွက်လောရိုက်နေတယ် ဆိုတာကိုတော့ ဟောက်ချန်ဟွမ်း မသိလိုက်ပေ။
“ ကျားလေး … နင့်မျက်နှာက … ”
ဧည့်ကြိုဝန်ထမ်းမလေးက သူမရဲ့ ပါးပေါ်က နှုတ်ခမ်းနီအစင်းကြောင်းကြီးကို ခပ်တည်တည်ပဲ ပွတ်သွတ်လိုက်ပြီး ဟောက်ချန်ဟွမ်း ထွက်ခွာသွားရာကို တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။ “ ဒီလို အချိန်မျိုးမှာ ငါ့မျက်နှာကို ဂရုစိုက်မနေနိုင်ဘူး။ ဘော့စ်က ခုနတုန်းက ကလေးလက်တွန်းလှည်းကို တွန်းသွားတာ မဟုတ်လား။ ပန်းရောင် လက်တွန်းလှည်းလေးလေ ၊ အဲ့ထဲမှာ မင်းသားလေး ပါလာမှာ သေချာတယ်။ ”
“ … ငါလည်း အဲ့လိုပဲ ထင်တယ်။ ”
“ ထင်တယ် ဆိုတာ ဘာစကားကြီးလဲ။ သေချာပေါက်ကို မင်းသားလေး ပါတယ်။ မင်းသားလေးက လွဲလို့ ဘယ်သူက ငါတို့ဘော့စ်နဲ့ အတူတူ အလုပ်လာနိုင်လောက်တဲ့ထိ ကြီးကျယ်မြင့်မြတ်နိုင်မှာမို့လို့လဲ။ ”
“ ဟုတ်တယ်နော်။ နင် ပြောတာ မှန်တယ်။ ”
“ ဘော့စ်က မင်းသားလေးကို အလုပ်ကို ခေါ်လာတာပဲ။ မဖြစ်ဘူး ၊ ဒီသတင်းကောင်းကို Group ထဲက အစ်ကိုတွေ ၊ အစ်မတွေကို ငါ သွားပြောရမယ်။ ”
အဲ့ဒီလိုနှင့် ဟောက်ချန်ဟွမ်းတစ်ယောက် သူ့ရုံးခန်းထဲကိုတောင် မရောက်သေးခင်မှပဲ သူ့ကလေးကို အလုပ်ကို ခေါ်လာတဲ့ သတင်းက ကုမ္ပဏီတစ်ခုလုံးထဲမှာ ပျံ့နှံ့သွားခဲ့လေသည်။
ကျိုးယန်ပိုင်နှင့် ကျန်တဲ့ နှစ်ယောက်ကတော့ အားလုံးထက် ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့က လက်ဖဝါးတွေကို ပွတ်သပ်ရင်း ကြယ်လေးကို ဂရုစိုက်ပေးရတဲ့ ဟောက်ချန်ဟွမ်းရဲ့ တာဝန်ကို အချိန်မရွေး လွှဲပြောင်းယူဖို့ အဆင်သင့် ဖြစ်နေခဲ့ကြသည်။ သူတို့က ကူညီချင်လို့ပါ ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချကာ ကလေးနှင့် လွတ်လွတ်လပ်လပ် တော့ကစားနိုင်ဖို့အတွက် လုံးပမ်းနေခဲ့ကြသည်။
ဟောက်ချန်ဟွမ်းတို့ကုမ္ပဏီမှာ အစည်းအဝေး အများစုကို မနက်ပိုင်းမှာ ကျင်းပတတ်ပြီး ပုံမှန်အားဖြင့် ထိုအချိန်ဆို လူအများစုက သူတို့ ကောင်းကောင်း မတင်ပြနိုင်ရင် လူကြားထဲမှာ အပြစ်တင်ခံရမှာကို ကြောက်ရွံ့နေတတ်ကြသည်။
သို့သော် ဒီနေ့တော့ တစ်မူထူးခြား၏။ ဟောက်ချန်ဟွမ်းက သူ့ကလေးကို ကုမ္ပဏီကို ခေါ်လာတယ် ဆိုကတည်းက အစည်းအဝေးပွဲတွေကိုလည်း ထိုကလေးလေးကို ခေါ်လာဖို့ များသည်။
