အခန်း ၉၀၃
Vol. 61 Ch. 903
903 01
အခန်း ( ၉၀၃ ) မိသားစု၏ အဖြစ်ဆိုး။
စုယန်ယန်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အကြာကြီး တိတ်ဆိတ်သွားပြီးမှ “ ဘာအတွက်ကြောင့်လဲ။ ” ဟု ဟောက်ချန်ဟွမ်းကို ပြန်မေးလိုက်သည်။
“ မြေကွက် တစ်ကွက်ကြောင့်။ ”
“ မြေကွက် တစ်ကွက်ကြောင့် ….. ” စုယန်ယန် မျက်မှောင်ကြုတ်သွားရသည်။ “ ဘာမြေကွက်လဲ။ ”
“ မြို့တောင်ဘက်မှာ ရှိတဲ့ ယွင်အန်းကုန်တိုက်လေ။ မင်း အဲ့ကုန်တိုက်ကို ကြားဖူးလား။ ”
စုယန်ယန်က ခဏလောက် စဉ်းစားကြည့်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ “ ကျွန်မ သိတယ်။ အရင်တုန်းက ရှောင်ချီးနဲ့ အဲ့ကို သွားဖူးတယ်။ ”
“ အဲ့ကုန်တိုက်ကို တည်ဆောက်ဖို့ ဟောက်ကော်ပိုရေးရှင်းက ကန်ထရိုက်ဆွဲခဲ့တာ။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အဲ့နေရာက မြေကွက်လပ် ဟင်းလင်ပြင်းကြီး ဖြစ်ခဲ့ဖူးတယ်။ ”
စုယန်ယန်က တွေးတွေးဆဆ အမူအရာလေးဖြင့် နှုတ်ခမ်းတွေကို တင်းတင်း စေ့ပိတ်ထားခဲ့သည်။ “ အဲ့မြေကွက်က ဘာဖြစ်နေလို့လဲ။ ”
“ မင်းလည်း အဲ့နေရာကို သူငယ်ချင်းနဲ့ ရောက်ဖူးတယ် ဆိုတော့ အဲ့နေရာက မြို့တောင်ဘက်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတယ် ဆိုတာ သိမှာပေါ့။ ယဉ်အသွားအလာ အရမ်း များတဲ့ နေရာကောင်း တစ်ခုပဲ။ အခုအချိန်မှာ ကုန်တိုက်ကြီးတစ်ခု ဖြစ်နေပြီ ဆိုပေမဲ့ မူလမြေကွက်ကို ရုံးအဆောက်အအုံတွေ ဆောက်ဖို့အတွက် ရည်ရွယ်ထားခဲ့တာ။ ”
“ ရုံးအဆောက်အအုံတွေ … ဟုတ်လား။ ” စုယန်ယန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ “ ဒါဆို ဘာလို့ ကုန်တိုက်ကြီး ဖြစ်သွားတာလဲ။ ”
“ အကွက်ကျကျ စီစဉ်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့်ပေါ့။ ”
“ အကွက်ကျကျ စီစဉ်ထားတဲ့ မတော်တဆမှု … ။ အဲ့ဒါ ဟောက်ချီဟန်ရဲ့ လက်ချက်လား။ ”
“ ဟုတ်တယ်။ ” ဟောက်ချန်ဟွမ်းသည် သူ့ဇနီးရဲ့ အံ့ဩမှုနှင့် စူးစမ်းလိုမှုတွေ ပျော်ဝင်နေတဲ့ အကြည့်ကို လက်ခံရရှိလိုက်ကာ မျက်ဝန်းနက်နက်များဖြင့် ရှင်းပြခဲ့လေသည်။ “ အဲ့ဒီအချိန်တုန်းက ဟောက်ချီဟန်က ဟောက်ကော်ပိုရေးရှင်းကို လွှဲပြောင်းယူခါစပဲ ရှိသေးလို့ အခြေမငြိမ်သေးတဲ့ ကာလပေါ့။ သူ့ရဲ့ ဦးဆောင်နိုင်စွမ်းကို သက်သေပြနိုင်ဖို့အတွက် ပရောဂျက်ကြီးတစ်ခု လုပ်ပြဖို့ အရေးတကြီး လိုအပ်နေတဲ့ ကာလ။ ”
“ အဲ့ဒါကြောင့် သူ အဲ့မြေကွက်ကို သိမ်းယူဖို့ ပစ်မှတ်ထားခဲ့တာလား။ ”
......
