အခန်း ၈၉၇
Vol. 60 Ch. 897
897 01
အခန်း ( ၈၉၇ ) လူတကာနှင့် ဖောက်ပြားခြင်း။
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် မူလ အမျိုးသမီးဇာတ်လိုက်ကတော့ ပြဿနာထပ်ရှာပြန်ပါပြီ။ စုယန်ယန် ဒီကိစ္စကို လူလွှတ်ပြီး စုံစမ်းခိုင်းမှ အဆင်ပြေမည် ထင်သည်။
နောက်ဆုံးမှာတော့ ထိုစုံစမ်းရေးက ဟောက်ရှောက်ဖုန်းဆီပဲ ဦးတည်သွားခဲ့ပါသည်။
“ ဟောက်ရှောက်ဖုန်းလား။ ” စုယန်ယန် အံ့အားသင့်သွားမိသည်။ “ ဒီကိစ္စက ဟောက်ရှောက်ဖုန်းနဲ့ ဘာဆိုင်လို့လဲ။ သူက ဝမ်ကျင့်ဖျင်ကို လူလွှတ်ပြီး ရှာခိုင်းထားတာလား။ ”
ရှားကျွင်းရှန်က ယုကျစ်ယန် စုံစမ်းလာပေးတဲ့ အစီရင်ခံစာကို ဆုပ်ကိုင်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။ “ ဟုတ်ပါတယ်။ ”
“ ဘာလို့လဲ။ ”
“ စုံစမ်းထားတဲ့ အချက်အလက်တွေအရ ဟောက်ရှောက်ဖုန်းက ဝမ်ကျင့်ဖျင်ကို ထိပါးနှောင့်ယှက်ဖို့ … အဲ့လူတွေကို ပိုက်ဆံပေးထားတာ ဖြစ်လောက်တယ်။ ”
“ သူ့ကို ထိပါးနှောင့်ယှက်ဖို့ … ဟုတ်လား။ ” အဲ့ဒါက တော်တော်လေး တာသွားတဲ့ စကားလုံး ဖြစ်ပါသည်။ ဒါ သူမ အရင်တုန်းက သိခဲ့တဲ့ “ အချစ်ငှက်စုံတွဲလေးရော ” ဟုတ်သေးရဲ့လား။ သူတို့က တစ်ယောက်ကို တစ်ယောက် အစိတ်စိတ် အမြွာမြွာ ဆုတ်ဖြဲပစ်ချင်နေတဲ့ အနေအထားလောက်ထိကို ရောက်သွားပြီလား … ။
ရှားကျွင်းရှန်က စုယန်ယန် နားမလည်နိုင် ဖြစ်သွားတာကို ရိပ်စားမိပုံဖြင့် ခပ်တိုးတိုး ချောင်းဟန့်ပြီး ရှင်းပြသည်။ “ တကယ်တော့ နားလည်ဖို့ မဖြစ်နိုင်တာတော့လည်း မဟုတ်ပါဘူး။ ဖောက်ပြန်ခံလိုက်ရတဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလည်း နိမ့်ကျသွားတယ်။ တစ်ချိန်တုန်းက သူနဲ့ သက်ဆိုင်ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်အာရုံက တခြားယောက်ျားတစ်ယောက်ဆီ ရောက်သွားတာလေ။ သူ တစ်ချိန်တုန်းက သူမကို သဘောကျခဲ့တာနဲ့ ထပ်တူ မုန်းတီးသွားမှာပဲ။ သူ့လို မိန်းမမျိုးက လူတကာနဲ့ ဖောက်ပြားနေတယ်လို့ ထင်သွားတာလည်း ဖြစ်နိုင်တယ်။ ”
သူမလို အရမ်း ဖောက်ပြားတတ်ပြီး စဉ်းလဲတဲ့ မိန်းမမျိုးကို ဟောက်ရှောက်ဖုန်းက လူတချို့ ရှာပြီး လက်စားချေနိုင်သည်။ ဒါက သူ့ဒေါသကို ဖြေဖျောက်တာလို့ ပြောရင်လည်း မမှားပါ။
စုယန်ယန်ရဲ့ အံ့ဩမှုက ခဏလေးသာ ကြာသည်။ ပြောရရင် ဟောက်ရှောက်ဖုန်း သူတို့ဆီ ရောက်လာပြီး လာညှိနှိုင်းကတည်းက ဝမ်ကျင့်ဖျင်ရဲ့ နာမည်ကို ဖျက်ဆီးပစ်ချင်တယ်လို့ ပြောခဲ့တာပဲ ဖြစ်သည်။ သူ ဒီလောက် ဗြောင်ကျလိမ့်မည်လို့ သူမ မထင်ခဲ့ရုံလေးပါပဲ။
“ အဲ့လူတွေကိုရော ဖမ်းမိပြီလား။ ”
“ မဖမ်းမိသေးဘူး။ ဟေးရီဘက်က အခြေအနေကို ကြည့်ရသလောက် သူတို့ ဒီအမှုကို လိုက်မယ့်ပုံမပေါ်ဘူး။
အခြေအနေနှင့် အကျိုးအကြောင်းကို စုယန်ယန် အကျမ်းဖျင်းတော့ ခန့်မှန်းလို့ ရသွားသည်။
