← Chapters

ဘိုးဘေးများနှင့် တိုက်ခိုက်ခြင်း

Vol. 006 Ch. 258

ဘိုးဘေးများနှင့် တိုက်ခိုက်ခြင်း

Vol. 006 Ch. 258

ထိုလူအိုကြီးများထဲက တစ်ယောက်က သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် မရေမတွက်နိုင်သော အနက်ရောင်တိမ်များက ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ အမှန်တော့ သည်အနက်ရောင်တိမ်များက လက်မအရွယ် အင်းဆက်များကြောင့် ဖြစ်တည် လာခြင်းပင်။ သူတို့အားလုံး စုဝေးသွားခြင်းက လေထုကို ငါးညှီနံ့များ လှိုင်သွားစေ၏။

အခြားကလန်များမှ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများက သည်အနက်ရောင် တိမ်များကို သတိပြုမိလိုက်သည်။ သည်အရာက တိမ်ကောင်းကင်ကလန်၏ ဘိုးဘေး တစ်ယောက်ဖြစ်သူ ချန်ဘိုင်လန်၏ ကျော်ကြားသော ရတနာဖြစ်သည့် ခရမ်းရောင် မှင်အင်းဆက် ဖြစ်လေသည်။

သည်ခရမ်းရောင် မှင်အင်းဆက်များတွင် သေစေနိုင်သော အဆိပ်များ ပါဝင်နေသည့် အပြင် ၎င်းတို့၏ အရေပြားကလည်း ထူထဲလှသည်။ လူတစ်ယောက်က ၎င်းတို့ ဝန်းရံခြင်း ခံရလျှင် အသက်ရှူချိန် အနည်းငယ်အတွင်း စားသုံးခြင်း ခံလိုက်ရမည် ဖြစ်ပြီး အရိုးပင် ကျန်လိမ့်မည် မဟုတ်ပေ။

အနက်ရောင် တိမ်များ ပေါ်လာသည်နှင့် ဝမ်လင်းက လီမူဝမ်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်ထဲက အတားအဆီး အလံကို ထုတ်ယူလိုက်သည်။ ဝမ်လင်း၏ ထိန်းချုပ်မှု အောက်တွင် အတားအဆီး အလံက ကြီးမားလာခဲ့ပြီး သူနှင့် လီမူဝမ်ကို လွှမ်းခြုံလို့သွား၏။

တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့ဂျိနယ်ပယ်ကို လှုပ်ရှားလိုက်သည်။ အားကောင်းသော ဖိအားက နောက်တစ်ဖန် ဖြစ်ပေါ်လာခဲ့ပြန်၏။ သည်ဖိအားက တိမ်ကောင်းကင် ကလန်၏ ဘိုးဘေးငါးယောက်၏ အမူအရာကို ပြောင်းသွားစေ၏။ သူတို့က လျင်မြန်စွာဖြင့် ရတနာများထုတ်ကာ ကာကွယ်လိုက် ကြရသည်။

ဂျိနယ်ပယ်က အနီရောင် အလင်းတန်း အသွင်ဖြင့် အနက်ရောင် တိမ်များကို ဖြတ်၍ ချန်ဘိုင်လန်၏ မျက်ခုံးကြားသို့ တိုးဝင်လို့ လာခဲ့သည်။ ချန်ဘိုင်လန်က စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်ဖြစ်သဖြင့် သူက သည်အနီရောင် အလင်းတန်းထဲတွင် အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်နေသည်ကို ခံစားမိလိုက်၏။ ချန်ဘိုင်လန်က နောက်သို့ အလျင်အမြန် ဆုတ်လိုက်ပြီး သူ့စဦးစိတ်ဝိညာဉ်ကို ထုတ်ဖော်၍ အတားအဆီး အလွှာများ ဖန်တီးကာ အနီရောင် အလင်းတန်းကို ပိတ်ဆို့လိုက်သည်။ သို့သော် အနီရောင် အလင်းက ထိုအလွှာများကို တစ်လွှာပြီး တစ်လွှာ ဖောက်ထွက်လာခဲ့သည်။ချန်ဘိုင်လန်က အချိန်ဆွဲခြင်း မရှိဘဲ သူ့လျှာကို ကိုက်၍ သွေးအန်ထုတ် လိုက်သည်။ သူက သူ့စဦးစိတ်ဝိညာဉ်မှ အဆီအနှစ်ကို ထုတ်ကာ အော်ဟစ်လိုက်သည်။

“သွေးအကာအကွယ် ...”

