← Chapters

အခန်း ၈၉၈

Vol. 60 Ch. 898

အခန်း ၈၉၈

Vol. 60 Ch. 898

898 01

အခန်း ( ၈၉၈ ) သူမကို အဆုံးထိ ကူညီပေးမှာလား။

ဝမ်ကျင့်ဖျင်သာ ဒီလို ဖြစ်မယ်မှန်း ကြိုသိထားရင် သူတို့ရဲ့ အိုင်ဒေါနှင့် ဝေးဝေးနေခဲ့မှာပါ။ အဲ့ဒီလိုဆို သူမကို နေ့တိုင်း ကျိန်ဆဲနေမယ့် ကီးဘုတ်ဖိုက်တာတွေလည်း ရှိလာမှာ မဟုတ်။

ပရိသတ်တွေရဲ့ စိတ်အာရုံကို လျှို့ဝှက်ပရိသတ်တွေဆီ လွှဲပြောင်းဖို့ ကြိုးစားနေတဲ့ လူတချို့ ရှိသော်လည်း ထိုလူအရေအတွက်က စုယန်ယန်ကို လှောင်ပြောင်သရော်နေသည့် လူအရေအတွက်နှင့် ယှဉ်လိုက်လျှင် ဘယ်လောက်မှ မရှိပါ။

ပြီးတော့ အမှန်တရားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုယန်ယန်ဘက်က ရပ်တည်ပေးနေသူတွေဟာလည်း ဘက်ပြောင်းသွားလောက်သည်။ တွေးကြည့်တော့မှ တကယ့်ကို ဆိုးဝါးလွန်းလှပါသည်။

“ တင်းကြွယ်စစ် ဆိုတဲ့ လူရဲ့ နောက်ခံကရော ဘယ်လိုလဲ။ ” ဒီနာမည်နှင့် ရင်းနှီးနေသလို ခံစားရသော်လည်း စုယန်ယန် သေချာ မမှတ်မိပါ။

“ တင်းကြွယ်စစ်က ဟေးရီအန်တာတိန်းမန့်က ဝါရင့်သရုပ်ဆောင် တစ်ယောက်ပါ။ သူ့အသက်က သုံးဆယ်စွန်းပြီ။ သူ ပွဲဦးစထွက်တဲ့ အချိန်ကတည်းက အရည်အချင်းရှိတဲ့ မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရတာ။ အဲ့အချိန်တုန်းက အခုလောက်ထိ နာမည်မကြီးသေးပေမဲ့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အမာခံ ပရိသတ်တွေ အများကြီး ရထားခဲ့တာ။ အရည်အချင်းကို ကြည့်မယ် ဆိုရင် သူက လူသစ်တန်း သရုပ်ဆောင် တော်တော်များများရဲ့ စီနီယာလို့ ပြောလို့ ရတယ်။ ”

“ စီနီယာတဲ့လား။ ” စုယန်ယန် တစ်စုံတစ်ခုကို တွေးမိသွားကာ သူမရဲ့ စိတ်ထဲမှာလည်း ဖျတ်ခနဲ လင်းသွားခဲ့သည်။

“ ဟုတ်တယ်။ ဝမ်ကျင့်ဖျင်ရဲ့ မတော်တဆမှုက သူ့ရဲ့ ဇာတ်လမ်းတွဲအသစ် ရိုက်ကွင်းနားမှာ ဖြစ်သွားခဲ့တာ။ သူက ရိုက်ကူးရေးပြီးလို့ အိမ်ပြန်ဖို့ လုပ်နေတုန်းမှာပဲ ဝမ်ကျင့်ဖျင်နဲ့ ဝင်တိုက်မိခဲ့တာ။ ”

“ ဒါက တိုက်ဆိုင်မှုပေါ့နော်။ ” စုယန်ယန်က မျက်ခုံးပင့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ တိုက်ဆိုင်မှု မဟုတ်လောက်ဘူး ထင်တယ်။ ”

