အခန်း ၈၉၅
Vol. 60 Ch. 895
895 01
အခန်း ( ၈၉၅ ) မိသားစုသုံးယောက်။
ယန်ယန် ဘာဖြစ်သွားမယ် ထင်လဲတဲ့ … ။ အဖြေက အတော်လေး သိသာထင်ရှားပါသည်။ ထိုကောင်လေးက စုယန်ယန်ရဲ့ ခန္ဓာကိုယ်ကနေ သက်ဆင်းလာတဲ့ အသားစိုင် တစ်ခုမို့ သူသာ တစ်ခုခု ဖြစ်သွားရင် သူမရဲ့ နှလုံးသားထဲကို ဓားတစ်ချောင်း ထိုးစိုက်လိုက်တာနှင့် အတူတူပါပဲ။
“ ငါ ဒီနေ့ ရောက်လာတာ မင်းကို အပြစ်တင်ဖို့ မဟုတ်ဘူး။ ကလေးကို ပြန်ပေးဆွဲဖို့ လုပ်တဲ့ ကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို မင်း ဘာလုပ်မလဲ ဆိုတာ သိချင်လို့ ရောက်လာတာ။ ”
စုယွီရွှမ်းဘက်က ဒီမေးခွန်းကို မေးနေပြီ ဆိုကတည်းက ဒီကိစ္စနောက်ကွယ်မှာ ရှိနေတဲ့ လူကို သိပြီးပြီ ဆိုတာ ဟောက်ချန်ဟွမ်း နားလည်သည်။
“ လုပ်သင့်တာမှန်သမျှကို လုပ်သွားမှာပါ။
“ မင်း ဆုံးဖြတ်ချက်ရော ချပြီးပြီလား။ ”
“ ချပြီးပါပြီ။ ကျွန်တော့်အတွက် ယန်ယန်နဲ့ ကလေးထက် ဘယ်သူကမှ အရေးမကြီးဘူး။ ”
ထိုစကားကို ကြားတော့မှ စုယွီရွှမ်းရဲ့ မျက်နှာက ကြည်လင်သွားခဲ့သည်။ “ ဟမ့်။ မင်းစကားကို ငါ အမြဲတမ်း မှတ်ထားမှာနော်။ ”
ဟောက်ချန်သွမ်းက သူ့ကို ကြည့်ပြီး “ ကျွန်တော်တို့ သူ့ကို ရှာတွေ့ထားပြီ။ ” ဟု ပြောလိုက်သည်။
စုယွီရွှမ်း ဆွံ့အသွားရသည်။ ခဏကြာတောမှ ဟောက်ချန်ဟွမ်းက တရားခံအကြောင်း ပြောနေတယ် ဆိုတာကို သဘောပေါက်သွားလျှင် သူ့မျက်လုံးတွေ အနည်းငယ် အေးစက်သွားခဲ့သည်။
သူ အဲ့ဒီလူ ဘယ်မှာ ရှိနေလဲ ဆိုတာ သိထားပြီ ဆိုရင်လည်း ဘာလို့ ရဲတွေကို သတင်းပေးပြီး သူ့ကို မဖမ်းခိုင်းသေးတာလဲ။ သူ့ကို ထွက်ပြေးလို့ ရအောင် အချိန်ပေးနေတာလား … ။
သို့သော်လည်း ထိုစကားလုံးတွေ သူ့လည်ချောင်းထဲမှာပဲ ပျောက်ကွယ်သွားပါသည်။ တချို့ ကိစ္စတွေကို အရိပ်အမြွက်ပေးဖို့ အဆင်ပြေပေမဲ့ ပါးစပ်က အမှန်တကယ် ထုတ်ပြောလိုက်ရင်တော့ ပဋိပက္ခဖြစ်ဖို့ လွယ်သည်။
စုယွီရွှမ်းသည် သူ့ညီမအပေါ် လေးစားမှုရှိသောအားဖြင့် ဟောက်ချန်ဟွမ်းကို မျက်စောင်းထိုးပြီးတော့သာ “ ငါ မင်းကို ထပ်ယုံလိုက်မယ်။ ” ဟု ပြောလိုက်သည်။
ထို့နောက် သူ့တူလေးကို ကြည့်ပြီး ဟောက်ချန်ဟွမ်းအား “ ငါ သူ့ကို ချီလို့ ရတယ်မို့လား။ ” ဟု အားကျစွာ ဆက်ပြောလိုက်၏။
ဦးလေးက တူကို ပွေ့ချီချင်တဲ့ ကိစ္စကို ယောက်ဖဖြစ်တဲ့ ဟောက်ချန်ဟွမ်းမှာ ငြင်းဆန်စရာ အကြောင်းပြချက်မရှိတာမို့ သားဖြစ်သူကို စုယွီရွှမ်းလက်ထဲ လွှဲပြောင်းပေးလိုက်သည်။ ဒိုက်ပါလဲထားတဲ့ ကလေးက အခုတော့ လိမ္မာရေးခြားရှိတဲ့ ပုံစံလေး ပြန်ဖြစ်သွားပါပြီ။
စုယွီရွှမ်းရဲ့ ဘဝမှာ ဒီလို ကလေး သေးသေးလေးကို ပွေ့ချီဖူးတာ ဒါ ပထမဆုံးအကြိမ်ပါ။ အရင်တုန်းက သူ့တူဆီ အကြိမ်ပေါင်းများစွာ သွားလည်ဖူးခဲ့ပေမဲ့ များသောအားဖြင့် ချန်ရှို့ချင်နှင့် အဖေစုနောက်ကို အတူတူ လိုက်ပေးတာသာ ဖြစ်သည်။