ချက်ချင်းပင် သွေးနှင့် စဦးစိတ်ဝိညာဉ် အဆီအနှစ်တို့က ပေါင်းစပ်သွားပြီး သွေးပုတီးစေ့ အသွင်သို့ ပြောင်းသွား၏။ အနီရောင် အလင်းတန်းက ထိုသွေးပုတီးစေ့ထဲသို့ ဝင်ရောက်လို့ သွားလေသည်။

ချိန်ဘိုင်လန်က နောက်ထပ် အော်ဟစ်လိုက်ပြန်သည်။

“ပုံရိပ်ယောင် ချိုးဖျက်ခြင်း”

ထို့နောက် လေဟာနယ် အက်ကြောင်းတစ်ခုက သွေးပုတီးစေ့ ဘေးနားတွင် ပေါ်လာခဲ့ပြီး အနီရောင် အလင်းတန်း ပါဝင်သော သွေးပုတီးစေ့က ထိုအက်ကြောင်းထဲသို့ နစ်မြုပ်လို့ သွားသည်။ ထို့နောက် အက်ကြောင်းလည်း ပြန်ပျောက်ကွယ်လို့ သွားလေသည်။

ချန်ဘိုင်လန် နဖူးက ချွေးများဖြင့် အေးစက်သွားသည်။ သူက ငရဲတံခါးဝသို့ ရောက်လုနီးပါး ဖြစ်သွားရခြင်းပင်။ သူသာ အနည်းငယ် နှေးသွားမည် ဆိုပါက သေဆုံးသွားပြီး ဖြစ်နေပေတော့မည်။

သူ့နောက်ရှိ အခြားကျင့်ကြံသူ လေးယောက်ကလည်း ကြောက်ရွံ့မိ သွားကြသည်။

ဝမ်လင်းက စကားတစ်လုံးမှ မပြောဘဲ ချန်ဘိုင်လန်ကို ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက် ကြသည်။ သည်စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်များက အခြားလူများနှင့် မတူကွဲပြား လေသည်။ ဒါက သူ့ဂျိနယ်ပယ် တိုက်ခိုက်မှုကို ပထမဆုံး ရပ်တန့်အောင် လုပ်နိုင်ခဲ့သော တစ်ယောက်ပင် ဖြစ်သည်။

ချန်ဘိုင်လန်က အသက် ခပ်ပြင်းပြင်း ရှူလိုက်သည်။ သူက လေးနက်စွာ ပြောလိုက်သည်။

“ဘယ်လိုတောင် စွမ်းအားကောင်းတဲ့ တိုက်ခိုက်မှု ရတနာလဲ။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုက ငါ့ လေဟာနယ် အက်ကြောင်းထဲ ရောက်ရှိသွားပြီ။ ငါသိချင်တယ် ... မင်းမှာ ခရမ်းရောင် မှင်အင်းဆက်တွေကို ရင်ဆိုင်ဖို့ ဘယ်လို နည်းစနစ်တွေ ရှိသေးသလဲ ...”

ချန်ဘိုင်လန်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် တိမ်များက ဝမ်လင်းနှင့် လီမူဝမ်တို့ထံသို့ တစ်ဟုန်ထိုး ဝင်သွားတော့လေသည်။

ဝမ်လင်းက သူ့ညာလက်ကို လှုပ်ရှားလိုက်ရာ သူရှေ့ရှိ လေဟာနယ်က ပြဲဆုတ်သွားသည်။ လေဟာနယ် အက်ကြောင်းထဲမှ အနီရောင် အလင်းတန်း ထွက်ပေါ်လာပြီး သူ့လက်ထဲ၌ ပျောက်ကွယ်လို့ သွားလေသည်။ တစ်ချိန်တည်းမှာ သူက အတားအဆီး အလံကို ထုတ်ဖော်လိုက်ပြီး အင်းဆက်များကို ပိတ်လှောင် ထားလိုက်သည်။

ချန်ဘိုင်လန် မျက်နှာက ဖျော့တော့သွား၏။ သူက ဝမ်လင်းကို ကြည့်၍ တစ်လုံးချင်း ပြောလိုက်သည်။

“မင်းက ဘယ်လို ကောင်စားမျိုးလဲ။ မင်း ဒီစွမ်းရည်နဲ့ ဆိုရင် သာမန် ဆေးပညာရှင် တစ်ယောက် လာလုပ်နေမယ်လို့ ငါမထင်ဘူး။ မင်းရည်ရွယ်ချက် အမှန်က ဘာလဲ ...”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ တိမ်ကောင်းကင်ကလန်ကို လိုချင်တယ် ...”

