← Chapters

အခန်း ၈၉၉

Vol. 60 Ch. 899

အခန်း ၈၉၉

Vol. 60 Ch. 899

899 01

အခန်း ( ၈၉၉ ) စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု။

မူရင်းဝတ္ထုထဲမှာ ဝမ်ကျင့်ဖျင်နှင့် တင်းကြွယ်စစ်က နောက်ပိုင်း အခြေအနေတွေကို ရောက်မှသာ ဆက်သွယ်မိခဲ့ကြတာ ဖြစ်သည်။ ထိုအချိန်မှာ ဝမ်ကျင့်ဖျင်ကလည်း အနုပညာနယ်ပယ်မှာ ကျော်ကြားနေပြီ ဖြစ်ပြီး သူတို့နှစ်ယောက်က မတော်တမှု အသေးစားလေးတစ်ခုကြောင့် ဆုံတွေ့ခဲ့ကြတာ ဖြစ်သည်။

မတူတာတစ်ခုက မူရင်းဝတ္ထုထဲမှာတော့ ဝမ်ကျင့်ဖျင်က တင်းကြွယ်စစ်ကို နည်းနည်းပါးပါး ကူညီပေးခဲ့ပြီး သူ့ရဲ့ ကျေးဇူးတင်မှုကို ရရှိခဲ့သည်။ အဲ့ဒီနောက်ပိုင်း တင်းကြွယ်စစ်က ဝမ်ကျင့်ဖျင်ကို ကျေးဇူးဆပ်သည့်အနေဖြင့် သူမကို ဇာတ်လမ်းတွဲအသစ်မှာ အရေးပါတဲ့ အရံအမျိုးသမီးဇာတ်ကောင်နေရာက ဝင်ရောက်သရုပ်ဆောင်ဖို့ ထောက်ခံပေးခဲ့သည်။

ဝမ်ကျင့်ဖျင်သည် ထိုဇာတ်ကောင်ရဲ့ နာမည်ကို မှီခို၍ ပိုမိုကျော်ကြားလာခဲ့ကာ တင်းကြွယ်စစ်ကလည်း သူမနှင့် ပြောဆိုဆက်ဆံရင်း သူမအပေါ် ခံစားချက်လေးတွေ တိတ်တဆိတ် ဖြစ်တည်လာခဲ့သည်။ တိတိကျကျ ပြောရလျှင်တော့ သူဟာ စိတ်ပိုင်းဆိုင်ရာအရ အိမ်ထောင်ရေးဖောက်ပြန်ပြီး ဝမ်ကျင့်ဖျင်အပေါ် ခံစားချက်တွေ ငြိတွယ်လာခဲ့တာပင်။

အခုတော့ သူတို့နှစ်ယောက်ကြားက အခြေအနေက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ ကူညီပေးတဲ့ လူက တင်းကြွယ်စစ် ဖြစ်လာပြီး အကူအညီပေးခံရတဲ့ လူကတော့ ဝမ်ကျင့်ဖျင် ဖြစ်သွားခဲ့သည်။ မူရင်းဝတ္ထုထဲကလို တင်းကြွယ်စစ်က ဝမ်ကျင့်ဖျင်ကို ထုတ်လုပ်ရေးအဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ ထောက်ခံပေးမလား ဆိုတာတော့ မသိရသေးပါ။

သို့သော်လည်း တင်းကြွယ်စစ်က အမှန်တကယ်ပဲ အဲ့ဒီလို လုပ်ခဲ့ရင်တောင် လက်ရှိ ဝမ်ကျင့်ဖျင်က ဘာနာမည်ကျော်ကြားမှုမှ မရှိပါ။ ထုတ်လုပ်ရေးအဖွဲ့ထဲကို သူ ဝင်နိုင်‌ရင်ရော မူရင်းဝတ္ထုထဲက အရေးပါတဲ့ ဇာတ်ကောင်နေရာကို တကယ် ရနိုင်ပါ့မလား … ။