ရှားကျွင်းရှန် ပြောတော့မှ စုယန်ယန်လည်း ထိုလူက ဘယ်သူလဲ ဆိုတာကို နောက်ဆုံးတော့ သတိရသွားသည်။ မူရင်းဝတ္ထုထဲက အရံအမျိုးသားဇာတ်ကောင်တွေထဲမှာ တင်းကြွယ်စစ်က ဘာလုပ်ကွက်မှ မရှိတဲ့ အတွေ့ရအနည်းဆုံး ဇာတ်ကောင်တစ်ယောက်ပင်။

အဓိက အကြောင်းပြချက်ကတော့ သူက လက်ထပ်ပြီးသား အိပ်ထောင်သည်တစ်ယောက် ဖြစ်နေတာကြောင့် ဖြစ်ပြီး သူ့မှာ သားတစ်ယောက် ၊ သမီးတစ်ယောက်လည်း ရှိသည်။

တင်းကြွယ်စစ်နှင့် သူ့ဇနီးက အထက်တန်းကျောင်းကတည်းက အတန်းဖော်တွေ ဖြစ်ခဲ့ကြသည်။ သူတို့ တက္ကသိုလ်တက်ချိန်မှာ စတွဲခဲ့ကြပြီး ဘွဲ့ရသည်နှင့် လက်ထပ်ခဲ့ကြပါသည်။

မြင်တွေ့နေကျ ဇာတ်လမ်းကျောရိုးအတိုင်းဆို အချစ်ဇာတ်လမ်းထဲမှာ အမျိုးသမီးဇာတ်လိုက်ဟာ နေရာတိုင်းက ရုပ်လည်း ချော ၊ တော်လည်း တော်တဲ့ အမျိုးသားတွေနှင့် အီစီကလီလုပ်ပြီး အမျိုးသားဇာတ်လိုက်ကို သဝန်တိုအောင် လုပ်လို့ ရသည်။ သို့သော်လည်း အမျိုးသားဇာတ်လိုက်ကတော့ ဘယ်သူနှင့်မှ အရောတဝင် မနေဘဲ သူ့ကိုယ်သူ အမျိုးသမီးဇာတ်လိုက်အတွက်သာ စောင့်ထိန်းထားရလေသည်။

မဟုတ်ရင် သူ့ကို ပရိသတ်တွေက ဝိုင်းဝန်းရှုံ့ချပါလိမ့်မည်။

တင်းကြွယ်စစ်လို အမျိုးသမီးဇာတ်လိုက်ထက် ဆယ်နှစ်နီးပါး အသက်ကြီးပြီး ဇနီးရော ၊ ကလေးပါ ရှိတဲ့ ရင့်ကျက်သော အမျိုးသားတစ်ယောက်အတွက် အမျိုးသမီးဇာတ်လိုက်ရဲ့ ဆွဲဆောင်မှုကို တစ်ဖက်တစ်လမ်းက ကူညီအားဖြည့်ပေးရတာ ကိစ္စမရှိပေမဲ့ သူကတော့ ဘယ်နည်းနှင့်မှ အမျိုးသားဇာတ်လိုက် ဖြစ်မလာနိုင်ပေ။

ပြီးတော့ စုယန်ယန် မှတ်မိသလောက်ဆို တင်းကြွယ်စစ်ရဲ့ ဇနီးက လူချမ်းသာမိသားစုက မိန်းမပျိုလေးတစ်ယောက် ဖြစ်ပုံ‌ရသည်။ သူမ တင်းကြွယ်စစ်ကို လက်ထပ်တုန်းက အဆင့်အတန်းနိမ့်ကျတဲ့ မိသားစုနှင့် လက်ထပ်သည်ဟု ပတ်ဝန်းကျင်ရဲ့ ပြောဆိုခြင်းကို ခံခဲ့ရ၏။ ဆယ်နှစ်ကျော် အိမ်ထောင်ရေးအပြီးမှာတော့ သူမက သူ့အတွက် သားတစ်ယောက် ၊ သမီးတစ်ယောက်ကိုတောင် မွေးဖွားပေးခဲ့သည်။

အမျိုးသမီးဇာတ်လိုက် ဝမ်ကျင့်ဖျင်က အိမ်ထောင်သည်အမျိုးသားတစ်ယောက်ကို လိုက်နေသည် ဆိုလျှင်တောင် ထိုအမျိုးသားက အသုံးမကျဘူး ဆိုတာကိုတော့ ဝန်ခံရပါမည်။

