အခန်း ၈၉၄
Vol. 60 Ch. 894
894 01
အခန်း ( ၈၉၄ ) စာရင်းရှင်းဖို့ ရောက်လာတဲ့ ယောက်ဖ။
ဝေဖန်ခံလိုက်ရသော အထွေထွေမန်နေဂျာကျိုးသည် နောက်ဆုံးမှာ သူ လိုချင်တဲ့ ၊ မင်းသားလေးကို ဒိုက်ပါလဲပေးရတဲ့ အလုပ်ကို မရခဲ့ပေ။ ကလေးအဖေက သူ့ကို ငြင်းပယ်ခဲ့တဲ့အပြင် တစ်ချိန်တည်းမှာပဲ နောက်ကနေ ပြေးလာတဲ့ ယုကျစ်ယန် ၊ ကုရှောက်ယန်တို့ရဲ့ လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရသည်။ ဒါ ပြီးရင်တော့ သူတို့တွေ သေချာပေါက် ရန်ထဖြစ်ကြပါလိမ့်မည်။
ဟောက်ချန်ဟွမ်းက အပြင်က ရုတ်ရုတ်သဲသဲ အခြေအနေတွေကို လျစ်လျူရှုလျက် စားပွဲပေါ်မှာ တဘက် နူးနူးညံ့ညံ့လေးတွေကို ခင်း၍ ကလေးကို ထိုတဘက်တွေပေါ်မှာ တင်လိုက်၏။ ထို့နောက် သူ ခုနတုန်းက ယူလာတဲ့ ပန်းရောင် ဒိုက်ပါအိတ်လေးထဲက ဒိုက်ပါတွေကို ထုတ်ယူကာ ကျွမ်းကျွမ်းကျင်ကျင်ပဲ ကလေးကို ဒိုက်ပါလဲပေးလိုက်လေသည်။
ထိုအချိန်မှာပဲ တံခါးအပြင်ဘက်မှာ ဆူညံဆူညံ အသံတွေ ထွက်ပေါ်လာခဲ့ပြန်သည်။
“ ဥက္ကဌဟောက်က အထဲမှာလား။ ”
ထိုအသံကို ကြားသည်နှင့် ဟောက်ချန်ဟွမ်းက ချက်ချင်းပဲ သူ လုပ်လက်စကို ရပ်တန့်လိုက်သည်။
“ ဟုတ်ပါတယ်။ ဒါပေမဲ့ … ဟေး .. ဥက္ဌဌစု … ရှင် ဒီလို ဝင်သွားလို့ မရဘူးလေ။ ဥက္ကဌဟောက်က … ”
ရုံးခန်းအပြင်ဘက်က အတွင်းရေးမှူးမလေးသည် သူ့ကို တားဆီးချင်သော်လည်း စုယွီရွှမ်းက ဘယ်သူလဲ ဆိုတာကို သတိရသွားသောအခါ အော်ရုံပဲ အော်ရဲသည်။
ဝုန်းခနဲအသံနှင့်အတူ ဟောက်ချန်ဟွမ်းရဲ့ ရုံးခန်းတံခါးပွင့်သွားကာ စုယွီရွှမ်းက ရှေ့ဆုံးကနေ လျှောက်ဝင်လာခဲ့ပြီး သူ့နောက်မှာတော့ အတွင်းရေးမှူးနှစ်ယောက်နှင့် ကျိုးယန်ပိုင်တို့သုံးယောက်လည်း ပါလာသည်။
ကလေးကို ဒိုက်ပါအသစ် လဲပေးပြီးခါစပဲ ရှိသေးတဲ့ ဟောက်ချန်ဟွမ်းက အသံတွေကြောင့် ခေါင်းမော့ကာ လူတိုင်းကို ကြည့်ပြီး “ ဘာတွေ ဖြစ်နေတာလဲ။ ” ဟု အေးစက်စက် မေးလိုက်၏။
စုယွီရွှမ်းကို တားဖို့ ကြိုးစားခဲ့တဲ့ အတွင်းရေးမှူးမလေးက အရင်ဆုံး သတိဝင်လာခဲ့သည်။ “ ဥက္ကဌဟောက် … ဥက္ကဌစုကလေ … ဟို … ”
ထိုအတွင်းရေးမှူးမလေးရဲ့ စကားမဆုံးသေးခင်မှာပဲ ယုကျစ်ယန်က သူ့ပါးစပ်ကို အုပ်ပြီး “ ဟဲဟဲ .. ဘာမှ မဖြစ်ဘူး ၊ ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့ ဘာမှ မမြင်လိုက်ဘူး။ ” ဟု ဝင်ပြောလိုက်သည်။
ဉာဏ်တိမ်လိုက်တဲ့ ကောင်မလေး … ။ ဥက္ကဌစုက သခင်လေးရဲ့ ယောက်ဖလေ။ သူ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေရင်တောင် ကိစ္စမရှိပေမဲ့ မင်းသားလေးကို ဒိုက်ပါလဲပေးနေတဲ့ မြင်ကွင်းကို ဒီကောင်မလေး မြင်သွားတယ် ဆိုတာကိုသာ သခင်လေး သိသွားရင် မိုးမီးလောင်ပါလိမ့်မည်။
သူတို့လို လက်အောက်ငယ်သားလေးတွေအတွက် လွတ်မြောက်ဖို့တောင် နောက်ကျလွန်းနေပြီကို သူတို့က အရမ်း နှေးတယ် ဆိုပြီး မကျေမနပ်ဖြစ်နေကြသေးတာလား … ။
သူတို့လူစုသည် အရိပ်သုံးပါးနားလည်စွာပင် အသီးသီး လူစုခွဲသွားကြပြီး ရုံးခန်းထဲမှာ လူကြီးနှစ်ယောက်နှင့် စကားတောင် မပြောတတ်သေးတဲ့ ကလေးတစ်ယောက်ကိုပဲ ချန်ရစ်ထားခဲ့သည်။
