အခန်း ၉၀၀
Vol. 60 Ch. 900
900 01
အခန်း ( ၉၀၀ ) ခိုင်မာသော ကတိ။
ဟောက်ချီဟန်ရဲ့ နာမည်အောက်မှာ ပိုင်ဆိုင်မှုတွေ အများကြီးတွေ ရှိပေမဲ့ ဟောက်ကော်ပိုရေးရှင်းကနေ မောင်းထုတ်ခံရပြီးတဲ့နောက်ပိုင်း သူ့ရဲ့ များပြားတဲ့ ကုန်ကျစရိတ်တွေအတွက် ပိုက်ဆံတွေ အများကြီး သုံးခဲ့ရသည်။ ပြီးတော့ ဒီလို အန္တရာယ်များတဲ့ ကာလအတွင်း သူ့အိမ်ထဲမှာ ပုန်းနေတာက ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်သွားတာနှင့် အတူတူပဲ ဖြစ်သည်။
သူတို့လို လူအများစုက အရေးကြုံလာချိန်မှာ ထွက်ပြေးနိုင်မယ့် လွတ်လမ်း တချို့ကို လိုရမယ်ရ ကြိုတင်ပြင်ဆင်ထားတတ်ပါသည်။
ဟောက်ချီဟန်က ရွှယ်ပိုင်လီကို မြို့ဆင်ခြေဖုံးက ခြံနှင့်ဝန်းနှင့် နှစ်ထပ်အိမ်လေးကို အရင်ဆုံး ခေါ်သွားခဲ့သည်။ ထိုအိမ်လေးက ရွှယ်ပိုင်လီမှာ ကိုယ်ဝန်ရှိနေတာကို သူ သိသွားချိန်မှာ သူမထံ လွှဲပြောင်းပေးခဲ့တဲ့ အိမ်လေးပင်။
သို့သော်လည်း ထိုအိမ်လေးမှာ သူတို့ နေရာချပြီးနောက် တစ်ရက်တောင် မကြာလိုက်ဘဲ ညဘက်ကြီး အဝေးက ရဲကားအသံတွေကို ကြားလိုက်ရသည်။ သူတို့နှစ်ယောက်လုံး သွေးပျက်ကြောက်လန့်သွားသည်မှာ ညတွင်းချင်းပဲ ပစ္စည်းတွေ ထသိမ်းပြီး ထွက်ပြေးခဲ့သည်အထိ။
အဲ့ဒီနောက်ပိုင်း သူတို့ရဲ့ နာမည်အောက်က အိမ်တွေဆီ လက်လွတ်စပယ် ပြေးမသွားရဲတော့ဘဲ ပုန်းလျှိုးကွယ်လျှိုးနှင့် အငှားအိမ်တွေကိုသာ ရှာရင်း ညစ်ပတ်ပေရေနေတဲ့ ချောင်ကျကျ အိမ်လေးတွေဆီ ရောက်လာခဲ့ရသည်။ ဒီလို ပျံကျဆန်တဲ့ နေရာမျိုးသာ သူတို့ ပုန်းနေသရွေ့ ရဲတွေက သူတို့ကို အလွယ်တကူ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ တွေးထင်မိခဲ့ကြသည်။
ဒါပေမဲ့ သူတို့အထင်နှင့် ဆန့်ကျင်ဘက်ပင် အိမ်အသစ်ကို သူတို့ ပြောင်းလာပြီး သိပ်မကြာခင်မှာပဲ ရဲတွေက ရှာတွေ့သွားခဲ့သည်။ ထွက်ပြေးလာလိုက် ၊ ရဲတွေက ရှာတွေ့သွားလိုက် ၊ အသက်လုပြီး ထပ်ထွက်ပြေးလာလိုက်နှင့် သံသရာလည်နေခဲ့ပြီး ဒီပုံအတိုင်းသာ သုံး ၊ လေးကြိမ်လောက် ဆက်ဖြစ်နေရင် ဟောက်ချီဟန်ရဲ့ စိတ်ခံစားချက်တွေက ပြိုလဲသွားတော့မယ့် အစွန်းတဲတဲလေးကို ရောက်နေပြီ ဖြစ်သည်။
