အခန်း ၈၉၃
Vol. 60 Ch. 893
893 01
အခန်း ( ၈၉၃ ) အထင်သေးခြင်း။
လေးလံနေတဲ့ အလေးချိန်ကို သေချာ ခံစားလိုက်ရသော ဟောက်ချန်ဟွမ်းသည် “ သူ သေးပေါက်ချထားတယ်။ ” ဟု ခပ်တည်တည်ပဲ ပြောလိုက်ပြီးနောက် ဆွံ့အသွားတဲ့ လူတွေကို ချန်ရစ်ခဲ့ကာ ထိုင်ခုံမှ ထ၍ ကလေးနှင့်အတူ အစည်းအဝေးခန်းထဲက ထွက်လာခဲ့လိုက်သည်။
ကျိုးယန်ပိုင်က အရင်ဆုံး သတိဝင်လာကာ ချက်ချင်း မတ်တပ်ထရပ်လိုက်ကာ “ အစည်းအဝေးကို အချိန်ရွေ့ဆိုင်းထားတယ်။ ဘယ်အချိန် ပြန်စမလဲ ဆိုတာ မင်းတို့ကို အကြောင်းကြားလိုက်မယ်။ ” ဟု ပြောလိုက်၏။ ထို့နောက် ဟောက်ချန်ဟွမ်းနောက်သို့ အမြန် ပြေးလိုက်သွားခဲ့သည်။
ကျိုးယန်ပိုင် ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ ဆိုတာကို ကျန်နှစ်ယောက် သဘောပေါက်သွားချိန်မှာတော့ သူတို့လည်း ဒီတိုင်း ဆက်ငြိမ်မနေနိုင်တော့ပေ။ မဖြစ်ဘူး ၊ သူတို့ကို ဒီဉာဏ်နီဉာဏ်နက်များတဲ့ ခွေးကောင်ကို အသာစီးရခွင့် မပေးနိုင်ဘူး။ သူတို့လည်း အမီလိုက်ရမယ် … ။
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ထိုင်ခုံမှ ထပြီး ကျိုးယန်ပိုင်နောက်ကို ပြေးလိုက်သွားခဲ့သည်။
စက္ကန့်အနည်းငယ် အကြာမှာတော့ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ အနည်းငယ် အံ့ဩမှင်တက်နေတဲ့ အသံလေး ထွက်ပေါ်လာခဲ့သည်။ “ ဘော့စ် … ဘော့စ်က မင်းသားလေးကို ဒိုက်ပါလဲပေးဖို့ လုပ်နေတာလား။ ”
သူ ထိုသို့ ပြောလိုက်သည်နှင့် အခန်းတွင်း လေထုက ပြန်လည်အေးခဲသွားပုံမှာ တိတ်ဆိတ်လွန်းလို့ ကိုယ့်အသက်ရှူသံကိုတောင် ပြန်ကြားနိုင်တဲ့အထိ။
“ ခွီး … ”
ခဏကြာတော့ တစ်စုံတစ်ယောက်က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပုံဖြင့် ခွီးခနဲ ထရယ်သည်။ ပြီးတော့ ထိုရယ်သံက ခလုတ်ဖွင့်လိုက်သလိုပဲ ရုံးခန်း တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့လေသည်။
“ ဘော့စ် ထွက်မသွားခင်တုန်းက အိမ်ရှေ့မင်းသားလေးက သေးပေါက်ချထားတယ်လို့ ပြောသွားတယ် မဟုတ်လား။ ဖြစ်နိုင်တာကတော့ အိမ်ရှေ့မင်းသားလေးက သေးပေါက်ချထားတော့ အနေရခက်လာတာနဲ့ အော်ငိုတာ ဖြစ်မယ် ထင်တယ်။ အဲ့တော့ သူ့ကို အငိုတိတ်စေချင်ရင် ဒိုက်ပါလဲပေးရမှာ မဟုတ်လား။ ”
“ ဘော့စ်က ဒိုက်ပါလဲတတ်ပါ့မလား။ မင်းသားလေးကို ဒိုက်ပါလဲပေးရမှာတဲ့လား။ ငါတော့ စိတ်ကူးယဉ်ကြည့်လို့ မရဘူး။ ”
“ ငါလည်း အဲ့လိုပဲ ထင်တယ်။ မဟုတ်ရင် သခင်မလေးက ဘော့စ်ကို ကလေးနဲ့အတူတူ ကုမ္ပဏီကို တစ်ယောက်တည်း စိတ်ချလက်ချ လွှတ်လိုက်လိမ့်မယ်လို့ မထင်ဘူး။ ”
“ နင် ပြောတာ ဖြစ်နိုင်ချေရှိတယ် ဆိုရင်တောင် ငါကတော့ မင်းသားလေးကို ဘော့စ်ကိုယ်တိုင် ဒိုက်ပါလဲပေးမယ် ဆိုတာကို မယုံသေးဘူး။ ”
“ မင်းသားလေးကို ဘော့စ်ကိုယ်တိုင် ဒိုက်ပါလဲပေးနေတာကို ရုတ်တရက်ကြီး ငါ ကြည့်ချင်သွားပြီ။ အရမ်း စိတ်လှုပ်ရှားစရာကောင်းမှာပဲနော်။ ဘယ်လို ရဲရင့်တဲ့ သွေးသောက်ရဲဘော် တစ်ယောက်ယောက်ကများ သူ့အသက်ကို ရင်းပြီး အဲ့မြင်ကွင်းကို တိတ်တိတ်လေး ဗိဒီယိုရိုက်ပြီး လူတိုင်းရဲ့ ဆန္ဒကို ဖြည့်ဆည့်ပေးမှာပါလိမ့်။ ”