ချန်ဘိုင်လန်က တဟားဟား ရယ်မောလိုက်သည်။ သူက လှောင်ပြောင်သည့် အသံဖြင့် ပြောလိုက်သည်။

“မင်းက မောက်မာလွန်းတယ်။ ငါတို့ ငါးယောက်က မင်းရဲ့ အနီရောင် အလင်းတန်းကို မဆန့်ကျင်နိုင်ဘူး ဆိုရင်တောင် ငါတို့ပေါင်းတိုက်ရင် မင်းလည်း သက်သာမှာ မဟုတ်ဘူး ...”

သူပြောလို့ မပြီးသေးခင်မှာ ဝမ်လင်းက လက်မြှောက်လိုက်ရာ အနီရောင် အလင်းတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။ ထိုအလင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင် ရုတ်တရက် ပြောင်းလဲသွားပြီး အနီရောင် တိမ်တိုက်များအဖြစ် စုဝေးသလို ဖြစ်သွားလေသည်။ သည်မြင်ကွင်းက နတ်ဆိုးပင်လယ်တွင် ဖြစ်ခဲ့သော နတ်ဘုရား ပြစ်ဒဏ်နှင့်ပင် အလားသဏ္ဌာန် တူနေ၏။

ချန်ဘိုင်လန်က စကား ပြောနေသည်ကို ရပ်တန့်လိုက်ပြီး ကောင်းကင်ပေါ်ရှိ အနီရောင် တိမ်တိုက်မြင်ကွင်းကို မော့ကြည့်လိုက်သည်။ သူ့နောက်က လေးယောက်ကလည်း ကြည့်လိုက်ကြသည်။ ထို့နောက် ဘိုးဘေးများထဲမှ တစ်ယောက်က အလန့်တကြား ထအော်လိုက်တော့သည်။

“ဒါ ... ဒါက ...”

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မှန်ပါတယ်။ မင်းတို့ ငါးယောက် ပေါင်းတိုက်ရင် ငါက မင်းတို့ထဲက တချို့ကို သတ်နိုင်ခဲ့မယ် ဆိုရင်တောင် ငါလည်း အပြင်းအထန် ဒဏ်ရာ ရမှာပဲ။ ဒါပေမဲ့ အခုက မတူတော့ဘူး။ ဒါက နတ်ဘုရား ပြစ်ဒဏ် လျှပ်စီးမိုးကြိုးပဲ။ မင်းတို့ငါးယောက် ဒါကို ဘယ်လို ခုခံမလဲ ကြည့်ရတာပေါ့ ...”

ဘိုးဘေး ငါးယောက်က ရုတ်တရက် တိတ်ဆိတ် သွားမိသည်။ သူတို့က သည်အနီရောင်တိမ်များက နတ်ဘုရား ပြစ်ဒဏ် စွမ်းအားရှိကြောင်း သံသယ မရှိကြပေ။ ထို့နောက် ငါးယောက်ထဲမှ တစ်ယောက်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“ပထမဆုံး ဒီကိစ္စနဲ့ ပတ်သက်လို့ ငါတို့ ဆွေးနွေးလိုက်မယ်။။ ကျေးဇူးပြု၍ ခဏစောင့်ပါဦး”

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ မင်းတို့ တိုင်ပင်နိုင်တယ်။ ဒါပေမဲ့ ...”

သူက ထိုသို့ ပြောပြီးနောက် အနီရောင် အလင်းတန်းကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။ ထိုအခါ အနီရောင်တိမ်များက ၎င်းအနီးတွင် စုဝေးလို့ လာတော့သည်။

သည်လူငါးယောက်က ကောင်းကင်ကို အထိတ်တလန့် ကြည့်လိုက်မိကြသည်။

သည့်နောက် ဝမ်လင်းက ဂျိနယ်ပယ်ဖြင့် တိုက်ခိုက်လိုက်ပြန်သည်။ ဂျိနယ်ပယ်၏ နောက်တွင် အတားအဆီး အလံကလည်း ရှိလို့နေ၏။