“ ချီးပဲ။ အဲ့လူတွေက ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်စရာကောင်းနေတာလဲ။ သူတို့လက်က လွတ်အောင် ဘယ်လိုမှ ထွက်ပြေးလို့ မရဘူး။ ” ဟောက်ချီဟန်သည် ရင်းနှီးနေတဲ့ ရဲကားအသံတွေကို ကြားသောအခါ ဘောင်းဘီတောင် ပြန်မဝတ်နိုင်ဘဲ ရေချိုးခန်းထဲက ပြေးထွက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာ အကြမ်းဖက်လိုမှုတွေ ပြည့်နှက်နေပြီး အပြင်ကို ပြေးထွက်ကာ တိုက်ခိုက်ချင်နေခဲ့သည်။
ပြန်တိုက်ခိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ရွှယ်ပိုင်လီကတော့ ဒီလို ဒုက္ခမျိုးနှင့် ကျင့်သားရနေပုံဖြင့် ပစ္စည်းတွေကို အမြန် သိမ်းဆည်းပြီး ဟောက်ချီဟန်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ အရမ်း တဇွတ်ထိုး မလုပ်ပါနဲ့ရှင်။ ကျွန်မတို့ အသပ်ရှင်နေသရွေ့ မျှော်လင့်ချက် ဆိုတာ ရှိတယ်။ ရှင့်ကိုသာ သူတို့တွေ ဖမ်းမိသွားရင် ကျွန်မတို့မှာ မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး။ ”
သူမရဲ့ ဖြောင်းဖြစကားကြောင့် ဟောက်ချီဟန်ရဲ့ အမူအရာက အနည်းငယ် ပြေလျော့သွားစ။ သူ ရွှယ်ပိုင်လီကို ခေါ်ပြီး ဘယ်သူမှ ရောက်မလာသေးခင်မှာပဲ ယာယီ ငှားရမ်းထားတဲ့ အိမ်ထဲကနေ ထွက်ပြေးလာခဲ့ကြသည်။
သူတို့နှစ်ယောက်ဟု ညသန်းခေါင်ကြီး နေစရာ နေရာတောင် မရှိဘဲ ထွက်ပြေးလာခဲ့ရသည်။ ပုံမှန်အားဖြင့် မှတ်ပုံတင်သုံးပြီး အခန်းငှားရတဲ့ ဟိုတယ်လို နေရာမျိုးတွေကို သူတို့ သွားလေ့မရှိသော်လည်း နောက်ဆုံးမှာတော့ လမ်းပေါ်မှာ မအိပ်ရစေရေးအတွက် ချောင်ကျကျ ဟိုတယ်လေးထဲကို ဝင်လာခဲ့ရသည်။
ဈေးကြီးသော်လည်း အခန်းကတော့ တကယ့်ကို ရိုးရှင်းသည်။ နံရံတွေက ဝါကြင့်နေပြီး ခန်းဆီးလိုက်ကာတွေက အိုအိုဟောင်းဟောင်း။ သူတို့ ဒီည ခြုံအိပ်ရမယ့် စောင်ကတောင် စိုထိုင်းထိုင်းနှင့် အနံ့အသက်မကောင်း။
ဟောက်ချီဟန် ဒီလို နေရာမျိုးမှာ တစ်ခါမှ မနေဖူးသောကြောင့် အခန်းထဲကို ရောက်သည်နှင့် သူ့မျက်နှာက မည်းမှောင်သွားခဲ့သည်။
