အခန်း ၉၀၁
Vol. 61 Ch. 901
901 01
အခန်း ( ၉၀၁ ) ရုတ်တရက် သစ္စာဖောက်မှု။
“ အင်းပါ။ ” ရွှယ်ပိုင်လီက ခပ်တိုးတိုး ပြန်ပြောပြီး သူမရဲ့ မျက်နှာကို ဟောက်ချီဟန်ရဲ့ ရင်ခွင်ထဲကို ပိုလို့ တိုးဝင်၍ နစ်မြှုပ်ထားလိုက်သည်။
ဟောက်ချီဟန်ကတော့ သူ့ကတိကြောင့် သူမ ပျော်ရွှင်သွားတာလို့ တွေးပြီး ထိုအမူအရာကို ဘာမှ သိပ်မတွေးခဲ့ပေ။ သူတို့နှစ်ယောက် ဒီမှောင်မည်းစိုစွတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ သုံးရက် နေခဲ့ရပြီး ထိုသုံးရက်က ဟောက်ချီဟန်အတွက်တော့ လောကငရဲပင်။
အခန်းထဲမှာ အောက်သိုးသိုးအနံ့တွေ ထွက်နေရုံသာမက ပို့ဆောင်ပေးတဲ့ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကလည်း ဈေးအပေါဆုံးနှင့် အရည်အသွေးအနိမ့်ဆုံးတွေ ဖြစ်သည်။ ထိုဖျော်ရည်တွေကို သောက်ကြည့်တဲ့အခါမှာလည်း သိုးနံ့ထွက်နေ၏။
ဟောက်ချီဟန်က တကယ့် အကောင်းဆုံးတွေချည်းကိုသာ အသုံးပြုလာတဲ့ ကိန်းကြီးခမ်းကြီးနိုင်သူပါ။ သူ့ရဲ့ တစ်နေ့တာ ထမင်းသုံးနပ်စာကို မိသားစုရဲ့ ကိုယ်ပိုင်စားဖိုမှုးက ချက်ပြုတ်ပေးတာ ဟုတ်ရင် ဟုတ် ၊ မဟုတ်ရင် အထက်တန်းလွှာ စားသောက်ဆိုင်တစ်ဆိုင်က စားဖိုမှူးက ချက်ပြီး ကုမ္ပဏီကို ပို့ပေးတာချည်း။
အရင်တုန်းကဆို ဒီလို အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကို သူ ထိတောင် မထိခဲ့။ မလွှဲသာလို့ သောက်ရမယ် ဆိုရင်တောင် ဈေးအကြီးဆုံး ဖျော်ရည်တွေကိုပဲ သူ သေချာပေါက် ရွေးမှာပါ။
ဒါ့ကြောင့်ပဲ ဟောက်ချီဟန်သည် ဒေါသပေါက်ကွဲလုနီးပါး ဖြစ်ကာ ဟိုတယ်ပိုင်ရှင်နှင့် စကားများခဲ့ရပြီး အဆုံးသတ်မှာ ရွှယ်ပိုင်လီကပဲ သူ့ကို နှစ်သိမ့်ဖြောင်းဖြခဲ့ရပါသည်။
အဆိုးတွေထဲမှာ ကောင်းတဲ့ တစ်ခုတည်းသော အရာကတော့ ဒီဟိုတယ် အစုတ်အပြတ်မှာ နေခဲ့ရတဲ့ သုံးရက်တာကာလက ရဲတွေ လိုက်တာ ခံနေရတဲ့ အချိန်ကနေ အခုချိန်ထိထဲမှာ အငြိမ်းချမ်းဆုံး သုံးရက်တာကာလ ဖြစ်သည်။
ဟောက်ချီဟန်သည် ဒီဟိုတယ်အစုတ်အပြတ်မှာ နေရင် အပြင်မှာ သူ့ကို နေရာတိုင်းမှာ လိုက်ရှာနေတဲ့ ရဲအရာရှိတွေဆီကနေ ပုန်းရှောင်နိုင်မှာပဲဟု တွေးခဲ့သည်။ သူ ရက်နည်းနည်းလောက် ဒုက္ခဆင်းရဲခံလိုက်ရင် ဒီလို စုတ်ပြတ်တဲ့ နေရာမျိုးက ထွက်သွားနိုင်မှာပဲလို့လည်း သူ့ကိုယ်သူ စိတ်ချယုံကြည်စေခဲ့သည်။
ဒါပေမဲ့ တစ်နေ့မှာ ရဲတွေက သူတို့အခန်းတံခါးဝမှာ ရုတ်တရက်ကြီး ရောက်လာကာ ဟောက်ချီဟန်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသွားခဲ့သည်။
“ မလှုပ်နဲ့။ မင်းလက်တွေကို မြှောက်ထားစမ်း။ ”
မယုံကြည်နိုင်မှုကြောင့် ဟောက်ချီဟန်ရဲ့ မျက်လုံးတွေက အပြူးသား။ “ မင်း … မင်းတို့ … ”
“ နောက်ဆုံးတော့ သူတို့ ရောက်လာပြီ။ ” ဆူညံဆူညံ အသံတွေကို ကြားလိုက်ရတဲ့ ရွှယ်ပိုင်လီက စိတ်လက်ပေါ့ပါး ပျော်ရွှင်နေသော အပြုံးလေးဖြင့် ရေချိုးခန်းထဲက ထွက်လာခဲ့သည်။
......