“ လူလွှတ်ပြီး သူတို့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခိုင်းထားလိုက်ပါ။ ဝမ်ကျင့်ဖျင် အခုတလော ရထားတဲ့ ပရောဂျက်တွေကိုလည်း စုံစမ်းခိုင်းထားလိုက်ပါ။ အဲ့ဒီ ပရောဂျက်တွေက တင်းကြွယ်စစ်နဲ့ ပတ်သက်နေလား ဆိုတာကိုပေါ့။ ညီမတို့ သူတို့ရဲ့ နှစ်ကိုယ်တည်းဓာတ်ပုံလေးတွေ ရနိုင်မယ် ဆိုရင် ပိုကောင်းတယ်။ ”

ရှားကျွင်းရှန်က ထိုစကားကို ကြားတော့ မျက်လုံးပြူးသွားသည်။ “ ညီမက တင်းကြွယ်စစ်နဲ့ သူနဲ့ကို မရိုးသားဘူးလို့ သံသယရှိနေတာလား။ ”

“ အဲ့ဒါ အရေးကြီးသေးလို့လား။ ဝမ်ကျင့်ဖျင်ရဲ့ ဂုဏ်သတင်းနဲ့သာဆို အမှတ်မထင် တိုက်ဆိုင်သွားတဲ့ ဓာတ်ပုံတစ်ပုံကိုတောင် ချဲ့ကားစိတ်ကူးယဉ်မယ့် လူတွေ အများကြီး ရှိလိမ့်မယ်။ တင်းကြွယ်စစ် သူမကို ကယ်တင်ပေးတုန်းက သူ့ပရိသတ်တွေ သူမကို ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းခဲ့လဲ ဆိုတာ အစ်ကိုလည်း မြင်တာပဲ။ ”

စုယန်ယန်က အနည်းငယ် မျက်ခုံးပင့်၍ သရော်တော်တော် ပြောလိုက်သည်။ “ ညီမတို့က သူ့အပေါ် ယုတ်မာနေတာမှ မဟုတ်တာ။ ကံကြမ္မာက သူ့ဘာသာသူ အခြေအနေပေးလာရင်တော့ အဲ့ဒါကို ရိုက်ကူးရမှာပေါ့။ အခြေမနေမပေးရင်တော့လည်း ထားလိုက်ပါ။ တင်းကြွယ်စစ်ရဲ့ ဇနီးက သူနဲ့ ဆယ်နှစ်ကျော် အတူရှိလာခဲ့တာ ၊ သူ့အတွက် သားနဲ့ သမီးကိုတောင် မွေးပေးခဲ့တယ်။ ဝမ်ကျင့်ဖျင်ရဲ့ ဖြားယောင်းမှုအောက်မှာ အလွယ်တကူ ကျရှုံးသွားတယ် ဆိုရင်တော့ သူ့ဇနီးရဲ့ သူ့အပေါ် ယုံကြည်မှုတွေက သဲထဲရေသွန်လို့ပဲ ပြောရမှာပေါ့။ ”

“ သူမက မကောင်းတဲ့ ယောက်ျားတစ်ယောက်အတွက် ဆယ်နှစ်ကျော် လူငယ်ဘဝကို ပေးဆပ်ခဲ့ရတာ။ နောက်ဆုံးကျ အိပ်မှုကိစ္စတွေ လုပ်ရင်း ၊ ကလေးတွေကို ဂရုစိုက်‌ရင်း အမှောင်ထဲမှာပဲ ဆက်နေခဲ့ရတယ်။ သူ့နေရာမှာ အစ်ကိုသာ ဆိုရင်ရော ဘာမှ မသိသလို ဟန်ဆောင်ပြီး ဇာတ်မျောကြီးအတိုင်း ဆက်သွားချင်လား ၊ ဒါမှမဟုတ် အမှန်တရားကို ကိုယ်ချင်းစာစိတ်နဲ့ စောစောစီးစီး လာပြောပြပြီး ထိခိုက်မှုတွေကို အချိန်မီ ရပ်တန့်ပေးမယ့် လူကောင်းတစ်ယောက်ကို လိုချင်လား။ ”