ဘယ်နယ်ပယ်မှာမှ နာမည်မကျော်ကြားတဲ့ အရံအမျိုးသားဇာတ်ကောင်ဟာ စာရေးသူ ဝတ္ထုရေးနေချိန်အတွင်း ရုတ်တရက်ပဲ ပျောက်ကွယ်သွားခဲ့သည်။ တင်းကြွယ်စစ်က ဝတ္ထုထဲမှာ လျှပ်ပြက်သလို ပေါ်ပေါက်ပျောက်ကွယ်သွားတဲ့ ဘာဇာတ်ကွက်မှ သိပ်မရှိသော ဇာတ်ကောင်တစ်ယောက်ပါ။

ဒါပေမဲ့ အခုတော့ မူလအမျိုးသားဇာတ်လိုက် ဟောက်ရှောက်ဖုန်း ၊ နျဉ်ချီလွေ့နှင့် လော့ဝေပင်းတို့က ဝမ်ကျင့်ဖျင်ကို ဆန့်ကျင်ရင် ဆန့်ကျင် ၊ မဟုတ်ရင်လည်း စုယန်ယန်ရဲ့ တားဆီးခြင်းကို ခံခဲ့ရသည်။

မူရင်းဝတ္ထုရဲ့ ဗီလိန်ဖြစ်တဲ့ သို့ထျန်းယီပင်လျှင် ဝမ်ကျင့်ဖျင်အပေါ် အလွန် အေးစက်သွားခဲ့သည်။ တကယ်လို့ ဝမ်ကျင့်ဖျင်သာ တင်းကြွယ်စစ်ကို ဒီအချိန်မှာ တွေ့ရင် သူတို့နှစ်ယောက်မှာ မူရင်းဝတ္ထုနှင့် သွေဖီတဲ့ ဓာတုဗေဒဆိုင်ရာတုံ့ပြန်မှုတွေ ရှိလား ဆိုတာကို သိနိုင်မှာ မဟုတ်တော့ပါ။

“ အဲ့ဒါက တိုက်ဆိုင်မှု မဟုတ်ဘူးလား။ ”

“ ဟေးရီရဲ့ ဇာတ်လမ်းတွဲက ရိုက်ပြီးသွားတာ ကြာပြီ မဟုတ်ဘူးလား။ ဝမ်ကျင့်ဖျင်က ရိုက်ကွင်းကို အကြောင်းပြချက်မရှိ ဘာလာလုပ်တာလဲ။ ”

898 02

“ အစ်ကို စုံစမ်းထားသလောက်တော့ လူရွေးပွဲလာဖြေတာတဲ့။ ” ရှားကျွင်းရှန်က ပြောရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ “ သူ လူရွေးပွဲလာဖြေတဲ့ ဇာတ်လမ်းတွဲက တင်းကြွယ်စစ်ရဲ့ ဇာတ်လမ်းတွဲလို့ ညီမ သံသယရှိနေတာလား။ ဒါ တိုက်ဆိုင်မှုရော ဖြစ်နိုင်ပါ့မလား။ ”

ထိုနေရာမှာ တခြားသူတွေသာ ဆိုရင်တော့ စုယန်ယန် တစ်ထစ်ချကြီး မပြောရဲပေမဲ့ ဝမ်ကျင့်ဖျင် ဆိုရင်တော့ ဖြစ်နိုင်ချေ အလားအလာ အလွန် များသည်။ သူမမှာ ရွှေရောင် လင်းရောင်ခြည် တစ်ဝက်ကျော်လောက် မရှိတော့ဘူး ဆိုရင်တောင် ကံကောင်းမှု တချို့တစ်ဝက်တော့ ကျန်နေသေးသည်လေ။

“ တိုက်ဆိုင်မှုပဲ ဖြစ်ဖြစ် ၊ ကြိုတင်စီစဉ်ထားတာပဲ ဖြစ်ဖြစ် လူရွေးပွဲက လူရွေးပွဲကပါပဲ။ အဲ့ဒီ လူကြီးမင်းတင်းက သူ့ကို အဆုံးထိ ကူညီပေးမှာလား ဆိုတာ ကျွန်မ သိချင်မိတယ်။ ”

++++++

All Chapters