ဟောက်ချီဟန်သည် စက္ကန့်ပိုင်းလောက် ဆွံအနေပြီးမှ သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားကာ သွေးပျက်ထိတ်လန့်၍ ဒေါသထွက်သွားခဲ့လေသည်။ “ မင်းပဲ။ ရဲတိုက်လိုက်တာ မင်းပဲ။ ”
“ ဟုတ်တယ်။ ကျွန်မပဲ။ ” ရွှယ်ပိုင်လီက နောက်ဆုံးတော့ သရုပ်မှန်ကို ထုတ်ပြလာပြီး ဟောက်ချီဟန်ကို အေးစက်စွာ ၊ မုန်းတီးစွာ ကြည့်နေခဲ့သည်။
“ မင်းလို ခွေးမကများ။ ” ဟောက်ချီဟန်ရဲ့ စိတ်ထဲက သံယောဇဉ်ကြိုးမျှင်လေး ပြတ်တောက်သွားပြီး တံခါးဝမှာ ရပ်နေတဲ့ ရဲတွေကို လျစ်လျူရှုကာ ရွှယ်ပိုင်လီထံ ခုန်အုပ်ပြီး သူမရဲ့ လည်မျိုကို တင်းနေအောင် ညစ်ထားခဲ့သည်။
အခန်းအပြင်က ရဲတွေတွေက ထိုမြင်ကွင်းကို မြင်သောအခါ အလျင်အမြန်ပဲ လာကူညီခဲ့ကြသည်။ သူတို့က ဟောက်ချီဟန်ကို တရွတ်တိုက် ဆွဲခေါ်လာပြီး ရွှယ်ပိုင်လီနှင့် လူချင်းကွဲသွားစေရန် သူ့ကို လက်သီးနှင့် သုံး ၊ လေးချက်လောက် ထိုးခဲ့သည်။
“ အဟွတ် အဟွတ် … အဟွတ် အဟွတ် အဟွတ် … ” ရွှယ်ပိုင်လီက အဝါရောင်နံရံကို လက်တစ်ဖက်နှင့် အားယူထိန်းကိုင်ထားပြီး သူမရဲ့ မျက်လုံးတွေ နီရဲလာတဲ့အထိ ချောင်းဆိုးနေခဲ့သည်။
သူမရဲ့ ဖြူဖွေးသော လည်ပင်းမှာ အနီရောင် လက်ရာကြီးက အထင်းသား။ ဟောက်ချီဟန် အားတွေ အများကြီး ထည့်သုံးပြီး သူမကို လည်ပင်းညှစ်သတ်ချင်နေတာ သိသာပါသည်။
“ ခွေးမ။ မင်းလို ခွေးမကတောင် ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ။ လူလိမ်မ … ခွေးမ ခွေးမ … ”
901 02
ဟောက်ချီဟန်သည် မကြားဝံ့မနာသာ စကားလုံးမျိုးစုံဖြင့် ဆဲရေးနေခဲ့ပေမဲ့ ရွှယ်ပိုင်လီရဲ့ မျက်နှာကတော့ တစ်ချိန်လုံး အေးစက်နေကာ ပုံမှန်မဟုတ်လောက်အောင်ပင် တည်ငြိမ်လွန်းနေခဲ့သည်။
ဟောက်ချီဟန် ဆဲဆိုလို့ မောသွားတော့မှ သူမက တည်ငြိမ်စွာ ပြောလာခဲ့သည်။ “ ကျွန်မက ဘယ်တုန်းကမှ,မှ ရှင့်အပိုင် မဟုတ်ခဲ့တာ။ ရှင်က ဘယ်လို သစ္စာဖောက်တာကို ပြောနေတာလဲ။ ”
“ ဘာ … ” ဟောက်ချီဟန်ရဲ့ ရုန်းကန်မှုတွေ ရုတ်တရက် ရပ်တန့်သွားသည်။
သူ ရွှယ်ပိုင်လီအား “ မင်းရဲ့ သစ္စာတရားတွေ ဘယ်ရောက်သွားတာလဲ။ ” ဟု မေးဖို့ ပြင်နေစဉ်မှာပဲ သူမက အေးစက်စွာ ထပ်ပြောလာခဲ့သည်။ “ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ယွင်အန်းမြေကွက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ရှင် မှတ်မိသေးလား။ ”
“ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက … ” ဟောက်ချီဟန်သည် ရွှယ်ပိုင်လီ ပြောနေတဲ့ အကြောင်းအရာကို မမှတ်မိသလိုမျိုး ဇဝေဇဝါဖြစ်နေခဲ့သည်။
ဟောက်ချီဟန်ရဲ့ မျက်နှာပေါ်က နားမလည်မှု ပုံရိပ်က တကယ် အစစ်အမှန် ဖြစ်နေတာကို ရွှယ်ပိုင်လီ မြင်တော့ သူမရဲ့ မျက်နှာပေါ်က တည်ငြိမ်အေးစက်မှုတွေ အက်ကွဲသွားခဲ့သည်။
“ ဟားဟားဟားဟား … ဟားဟားဟား … ”
++++++