ရှားကျွင်းရှန် လည်ချောင်းနင်သွားရ၏။ သူသာ ဆိုရင်တော့ သေချာပေါက် ဒုတိယတစ်ခုကိုပဲ မျှော်လင့်ပါသည်။ မဟုတ်သေးပါဘူး ၊ သူ့လို တစ်ကိုယ်တည်းသမားတစ်ယောက်က ဒီလို ဖြစ်နိုင်ချေကို ဘယ်လိုတောင် စဉ်းစားရမှာလဲ … ။ သူသာ ရွေးချယ်ရမယ် ဆိုရင် နှစ်ခုလုံးကို ရွေးချယ်မှာ မဟုတ်ဘဲ သူ့အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တဲ့ လက်တွဲဖော်ကိုသာ ရွေးချယ်မိပါလိမ့်မည်။

ရှားကျွင်းရှန်သည် စုယန်ယန်ရဲ့ စကားကြောင့် သူ အတွေးချော်သွားပြီ ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားကာ စိတ်ကို ပြန်စုစည်း၍ လေးလေးနက်နက် ပြောလိုက်သည်။ “ အစ်ကို နားလည်ပြီ။ သူတို့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်ပါ့မယ်။ ”

899 02

စုယန်ယန်က သူမ မသိတဲ့ လူတွေကို အမုန်းတရားတွေနှင့် ထင်ကြေးပေး မဝေဖန်ချင်သော်လည်း မူရင်းဝတ္ထုဇာတ်ကြောင်းကို သိနေတာမို့ သတိတော့ ထားရပါမည်။ လူကြီးမင်းတင်းက သူ့ကိုယ်သူ စောင့်စည်းလျှင်တော့ ကောင်းတာပေါ့။ သူမမှာ မိသားစုတွေကို တကွဲတပြား ဖြစ်စေချင်တဲ့ ဆန္ဒမရှိပါ။ ဒါပေမဲ့ ကိုယ့်အန္တရာယ်ကိုယ် မသိဘဲ ဇွတ်တိုးချင်နေရင်တော့လည်း သူမအပြစ် မဟုတ်။

ဟောက်ချီဟန်သည် ဟောက်ကော်ပိုရေးရှင်းထဲကနေ သူ မောင်းထုတ်ခံလိုက်ရတဲ့ အချိန်ဟာ သူ့ဘဝရဲ့ အကျပ်တည်းဆုံး အချိန် ဖြစ်သည်ဟု ထင်မှတ်ခဲ့၏။ မျှော်လင့်မထားစွာဖြင့် လအနည်းငယ်အကြာမှာ သူ့မျက်နှာကို ထပ်အရိုက်ခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဟောက်မိသားစုရဲ့ အိမ်အကူက ကြယ်လေးကို ခိုးယူတဲ့ နေ့တုန်းက ဟောက်ချီဟန်တစ်ယောက် အကြာကြီး စောင့်နေခဲ့ပေမဲ့ ကလေးကို ယူလာတဲ့ လူအရိပ်အယောင်ကို မတွေ့ခဲ့ရပါ။ ထို့ကြောင့် တစ်ခုခု လွဲမှားနေပြီ ဆိုတာကို ချက်ချင်း အာရုံခံမိသွားပြီး ရွှယ်ပိုင်လီအား သူ့ရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို အမြန် သိမ်းဆည်းခိုင်းကာ ထွက်ပြေးဖို့ ပြင်ဆင်လိုက်သည်။

သို့သော် သူတို့နှစ်ယောက် လေဆိပ်ကို ပြေးသွားတဲ့အခါ လေဆိပ်မှာ ကြိုတင် စောင့်နှင့်နေတဲ့ လူစုကြောင့် ထိတ်လန့်သွားခဲ့ကြရလေသည်။

ဒီအချိန်မှတော့ သူတို့ရဲ့ မူလ နေထိုင်ရာကို ပြန်သွားဖို့ မဖြစ်နိုင်တော့၍ ဟောက်ချီဟန်သည် ‌ရွှယ်ပိုင်လီအား ဝေးလံခေါင်ဖျားတဲ့ မြို့ဆင်ခြေဖုံး တစ်နေရာသို့ ခေါ်လာကာ ပုန်းကွယ်နေခဲ့ရသည်။

++++++

All Chapters