သူ့မျက်နှာမည်းမှောင်သွားပြီး ဒေါသထွက်သွားတာကို သိတဲ့ ရွှယ်ပိုင်လီက သက်ပြင်းတိုးတိုးလေး ချပြီး နှစ်သိမ့်ပေးသည်။ “ အခန်းက သိပ်မကောင်းပေမဲ့လည်း အခုလို အခက်တွေ့နေတဲ့ အချိန်မျိုးမှာတော့ ဒီမှာပဲ သည်းခံပြီး နေကြရအောင်နော်။ ဒီအချိန်တွေ အကုန်လုံး ပြီးသွားတာနဲ့ ကျွန်မတို့ အနာဂတ်မှာ ဘဝသစ် ပြန်စနိုင်မှာပါ။ ”
ဟောက်ချီဟန်သည် သူ့ဘေးမှာ သူနှင့်အတူ ရက်အနည်းငယ်ကြာ အတူရှိပေးခဲ့တဲ့ အမျိုးသမီးကို ကြည့်ကာ မူလတုန်းက ဒေါသမီးတွေဖြင့် တောက်လောင်နေခဲ့တဲ့ နှလုံးသားဟာ နူးညံ့သွားကာ သူမကို ရင်ခွင်ထဲ ဆွဲဖက်လိုက်၏။ “ မင်းအတွက်လည်း ခက်ခဲမှာပဲ။ ”
သူ့ရင်ခွင်ထဲမှာ နစ်မြုပ်နေတဲ့ ရွှယ်ပိုင်လီက ဗလုံးဗထွေးအသံလေးနှင့် ပြန်ပြောသည်။ “ ဟင့်အင်း။ ကျွန်မ ရှင်နဲ့သာ အတူရှိနိုင်မယ် ဆိုရင် ဒါတွေက ဘာမှ မပြောပလောက်ပါဘူး။ ”
900 02
ဟောက်ချီဟန်သည် ထိုစကားကို ကြားသောအခါ သူ့စိတ်ထဲမှာ ပိုလို့တောင် နင့်နင့်နဲနဲ ခံစားခဲ့ရသည်။ လွန်ခဲ့တဲ့ ( ၂ ) နှစ်တုန်းက အားမာန်အပြည့်နှင့် တက်ကြွနေခဲ့တဲ့ ဟောက်က်ေပိုရေးရှင်းရဲ့ ဥက္ကဌဟာ ( ၂ ) နှစ်အကြာမှာ သူ့ကုမ္ပဏီကို လက်လွှတ်ဆုံးရှုံးလိုက်ရရုံသာမက ဇနီးနှင့် သားနှင့်ပါ ရန်သူတွေ ဖြစ်သွားလိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ … ။ သူ့ကို အစ်ကိုကြီးလို့ ခေါ်ပြီး မြှောက်ပင့်ခဲ့တဲ့ စီးပွားရေးပါတနာတွေတောင် သူ နိမ့်ကျနေချိန်မှာ သူ့ကို ကန်ထုတ်ပြီး ငြင်းပယ်ခဲ့ကြသည်။
သူ့ဘေးမှာ အတူရှိနေပေးပြီး သူ့ကို အမှန်တကယ် ဂရုစိုက်ပေးတာက သူ့ကို စိတ်ရင်းနှင့် ချစ်မြတ်နိုးတဲ့ ဒီအမျိုးသမီးလေး တစ်ယောက်တည်းပါပဲ။
ဟောက်ချီဟန်သည် သူ့ကိုယ်သူလည်း စိတ်ပျက် ၊ ဝမ်းလည်း နည်းကာ ရွှယ်ပိုင်လီကို ခိုင်ခိုင်မာမာ ကတိပေးလိုက်လေသည်။ “ ကိုယ်တို့ ဒီအချိန်တွေကို ကျော်ဖြတ်ပြီးတာနဲ့ မင်းကို လက်ထပ်မယ်လို့ ကိုယ် ကတိပေးတယ်။ ဒီဘဝမှာ မင်းတစ်ယောက်တည်းကိုပဲ ကိုယ် ဘုရင်မတစ်ပါးလို ဆက်ဆံပေးသွားမယ်။ ”
+++++