စဦးစိတ်ဝိညာဉ် ငါးယောက်က နောက်သို့ လျင်မြန်စွာ ဆုတ်နိုင်စွမ်းရှိသည်။ သို့သော် သူတို့က အနည်းငယ် နောက်ကျလို့သွား၏။ ထိုအချိန်တွင် ဂျိနယ်ပယ်က ချန်ဘိုင်လန် အပေါ်သို့ သက်ရောက်လို့ သွားသည်။ သူက ခုခံချိန် မရလိုက်ပေ။ ချန်ဘိုင်လန် မျက်နှာက ဖျော့တော့သွားပြီး သူ့မျက်လုံးများကလည်း ဝေဝါး သွားရသည်။ သို့သော် သူက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်ဖြစ်သဖြင့် သူ့အသိဉာဏ်ဖြင့် တိုက်ရိုက် ထိလေသည်။ သူ့ခန္ဓာကိုယ်ကလည်း မြေကြီးပေါ်သို့ ကျရောက် သွားရသည်။ ထို့နောက် သူက ဘာကိုမျှ အာရုံစိုက်နိုင်ခြင်း မရှိတော့ဘဲ စတင် လေ့ကျင့်လိုက်သည်။ မဟုတ်လျှင် သူက နည်းနည်း နောက်ကျသည်နှင့် သေဆုံး ရပေလိမ့်မည်။ အခုချိန်မှာတောင် သူက အနီရောင် အလင်း၏ အဖျက်အဆီး စွမ်းအားကို ရပ်တန့်နိုင်မည်က မသေချာ မရေရာလှပေ။

စုန်ချင်နှင့် အခြား အကြီးအကဲများက ချန်ဘိုင်လန် အနားသို့ ရောက်လာပြီး သူ့ကို ကာကွယ် ပေးလိုက်ကြသည်။

ဂျိနယ်ပယ် နောက်တွင် ကပ်ပါလာသော အတားအဆီး အလံကလည်း နောက်ထပ် စဦးစိတ်ဝိညာဉ် ကျင့်ကြံသူနား ရောက်လာခဲ့ပြီး ထိုလူကို ဝန်းရံသွားလေသည်။

ထိုကျင့်ကြံသူ၏ အမူအရာက နက်မှောင်လို့ သွား၏။ သူက အတားအဆီး တစ်မျိုးထဲသို့ ကျရောက်သွားပြီကို သိလိုက်လေသည်။ ထိုအရာများက လျင်မြန်စွာ ဖြစ်ပျက် သွားခြင်းပင် ဖြစ်သည်။ ဝမ်လင်းက ချန်ဘိုင်လန်ကို သူ့ဂျိနယ်ပယ်နှင့် တိုက်ခိုက်ပြီး အခြားတစ်ယောက် ကိုတော့ အတားအဆီး အလံဖြင့် ပိတ်လှောင်လိုက်ခြင်းက မြန်ဆန်လွန်းလှ၏။

ထို့ကြောင့် ဘိုးဘေး ငါးယောက်တွင် သုံးယောက်သာ ကျန်ရှိတော့လေ၏။

ဝမ်လင်းက ကျန်နေသေးသော ဘိုးဘေး သုံးယောက်ကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အခု မင်းတို့ သုံးယောက်ပဲ ကျန်တော့တယ်။ မင်းတို့ သုံးယောက် ပေါင်းတိုက်မယ် ဆိုရင်တောင် ငါက မင်းတို့ တစ်ယောက်ချင်းကို သတ်ပစ်နိုင်ဖို့ ယုံကြည်မှု ရှိနေပြီ ...”

ဘိုးဘေး သုံးယောက်၏ အမူအရာက စိတ်ဓာတ်ကျဟန်များ ဖြစ်ပေါ်လာ၏။ သူတို့က အခြားနှစ်ယောက်၏ အဖြစ်ကို ကြည့်၍ မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်ရသည်။

ဝမ်လင်းက အေးစက်စွာ ထပ်ပြောလိုက်ပြန်၏။

“ငါ့ကို စိတ်ဝိညာဉ် သွေးပေးပါ။ဒါမှ မဟုတ်ရင်တော့ ...”

မိန်းမလျာနဲ့ တူသည့် အဘိုးအိုက အသက်ဝဝရှုကာ ဖြည်းညင်းစွာ ပြောသည်။

“ငါ ကျင့်ကြံလာတာ နှစ်ပေါင်း (၁၃၀၀) ကျော်ခဲ့ပြီ။ ဘယ်သူ့ကိုမှ ငါ့စိတ်ဝိညာဉ်သွေး မပေးခဲ့ဖူးဘူး ...”

ဝမ်လင်း မျက်လုံးများက ဖျတ်ခနဲ လတ်သွားပြီး သူက ထပ်ပြောလိုက်ပြန်သည်။

“ငါက မင်းတို့နဲ့ ဘာရန်ညှိုးမှ မရှိခဲ့ဘူး။ ဒါပေမဲ့ မင်းတို့ ငါ့ကို စိတ်ဝိညာဉ် သွေးပေး မပေးဘူးဆိုရင် ငါ့ရဲ့ ကြမ်းကြုတ် ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့ ...”

