အခန်း ၈၉၂
Vol. 60 Ch. 892
892 01
အခန်း ( ၈၉၂ ) သူ သေးပေါက်ချထားတယ်။
သူ့အစီအစဉ် ကျရှုံးလိမ့်မည်ဟု ထင်မထားသော ကျိုးယန်ပိုင်သည် စက္ကန့်ပိုင်းလောက် အီလည်လည် ဖြစ်သွားခဲ့သော်လည်း ချက်ချင်းပဲ သတိစုစည်းကာ ကလေးလက်တွန်းလှည်းရဲ့ တစ်ဖက်တွင် အပြုံးယဲ့ယဲ့ဖြင့် ဝင်ထိုင်လိုက်သည်။
ကျန်နှစ်ယောက်က ကျိုးယန်ပိုင် ကျရှုံးသွားတာကို မြင်တော့မှ စိတ်သက်သာရာရသွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြသည်။ မင်းနဲ့ တန်ရာတန်ရာ ရတာပဲ ၊ မင်းက ငါတို့နောက်ကွယ်မှာ ငါတို့နောက်ကျောကို အမြဲတမ်း ဓားနဲ့ ထိုးပေမဲ့ သခင်လေးကို မင်းကို ငြင်းလိုက်တယ်လေ … ။
သူတို့နှစ်ယောက် ဝမ်းသာပီတိ ဂွမ်းဆီထိနေတာကို မြင်သွားတဲ့ ကျိုးယန်ပိုင်သည် ဒေါသလည်း ထွက် ၊ ရယ်လည်း ရယ်ချင်သွားကာ သူတို့ကို မကျေမနပ် ကြည့်လိုက်မိသည်။
ငါ အငြင်းခံလိုက်ရလို့ သူတို့မှာ အခွင့်အရေးရှိလာလိမ့်မယ်လို့ ဒီနှစ်ကောင် ထင်နေတာလား။ တုံးလိုက်တာ။ သခင်လေးက ဒီနေ့ သူ့ကလေးကို ဘယ်သူကမှ မနှောင့်ယှက်နိုင်အောင် စီစဉ်ထားတာ သိသာတယ်။ အဲ့ဒါက ငါ့အတွက်တင် မဟုတ်ဘူး ၊ မင်းတို့အတွက်လည်း အတူတူပဲ။
ကျိုးယန်ပိုင်သည် သူ့ကိုယ်သူ ထိုနှစ်ယောက်ထက် သာတယ် ဟူသော အတွေးဖြင့် ကျေနပ်နေခဲ့သည်။ သူ့ကို သခင်လေးက ငြင်းလိုက်တယ် ဆိုရင်တောင် သူက ကလေးလက်တွန်းလှည်းဘေးမှာ ထိုင်နေရတုန်းပဲလေ။ သူ ငုံ့ကြည့်လိုက်တာနဲ့ အိမ်ရှေ့မင်းသားကို မြင်နိုင်တယ်။
ကောင်ကလေးက တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူတို့ အိမ်မှ မထွက်ခင်တုန်းက စုယန်ယန်က သူလေးကို တစ်ခေါက် နို့တိုက်ခဲ့တာမို့ နို့သောက်ပြီးကတည်းက တောက်လျှောက် အိပ်ပျော်သွားတာ အခုချိန်ထိ မနိုးစတမ်းပါပဲ။
ကျိုးယန်ပိုင်သည် ဂျုံမုန့်ညက်လေးလို ဖြူဖွေးနူးညံ့နေတဲ့ ကောင်ကလေးကို ကြည့်ရင်း ကိုယ်လုံးတီး နတ်သူငယ်လေးတစ်ပါးက လေး သေးသေးလေးကို ဝှေ့ယမ်း ဆော့ကစားပြနေသည်ဟု ခံစားလာရသည်။ အဲ့ဒီနောက် ဝှစ်ခနဲအသံနှင့်အတူ အသည်းပုံ မြားအမှီးလေး ပါတဲ့ ငွေမြားလေး တစ်စင်းက သူ့နှလုံးသားတည့်တည့်ကို ထိုးဖောက်သွားခဲ့သည်။
သခင်လေးနှင့် သခင်မလေးရဲ့ ကလေးပီသစွာပင် ကြယ်လေးဟာ တကယ့်ကို ချစ်စရာကောင်း၏။
ငှာနတစ်ခုက တင်ပြနေတဲ့ အစီရင်ခံစာကို နားထောင်ရင်း အလုပ်ရှုပ်နေတဲ့ ဟောက်ချန်ဟွမ်းကတော့ သူ့ဘေးမှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ကလေးသူခိုးလေးတစ်ယောက် ရောက်နေတာကို သတိမပြုမိခဲ့ပေ။ ထိုအချိန်မှာပဲ …
“ ဝါး … ”
အစည်းအဝေးခန်းထဲက တင်းမာနေတဲ့ လေထုဟာ ထိုကလေးငိုသံကြောင့် ချက်ချင်းပဲ နူးညံ့သွားခဲ့သည်။
အိပ်ပျော်နေတဲ့ ကလေးကို အရူးတစ်ယောက်လို စိုက်ကြည့်နေတဲ့ ကျိုးယန်ပိုင်က အရင်ဆုံး သတိဝင်လာကာ ခပ်တိုးတိုး ချောင်းဟန့်ပြီး သတိပေးလိုက်ပါသည်။ “ ကလေး နိုးလာပြီ ထင်တယ် သခင်လေး။ ”