“ ဘာကို စုံစမ်းရမှာလဲ။ ဟေးရီက အစ်ကို စုံစမ်းထားတာကို မစုံစမ်းနိုင်ဘဲ နေမှာမို့လို့လား။ ဒီကိစ္စကိုသာ တကယ် စုံစမ်းစစ်ဆေးလိုက်ရင် ဝမ်ကျင့်ဖျင်ရဲ့ ဟောက်ရှောက်ဖုန်းနဲ့ အတိတ်ဆိုးလည်း သေချာပေါက် ပေါ်လာမှာပဲ။ အဲ့ဒီအချိန်ကျ လူတွေကလည်း ဝမ်ကျင့်ဖျင်ကို သနားတော့မှာ မဟုတ်ဘူး။ ”
ဒီအမှုကို လိုက်ပြီး အမှန်တရားကိုသာ ထုတ်ဖော်ခံလိုက်ရရင် ‘ အမျိုးသမီးအနုပညာရှင်တစ်ယောက်နောက်ကို တရားမဝင် ပရိသတ်တစ်ယောက်က အရူးအမူး လိုက်တဲ့ အမှု ’ကနေ ‘ ချစ်သူကောင်လေးအပေါ် ဖောက်ပြန်လိုက်လို့ ကောင်လေးရဲ့ အချစ်တွေက အမုန်တရားအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ချစ်သူကောင်မလေး ဖြစ်တဲ့ အမျိုးသမီးအနုပညာရှင်ကို လက်စားချေတဲ့ အမှု ’ ဖြစ်သွားပါလိမ့်မည်။
စုယန်ယန်သည် အင်တာနက်ပေါ်က သတင်းတွေကို ရှားကျွင်းရှန် ရောက်မလာခင်တုန်းက အချိန်ပေးပြီး ဖတ်ရှုထားခဲ့သည်။ လူကောင်းတွေကတော့ ဝမ်ကျင့်ဖျင်ကို ကယ်တင်ပေးခဲ့တဲ့ လူကို ဖြောင့်မတ်မှန်ကန်တဲ့ အမျိုးသား ဆိုပြီး သဘာဝကျစွာပင် ချီးကျူးနေကြပြီး မကောင်းတဲ့ လူတွေကတော့ ယောက်ျားတွေကို ဆွဲဆောင်နေတဲ့ ဝမ်ကျင့်ဖျင်ကို ကြိမ်းမောင်းကာ သူမ စိုက်ပျိုးတဲ့ အရာကို ရိတ်သိမ်းရတာပဲဟု ဝေဖန်နေခဲ့ကြသည်။
ပြီးတော့ အမှန်တရားကို ပါးနပ်စွာ ဖော်ထုတ်ခဲ့တဲ့ ကီးဘုတ်ဖိုက်တာတွေလည်း ရှိသည်။ သူတို့က ထိုတရားမဝင် ပရိသတ် ဆိုတဲ့ လူကို လက်ညိုးထိုးပြီး “ ဝမ်ကျင့်ဖျင်က သူကိုယ်တိုင် ဒါရိုက်တာလုပ် ၊ သူကိုယ်တိုင် ရုပ်ရှင်ရိုက်နေတာရော မဖြစ်နိုင်ဘူးလား ၊ ဒါမှမဟုတ် ယောက်ျားတွေ အများကြီးနဲ့ သူမ ပြိုင်တူ တွဲနေတာကို မီဒီယာတွေဆီမှာ ဖော်ထုတ်ခံလိုက်ရပြီး သတင်းထဲ ပါလာတာလား။ ” ဟု သူတို့ထင်မြင်ချက်တွေကို ပြောနေခဲ့သည်။
ရှားကျွင်းရှန် ပြောသလိုပဲ ၊ ယောက်ျားတွေနှင့် ဖောက်ပြားတတ်တဲ့ ဝမ်ကျင့်ဖျင်ရဲ့ လုပ်ရပ်တွေက ဟောက်ရှောက်ဖုန်းရဲ့ နှလုံးသားထဲမှာသာမက လူတွေရဲ့ နှလုံးသားထဲမှာတောင် စွဲထင်နေခဲ့ပါပြီ။
စကတ်အတို ဝတ်တဲ့ မိန်းကလေးတွေကို ယောက်ျားရင့်မာကြီးတွေက သူတို့ကို မြှူဆွယ်ချင်လို့ ဝတ်နေတာပါ ဆိုပြီး ဆူဆူပူပူလုပ်နေကြတဲ့ ဒီခေတ်မှာ ဝမ်ကျင့်ဖျင်ဟာ လူအများစုရဲ့ ပစ်မှတ် ဖြစ်သွားခဲ့သည်။
897 02
ဒီနေ့ကိုပဲ ဥပမာ ကြည့်ရင် တခြား အမျိုးသမီးအနုပညာရှင်တွေနှင့် ပတ်သက်လာရင် တချို့က လှောင်ပြောင်နိုင်ပေမဲ့ အများစုကတော့ နစ်နာသူအပေါ် သနားကြင်နာစိတ်ဝင်ကြစမြဲ။
ထိုပရိသတ်တွေက သူတို့ရဲ့ အိုင်ဒေါကို ရိုးဖြောင့်မှန်ကန်ပြီး ရုပ်လည်း ချော ၊ ကြင်လည်း ကြင်နာတတ်သည့်အတွက် ချီးမွမ်းခန်းဖွင့်ကာ ကမ္ဘာဆုံးသည်အထိ ချီးကျူးချင်နေခဲ့ကြသည်။
ဒါပေမဲ့ အခြားတစ်ဖက်၌ ဝမ်ကျင့်ဖျင်ကိုတော့ သူတို့က တက်နင်းသွားခဲ့၏။ ဒီအမျိုးသမီးက သူတို့အိုင်ဒေါရဲ့ ကျော်ကြားမှုနှင့် မထိုက်တန်ဘူးလို့ ခံစားရသည်။ တကယ်တော့ သူမရဲ့ နာမည်ဆိုးက သူတို့အိုင်ဒေါကိုတောင် ဂုဏ်သရေညှိုးနွမ်းသွားစေခဲ့တာ ဖြစ်ပါသည်။
++++++