ကလေးကို သူချီမယ် ၊ ငါချီမယ်နှင့် ရန်ဖြစ်နေတဲ့ လူကြီးနှစ်ယောက်ကြားကို သနားစရာကောင်းအောင် အိမ်မှာ အာဏာမရှိဆုံး ဖြစ်တဲ့ သူက ဘယ်လိုမှ တိုးမဝင်နိုင်ပေ။
“ ကလေးလေးတွေရဲ့ အရိုးတွေက ပျော့တယ်။ သူ့ကို ဒီနေရာရယ် ၊ ဒီနေရာရယ်ကနေ ချီပါ။ ”
စုယွီရွှမ်းက ကလေးကို သူ့ရင်ခွင်ထဲမှာ ဂရုတစိုက် ပွေ့ချီထားခဲ့သည်။ ကြယ်လေးက သူ့ဆီ မကြာခဏ လာလည်ဖူးတဲ့ ဦးလေးဖြစ်သူကို သတိရသွားပုံဖြင့် မျက်လုံးဝိုင်းကြီးများနှင့် အကြာကြီး စိုက်ကြည့်နေပြီးမှ တခစ်ခစ် ရယ်မောလိုက်သည်။
စုယွီရွှမ်းရဲ့ နှလုံးသားလေး အရည်ပျော်ကျသွားကာ တိတ်တိတ်လေး ကျိတ်ပျော်သွားမိသည်။ သူ့အဖိုးတန်ညီမလေးရဲ့ သားဆိုတဲ့အတိုင်း ဒီကောင်လေးမှာလည်း သူ့ညီမ ငယ်ငယ်တုန်းကနှင့် တစ်ထပ်တည်း တူတဲ့ အပြုံးလေး ရှိနေသည်။ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ ကလေးလေးပါလိမ့် … ။
စုယွီရွှမ်းသည် ကလေးကို ပျော်ရွှင်ကျေနပ်စွာ ပွေ့ချီထားရင်း ဟောက်ချန်ဟွမ်းကို “ မင်းက ကလေးချီတဲ့ နေရာမှာ တော်တော်လေး ဗဟုသုတရှိသားပဲ။ ” ဟု ချီးကျူးဖို့လည်း မမေ့ခဲ့။
895 02
“ လေ့ကျင့်မှုက အရာအားလုံးကို ပြီးပြည့်စုံစေတာပါ။ ကျွန်တော့်မှာ ကလေးမရှိခင်တုန်းက ဒီလို စိတ်မျိုး မဖြစ်ပေမဲ့ ကြယ်လေး ရှိလာပြီးတဲ့နောက်ပိုင်း သူ့ကို မြင်တိုင်း ပွေ့ချီချင်တယ်။ ကလေးချီတတ်အောင် အများကြီး လေ့ကျင့်လိုက်တော့ သူနဲ့ ကျွန်တော် ရင်းနှီးမှုရှိလာတာ မဆန်းပါဘူး။ ”
ဟောက်ချန်ဟွမ်းက အဲ့ဒီလို ပြောနေရင်း စုယွီရွှမ်းကိုလည်း ‘ မင်းလို အိမ်ထောင်မရှိတဲ့ လူပျိုသိုးကြီးကတော့ ဒါမျိုးတွေ နားလည်မှာလည်း မဟုတ်ပါဘူး။ ’ ဟု ပြောနေသကဲ့သို့ အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေခဲ့သည်။
စုယွီရွှမ်း : “ … ” မင်းမှာ မိန်းမရှိတော့ရော ဘာလုပ်ရမှာလဲ။ မင်းမှာ သားရှိတော့ရော ဘာလုပ်ရမှာလဲ။ ဟူး ၊ သူ ဒီနေ့ ဒီကို လာမခဲ့သင့်ဘူး။ အခုတော့ ကိုယ့်အရှက်ကိုယ်ခွဲမိသလို ဖြစ်သွားတယ်။
မူလတုန်းက ဒီကို လာပြီး တစ်စုံတစ်ယောက်ကို သင်ခန်းစာပေးချင်တဲ့ ရည်ရွယ်ချက်ဖြင့် ရောက်လာသော သခင်လေးစုသည် အကြွားခံလိုက်ရပြီး နောင်တကြီးစွာ ရသွားခဲ့လေသည်။
အခန်းတွင်းလေထုက တင်းမာလွန်းလို့ သူတို့နှစ်ယောက် အချိန်မရွေး ရန်ထဖြစ်တော့မလိုပါပဲ။ ဒါပေမဲ့ ဒီမြင်ကွင်းက တခြားလူတွေရဲ့ အမြင်မှာတော့ လုံးဝ ကွဲပြားသည်။
အနည်းဆုံးတော့ စုယန်ယန်ရဲ့ မျက်လုံးထဲမှာ သူတို့နှစ်ယောက်နှင့် သူမအစ်ကိုရဲ့ ရင်ခွင်ထဲက ကလေးလေးကို ကြည့်ရတာ … မိသားစုသုံးယောက်နှင့်တောင် နည်းနည်းလေး တူနေသည်။
+++++