အစည်းအဝေးခန်းထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက ထိုစကားကို ကြားတော့ မျက်လုံးတွေ အရောင်တောက်သွားကြသည်။ ဘော့စ်က သူတို့ကို မျက်စောင်းထိုးမှာကိုလည်း ဆက်ဂရုမစိုက်နိုင်တော့ဘဲ ကလေးလက်တွန်းလှည်းကိုသာ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိကြတော့သည်။
သူတို့ရဲ့ စိတ်ထဲမှာလည်း ကောင်ကလေးဆီက အသံထပ်ထွက်လာပြီး နိုးလာရင် ဘော့စ်က သူ့ကို လက်တွန်းလှည်းထဲကနေ သွားချီခေါ်လာမှာလားဟု မျှော်လင့်နေခဲ့ကြသည်။
နှစ်လသားအရွယ် ကလေးလေးက အစကတည်းက အရွယ်အစား မကြီးတာမို့ ပန်းရောင် လက်တွန်းလှည်းလေးက သူလေးကို လုံးဝ ဖုံးကွယ်ထားခဲ့သည်။ သူတို့သည် အကြာကြီး လည်ပင်းဆန့်ပြီး လှမ်းကြည့်နေခဲ့သော်လည်း သခင်လေးရဲ့ ခေါင်းကို ကျော်၍ ကလေးရဲ့ ဦးစွန်းလေးကိုတောင် မမြင်နိုင်သောကြောင့် စိတ်မရှည်နိုင်အောင်ပင် ဖြစ်လာခဲ့ကြသည်။
ဟောက်ချန်ဟွမ်းက ကျိုးယန်ပိုင်ရဲ့ စကားကို ကြားချိန်မှာ ဖျတ်ခနဲ လှည့်ကြည့်လာလျှင် ခုနတုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တဲ့ ကောင်ကလေးဟာ အခုတော့ နိုးလာပြီ ဆိုတာကို မြင်သွားလေသည်။
သူ့လက်သေးသေးလေးတွေက လှုပ်ရှားနေကာ မျက်လုံးလေးတွေကလည်း ပြင်ပအလင်းရောင်နှင့် ကျင့်သားရအောင် ကျင့်ယူနေသကဲ့သို့ အကြိမ်ပေါင်းများစွာ ဖွင့်လိုက် ၊ ပိတ်လိုက် လုပ်နေခဲ့သည်။
နောက်ဆုံးတော့ ကောင်လေးက အပြည့်အဝ နိုးနိုးကြားကြား ဖြစ်သွားပြီး စပျစ်သီးလို မည်းနက်ဝိုင်းစက်သော မျက်လုံးများဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေ၏။ သူ့ဘေးမှာ ဘယ်သူမှ မရှိတာကို နားလည်သွားတာကြောင့်ပဲလားတော့ မပြောတတ်ဘဲ တစ်ခုခုကို ကြောက်လန့်သွားပုံဖြင့် ဗြုန်းခနဲ စတင် အော်ဟစ်ငိုကြွေးခဲ့သည်။
“ ဝါး … ”
အစည်းအဝေးခန်းထဲမှာ ကလေးငိုသံလေးတွေ အဆက်မပြတ် ထွက်ပေါ်နေကာ အခန်းထဲမှာ ရှိနေတဲ့ လူများစွာကို ထိတ်လန့်သွားစေတဲ့ ပဲ့တင်သံ တိုးဖွဖွလေးတောင် ရှိနေခဲ့ပါသည်။
892 02
ဟောက်ချန်ဟွမ်းက သူ့သား ငိုနေတာကို မြင်တော့ နှလုံးသားထဲမှာ ဆစ်ခနဲ ကျင်သွားကာ ကလေးကို လက်တွန်းလှည်းထဲက ပွေ့ချီထုတ်၍ ခပ်တိုးတိုး ချော့မော့လိုက်သည်။ “ မကြောက်ပါနဲ့ ကလေးရယ်။ ဖေဖေ ဒီမှာ ရှိတယ်နော်။ ဖေဖေ ဒီမှာ ရှိတယ်။ ”
လူတိုင်းသည် နူးညံ့သော လေသံလေးဖြင့် ကလေးကို ချော့မော့နေသော သူတို့ရဲ့ ဘော့စ်ကို မျက်မြင်တွေ့လိုက်ရကာ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ကြသည်။ “ … ” ဘုရားရေ ၊ ဒါ မျက်မှောင်တစ်ချက် ကြုတ်ရုံနဲ့ လူတိုင်းကို လန့်သေသွားစေနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ သူတို့ဘော့စ်ရော ဟုတ်ပါသေးရဲ့လား။ သူတို့ ဒီနေ့ ကုမ္ပဏီထဲကနေ အသက်ရှင်လျက်ရော ပြန်ထွက်နိုင်ပါ့မလား … ။
ဟောက်ချန်ဟွမ်းသည် ကြယ်လေးကို ခဏ ချော့မော့ပြီးသွားတဲ့အထိ ကလေးက ဝမ်းနည်းပက်လက် ငိုကြွေးနေတုန်းပဲ ဆိုတာ သတိထားမိသွားသောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်မိသွားပြီး ကလေးရဲ့ ဒိုက်ပါကို လက်နှင့် စမ်းသပ်ကြည့်လိုက်၏။
++++++