အစည်းအဝေးမှာ ရှိနေတဲ့ လူတွေ အကုန်လုံးသည် ဂဏှာမငြိမ်နိုင်အောင်ပင် တရွရွ တကြွကြွနှင့် စိတ်လှုပ်ရှားနေကာ အချိန်တွေ မြန်မြန် ကုန်ဆုံးစေဖို့ ဆုတောင်းနေခဲ့ကြသည်။ အချိန်တွေ မြန်မြန် ကုန်သွားရင် သူတို့လည်း လူတိုင်းဆီမှာ သည်းသည်းလှုပ် အချစ်ခံရတဲ့ သမိုင်းဝင် အိမ်ရှေ့မင်းသားလေးကို တွေ့ခွင့်ရပါလိမ့်မည်။
ဟောက်ချန်ဟွမ်းသည် ကလေးလက်တွန်းလှည်းကို အစည်းအဝေးခန်းမထဲသို့ တွန်းလာရင်း အရပ်မျက်နှာ ဘက်ပေါင်းစုံက ရောက်လာတဲ့ အကြည့်ရဲရဲတွေကို သတိထားမိသွားလျှင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ သူတို့ကို သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်၏။
အေးစက်တင်းမာသော ထိုအကြည့်က လူတိုင်းအား သူတို့ ဟန်ပျက်နေပြီ ဖြစ်ကြောင်း နားလည်သွားစေကာ အလျင်အမြန် အကြည့်လွှဲပြီး ကြမ်းပြင်ကို မလုံမလဲ ငုံ့ကြည့်နေခဲ့ကြသည်။
ဒါပေမဲ့ ထိုမလုံမလဲ ခံစားချက်က ကြာကြာ မခံလိုက်ဘဲ ခဏအကြာမှာပဲ သူတို့အကြည့်တွေက ကလေးလက်တွန်းလှည်းဆီ ထိန်းချုပ်မှုကင်းမဲ့စွာ ကျရောက်သွားခဲ့ကြသည်။ သူတို့ဟာ ခုနတုန်းက ပေါ်ပေါ်တင်တင် ကြည့်နေခဲ့ပေမဲ့ အခုတော့ တိတ်တိတ်လေး ခိုးကြည့်နေကြတာပါ။
891 02
ဟောက်ချန်ဟွမ်းက အဲ့ဒါကို မြင်သော်လည်း ဒေါသထွက်မနေနိုင်တော့ဘဲ ကလေးကိုသာ လက်တွန်းလှည်းကိုသာ အစည်းအဝေးခန်းမထဲ တွန်းလာခဲ့လိုက်တော့သည်။
ကျိုးယန်ပိုင်က ထိုင်ခုံက ထပြီး သူ့ဆီ ချက်ချင်း ပြေးသွားလိုက်သည်။ “ ဘော့စ် ကလေးတစ်ဖက်နဲ့ အစည်းအဝေး လုပ်ရင် အဆင်မပြေလောက်ဘူး။ ကလေးကို ကျွန်တော်နဲ့ ထားခဲ့လိုက်ပါလား။ ”
ခြေတစ်လှမ်းစာ နောက်ကျသွားတဲ့ ယုကျစ်ယန်နှင့် ကုရှောက်ယန်တို့က ကူလီကူမာနိုင်တဲ့ ကျိုးယန်ပိုင်တို့ကို စိတ်ထဲကနေ တိတ်တိတ်လေး ကျိန်ဆဲမိလိုက်ကြသည်။
သို့သော်လည်း ကျိုးယန်ပိုင်ကို စိတ်ပျက်သွားစေတာကတော့ ဟောက်ချန်ဟွမ်းသည် ကလေးကို ခဏလေးတောင် သူ့လက်ထဲ ထည့်မပေးဘဲ သူ့လက်ကို ရှောင်ရှားကာ လက်တွန်းလှည်းကို ဆိုဖာဘေးသို့ တွန်းသွားခဲ့တာကြောင့်ပဲ ဖြစ်လေသည်။
“ မလိုဘူး။ ငါ့ဘာသာပဲ လုပ်လိုက်မယ်။ ” မင်းတို့ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ငါ မသိဘူးများ ထင်နေလား။ ဒီနေ့ ငါ့ကလေးကို မင်းတို့ တစ်ယောက်မှ ထိခွင့်မရှိဘူး။
++++++