ထိုသို့ ပြောပြီးနောက် ဝမ်လင်းက မကောင်းဆိုးဝါး ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးတို့ကို ဆင့်ခေါ်လိုက်သည်။ သူတို့နှစ်ကောင်က ထွက်လာချင်းချင်း စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ သုံးယောက်ကို စူးစိုက် ကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာ မြေပေါ်၌ လေ့ကျင့်နေသော ချန်ဘိုင်လန်က သေဆုံး သွားခဲ့သည်။

သူသေဆုံး သွားသည့်အခိုက် ကျန်သုံးယောက်က တုန်ယင်လို့ သွားမိသည်။ သည့်နောက် ဘိုးဘေး တစ်ယောက်က အနည်းငယ် တုံ့ဆိုင်းကာ ပြောလိုက်သည်။ ငါမင်းကို စိတ်ဝိညာဉ် သွေးပေးမယ် ဆိုရင်လည်း သေရမှာပဲ။ အဲဒီတော့ ငါက အသေခံ ပြန်တိုက်မယ်။ တကယ်လို့ ငါသေခဲ့ရင်တောင် ဘာမှ နောင်တရစရာ မရှိတော့ဘူး။

ဝမ်လင်းက တည်ငြိမ်စွာ ထပ်ပြောသည်။

“ငါ့ကိုမင်းရဲ့ စိတ်ဝိညာဉ်သွေး ပေးပါ။ နှစ်ပေါင်း (၅၀၀) ကြာပြီးရင် ငါမင်းကို မင်းရဲ့ စိတ်ဝိညာဉ် သွေးပြန်ပေးမယ် ...”

လူအိုကြီးက စဉ်းစားသည့်ပုံ ဖြစ်သွားသည်။ အချိန်အတော် ကြာပြီးနောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။

“မင်းကတိကို မချိုးဖောက်ဖို့ မျှော်လင့်ပါတယ် ...”

ထိုသို့ ပြောပြီးနောက် သူက သူ့သူငယ်ချင်းတွေကို ကြည့်လိုက်ပြီ မျက်ခုံးကြားကို ထိလိုက်ရာ ရွှေရာသွေးတစ်စက် ထွက်ပေါ်လာခဲ့သည်။ ဝမ်လင်းက သွေးကို ရယူပြီးနောက် သူက မြေပေါ်သို့ ဆင်းလိုက်ကာ တိတ်ဆိတ်စွာ နေလိုက်၏။

မိန်းမလျာနှင့် တူသော လူအိုကြီးက အနည်းငယ်ပြုံး၍ အခြားဘိုးဘေများကို ကြည့်လိုက်သည်။ သူက ချန်ဘိုင်လန် ခန္ဓာကိုယ်ကြီးကို ကြည့်၍ သက်ပြင်းချ လိုက်သည်။

“ကောင်းပြီ ... ကောင်းပြီ ...”

ထိုသို့ ပြောပြီးနောက် သူက သူ့စိတ်ဝိညာဉ်သွေးကို ထုတ်ပေးလိုက်သည်။ သူက ထို့နောက် မည့်သည့် အရာကိုမျှ စိတ်ဝင်စားခြင်း မရှိတော့ဘဲ မျက်လုံးမှိတ်၍ လေ့ကျင့် လေတော့သည်။

ထို့နောက် မိန်းမလျာနှင့် တူသော လူအိုကြီးက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ သူက အတားအဆီး အလံထဲတွင် ပိတ်မိနေသောလူကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“ကျေးဇူးပြု၍ ယန်ထျန်ဇီကို မသတ်လို့ရလား ...”

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သည်အခါ အတားအဆီးက ကွဲအက်သွားပြီး ယန်ထျန်ဇီက လျင်မြန်စွာ ပြန်ထွက်လာခဲ့သည်။ ယန်ထျန်ဇီ မျက်နှာက နက်မှောင်လို့ နေသည်။ သူက စကားပြောမလို လုပ်လိုက်စဉ် တစ်ခုခု မှားနေသည်ကို သတိပြုမိလိုက်သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ့အသွင်က ကြီးစွာပြောင်းလဲ သွားတော့၏။

မိန်းမလျာနှင့် တူသော အဘိုးအိုက ယန်ထျန်ဇီကို အသံပို့လွှတ် လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ် သွေးစက်ကို ထုတ်ပေးလိုက် ကြတော့သည်။

နောက်ဆုံးတော့ ရလဒ်အနေဖြင့် တိမ်ကောင်းကင် ကလန်၏ ဘိုးဘေး ငါးယောက်တွင် တစ်ယောက် သေဆုံးခဲ့ပြီး ကျန်သည့် လေးယောက်ကလည်း အညံခံ လိုက်ကြပေသည်။

***

All Chapters