စုယွီရွှမ်းသည် ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲက ကလေးကို တစ်လှည့် ၊ မသိမ်းဆည်းရသေးတဲ့ ညစ်ပေနေသေယ ဒိုက်ပါတွေကို တစ်လှည့် ကြည့်ပြီး အနည်းငယ် မျက်ခုံးပင့်သွားသည်။ “ မင်း ဒီနေ့ ကလေးကို အလုပ်ကို ခေါ်သွားတယ်လို့ ယန်ယန့်ဆီက ကြားတုန်းက ငါ မယုံခဲ့ဘူး။ တကယ် ဖြစ်နေလိမ့်မယ်လို့လည်း မထင်ခဲ့ဘူး။ ”
စကားထဲမှာ သူ့ဇနီးအကြောင်း ပါလာတာကို ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာနူးညံ့သွားသည်။ “ အစ်ကို့ကို ယန်ယန် ပြောလိုက်တာလား။ ”
“ သူ မဟုတ်လို့ တခြား ဘယ်သူက ပြောမှာလဲ။ ” စုယွီရွှမ်းက နံဘေးရှိ ဆိုဖာသို့ ဝင့်ထည်သော ခြေလှမ်းများဖြင့် လျှောက်သွားပြီး ထိုင်ကာ ထေ့ငေါ့ပြောလိုက်သည်။ “ ဟောက်ကော်ပိုရေးရှင်းရဲ့ ဥက္ကဌကြီးကိုယ်တိုင် ကလေးကို နို့တိုက်ပြီး ဒိုက်ပါလဲပေးနေမယ်လို့ ငါ ဘယ်ထင်ခဲ့ပါ့မလဲ။ ဒီသတင်းတွေသာ ပျံ့သွားရင် လူတွေ အော်ရယ်လိမ့်မယ် ထင်တယ်။ ”
894 02
ဟောက်ချန်ဟွမ်းကတော့ တစ်ဖက်လူရဲ့ ထေ့ငေါ့စကားကို မကြားချင်ယောင်ဆောင်ကာ ရင်ခွင်ထဲမှာ ကလေးကို ပွေ့ချီ၍ သူနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး အပြုံးယဲ့ယဲ့ဖြင့် ပြန်ပြောလိုက်ပါသည်။ “ မိဘတွေအနေနဲ့ သားသမီးနဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို သူတို့ကိုယ်တိုင် လုပ်ပေးမှသာ အဓိပ္ပာယ်ရှိမှာပါ။ အစ်ကိုက တစ်ခါမှ မိဘ မဖြစ်ဖူးတော့ ဒီခံစားချက်ကို နားမလည်လောက်ဘူး။ ”
“ … ”
တစ်ခါမှ မိဘ မဖြစ်ဖူးသလို ရည်းစားတောင် တစ်ခါမှ မထားဖူးသော ယောက်ဖစုသည် သူ့နှလုံးသားထဲကို မြားတစ်စင်း ထိုးစိုက်သွားသလို ခံစားလိုက်ရလေသည်။
“ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တော်လိုက်တော့။ ယန်ယန်က ငါတို့ စိတ်မချဖြစ်မှာကို စိုးရိမ်လို့ ဒီအကြောင်းကို မပြောခဲ့ရင် တော်သေးတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်ကလည်း ငါတို့ကို ကလေးကို အလုပ်ကို ခေါ်သွားမယ် ဆိုတဲ့ အကြောင်းကို ဘာမှ အသိမပေးခဲ့ဘူး။ ငါတို့ မင်းနဲ့ စာရင်းရှင်းမှာ မကြောက်ဘူးလား။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းတစ်ခု ယှက်သန်းသွားသည်။ “ ဒါ ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ။ နောက်ကို ဒီလို ကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး။ ”
“ မင်း အရင်တုန်းကလည်း အခုက စပြီး ယန်ယန့်ကို မထိခိုက်စေရပါဘူး ဆိုပြီး ပြောခဲ့တယ်လေ ၊ ဒါပေမဲ့ အဆုံးသတ်ကျတော့ ဘာဖြစ်သွားလဲ။ ” စုယွီရွှမ်းက ဟောက်ချန်ဟွမ်းကို စိုက်ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “ မင်း ဒီတစ်ခေါက် ကံကောင်းသွားလို့သာ ကလေးအခိုးမခံရခင်မှာ လက်မတင်လေး ရှာတွေ့သွားတာလို့ မဟုတ်ဘူးလား။ မင်းရဲ့ တုံ့ပြန်မှုသာ နည်းနည်းလေး နောက်ကျသွားရင် ၊ ဒါမှမဟုတ် တစ်ဖက်လူက မင်းကို လက်စားချေဖို့အတွက်နဲ့ ကလေးကို နာကျင်အောင် လုပ်ခဲ့ရင် ယန်ယန် ဘာဖြစ်သွားမယ် ထင်လဲ။ ”
++++++