“ နင်က တိတ်တိတ်လေး ဗီဒီယိုရိုက်ဖို့ တွေးနေသေးတာလား။ နင်တော့ မြန်မြန် သေရမှာကို မကြောက်ဘူးပဲ။ အသက်ရှည်ရှည် နေရတာ နင့်အတွက် မကောင်းလို့လား။ အခုလေးတင် ကလေးလက်တွန်းလှည်းကို တွန်းသွားတဲ့ ဘော့စ်ကို ငါ နောက်တစ်ခေါက် ထပ်ကြည့်လိုက်တာ။ ဘော့စ် ငါ့ဘက်ကို ဖျတ်ခနဲ လှည့်ကြည့်လာတဲ့ အချိန်မှာ ငါ နောက်တစ်နေ့ နေထွက်ချိန်ကို မမြင်နိုင်မှာကိုတောင် ကြောက်သွားမိတယ်။ ”
“ မဟုတ်ရင် ငါကရော အသက်ကိုတောင် ရင်းရမယ်လို့ ပြောပါဦးမလား။ ငါ့ကို အမှန်အတိုင်း ဝန်ခံစမ်းပါ ၊ နင်တို့ရော မင်းသားလေးကိူ မကြည့်ချင်ဘူးလား။ ”
“ တရယ်တော့ အိမ်ရှေ့မင်းသားလေးကို ဒိုက်ပါလဲပေးနေတဲ့ ဘော့စ်နဲ့ အိမ်ရှေ့မင်းသားလေးနဲ့ ဖင်တုံး ဖောင်းဖောင်းအိအိလေးကို ကြည့်ခွင့်ရမယ်ဆို အသက်ရင်းရလည်း တန်ပါတယ်ဟာ။ ငါက ငါ အဲ့မြင်ကွင်းကို ဗီဒီယိုမရိုက်နိုင်သေးခင်မှာ လူမိသွားမှာကိုပဲ ကြောက်တာပါ။ အဲ့လိုဆို … ”
893 02
“ နင်က တကယ်တော့ မင်းသားလေးရဲ့ ဖင်ကို ကြည့်ချင်နေတာပဲ။ ထူးဆန်းလိုက်တဲ့ နှာဘူး အဒေါ်ကြီးပဲ နင်က။ ”
“ ဟမ့်။ နင်က အရမ်း ဖြူစင်ရိုးသားတဲ့ လူလို ပြောနေပြန်ပြီ။ နင်ဆရာ မကြည့်ချင်လို့လား။ ”
“ ဝန်ခံပါတယ်။ ငါလည်း ကြည့်ချင်တယ်။ ”
“ ငါရောပဲ … ”
“ ဟားဟားဟား ၊ ခုနတုန်းက သခင်လေး မင်းသားလေးကို လက်တွန်းလှည်းထဲကနေ ပွေ့ချီလိုက်တုန်းက ငါ အဲ့ဒါကို မြင်လိုက်တယ်။ မင်းသားလေးရဲ့ ဒိုက်ပါမှာ ပန်းရောင် ဝက်ပေါက်လေးရဲ့ ပုံလေး ပါတယ်။ ငါ အဲ့ဒိုက်ပါလေးကို သွားကိုင်ကြည့်ချင်စိတ်ကို မနည်း ထိန်းထားရတယ်။ ချစ်စရာကောင်းလွန်းတယ်။ ”
“ အိမ်ရှေ့မင်းသားလေးရဲ့ ဒိုက်ပါပေါ်က ကြောင်နားရွက်လေးကမှ ချစ်စရာအကောင်းဆုံး မဟုတ်ဘူး။ ငါ အဲ့ဒါလေးကို ကိုင်ကြည့်ချင်တယ်။ ”
“ အိမ်ရှေ့မင်းသားလေးရဲ့ ငိုသံကို ကြားရအောင်လို့ ငါနဲ့ စကားပြောနေတဲ့ လူတွေကို ဆွဲထိုးပစ်လိုက်ချင်တယ်။ အိမ်ရှေ့မင်းသားလေးက တကယ့်ကို မွှေးကြိုင်နေမှာပဲနော်။ ”
ထိုနေရာမှာ စုယန်ယန် ရှိမနေလို့ တော်သေးရဲ့။ မဟုတ်ရင် သူမရဲ့ သားလေးကို သည်းသည်းလှုပ်နေကာ ဖင်လေးကို ပုတ်ချင်နေကြတဲ့ လူထူးဆန်း အဒေါ်ကြီးတွေကို မြင်ပြီး ပေါက်ကွဲထွက်သွားလိမ့်မည်။
ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်းနောက်ကို အမီလိုက်သွားပြီးတော့ ပြိုင်ဘက်ကင်းသော စိတ်အားထက်သန်မှုဖြင့် “ ကျွန်တော် ကူညီပေးရမလား ဘော့စ်။ ” ဟု မေးလိုက်၏။
ဟောက်ချန်ဟွမ်းက သူ့ကို နားမလည်နိုင်သော အကြည့်ဖြင့် ပြန်ကြည့်ပြီး “ မင်း ဒိုက်ပါလဲတတ်လို့လား။ ” ဟု မေးလိုက်တော့ ကျိုးယန်ပိုင်တစ်ယောက် ငိုင်ကျသွားသည်။
“ … မလဲတတ်ပါဘူး။ ”
“ ဟ … ” အဲ့ဒါနဲ့များ မင်းက ဘာမှလည်း မသိဘဲနဲ့ ငါ့ကို ကူညီပေးနိုင်မယ်လို့ ဘယ်က သတ္တိနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလဲ … ။
ကျိုးယန်ပိုင် ဘာပြောလို့ ပြောရမှန်း မသိတော့ပါ။
++++++