“ အင်း။ ကံဆိုးချင်တော့ သူက အချိန်နှောင်းသွားပြီ။ မြေကွက်ကို ရွှယ်မျိုးရိုး ပိုင်တဲ့ ရင်းနှီးမြုပ်နှံရေး ကုမ္ပဏီတစ်ခုက ဝယ်ပြီးသွားပြီ။ ”
“ ရွှယ်မျိုးရိုး ဆိုတာ … ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ဟုတ်တယ်။ အဲ့ဒီ ရင်းနှီးမြုပ်နှံသူ ရွှယ်မျိုးရိုး ဆိုတာ ရွှယ်ပိုင်လီရဲ့ အဖေပဲ။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားကာ အဓိက ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။ “ ဟောက်ချီဟန် အဲ့မြေကွက်ကို ရဖို့ ဘာလုပ်ခဲ့တာလဲ။ ”
“ သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူပေးတဲ့ အလုပ်သမား နှစ်ယောက်ကို လာဘ်ထိုးခဲ့တယ်လေ။ ဆောက်လုပ်ရေးအတွက် အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေထဲမှာ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကို ရောထည့်ခိုင်းပြီး မကောင်းကြံခဲ့တယ်။ ”
စုယန်ယန်ရဲ့ နှလုံးခုန်သံစည်းချက် တစ်ချက် လွတ်သွားရ၏။ သူ အဆုံးစွန်ထိ ကြင်နာစိတ် မရှိလို့ ဒီလို လုပ်ရပ်မျိုး လုပ်ခဲ့တာလို့ ပြောလို့ ရသည်။ ရွှယ်မျိုးရိုးသာ သတိမထားရင် လူသေဆုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပါသည်။
“ နောက် ဘာဆက်ဖြစ်လဲ။ ”
“ အဲ့ဒီနောက်ပိုင်း သိပ်မကြာဘူး ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျသွားတယ်။ အပျက်အစီးတွေအောက်မှာ လူ ( ၇ ) ယောက် ပိသွားတယ်။ ( ၃ ) ယောက် သေပြီး ( ၄ ) ယောက် ဒဏ်ရာရခဲ့တယ်။ ”
903 02
စုယန်ယန်ရဲ့ မျက်နှာက အနည်းငယ် မည်းမှောင်သွားကာ အံကြိတ်လိုက်မိသည်။ “ ဟောက်ချီဟန်က တကယ့်ကို သေသင့်တဲ့ လူပဲ။ ”
“ တကယ်တော့ သူ လုပ်ခဲ့တာ အဲ့ဒီထက် အများကြီး ပိုသေးတယ်။ ” စကားရပ်လိုက်တဲ့ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းရောင်တွေ ယှက်သန်းနေခဲ့သည်။ “ မတော်တဆမှု ပြီးသွားတော့ ဟောက်ချီဟန်က ရွှယ်ပိုင်လီအဖေရဲ့ ကုမ္ပဏီက ရွှယ်ပိုင်လီကို မကျေမနပ်ဖြစ်နေတဲ့ ရာထူးအကြီးပိုင်းက လူတချို့ကို လာဘ်ထိုးခဲ့တယ်။ ပြီးတော့ မီဒီယာတွေနဲ့ ပူးပေါင်းပြီး ရွှယ်ပိုင်လီရဲ့ အဖေကို ရှုံ့ချခဲ့တယ် ၊ မတော်တဆမှုထဲမှာ ထိခိုက်သွားတဲ့ အလုပ်သမားတွေရဲ့ မိသားစုတွေနဲ့ ဆက်သွယ်ပြီးတော့တောင် ပြဿနာရှာခဲ့တယ်။ ”
“ အဲ့အချိန်မှာ သက်သေတွေ အကုန်လုံးက ရွှယ်ပိုင်လီရဲ့ အဖေကိုပဲ ညွှန်ပြနေခဲ့တာ။ လူတွေရဲ့ အမြင်ကလည်း သူ့အပေါ် လုံးဝ မျက်နှာသာမပေးဘူး။ ရွှယ်ပိုင်လီ့အဖေရဲ့ ကုမ္ပဏီက ရှယ်ယာဈေးနှုန်းတွေကလည်း ဆိုးဆိုးဝါးဝါးကို ထိုးကျသွားခဲ့ပြီး သူ့ရဲ့ စီးပွားဖက်တွေက ရင်းနှီးမြုပ်နှံမှုတွေကို ရုတ်သိမ်းသွားလို့ သူ စီးပွားပျက်သွားခဲ့တယ်။ နောက်ဆုံးတော့ ဘယ်လိုမှ ရွေးချယ်စရာ မရှိဘဲ သူ့ကုမ္ပဏီ ဒေဝါလီခံလိုက်ရပြီး သူ့ရဲ့ အကြွေးတွေကို ဆပ်ဖို့အတွက် မိသာစုပိုင်ဆိုင်မှုတွေကို ရောင်းချခဲ့ရတယ်။ ”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်ကို ပူးပေါင်းကြံစည်မှုတွေ ပါဝင်နေတဲ့ ရက်စက်ယုတ်မာသော ထိုစစ်တုရင်ကစားပွဲထဲက ရွှယ်ပိုင်လီတို့မိသားစုရဲ့ နောက်ဆုံး ရလဒ်ကို ပြောပြလိုက်၏။
“ ကုမ္ပဏီ ပိတ်သိမ်းလိုက်ရတဲ့ နောက်ပိုင်း ရွှယ်ပိုင်လီရဲ့ အဖေက သုံး ၊ လေးရက်လောက် မရပ်မနား ကားမောင်းခဲ့ရလို့ အမောဖောက်ပြီး ကားအက်ဆီးဒင့်နဲ့ အသက်ဆုံးရှုံးသွားခဲ့ရတယ်။ ရွှယ်ပိုင်လီရဲ့ အမေကလည်း အဲ့ဒီသတင်းဆိုးကို ကြားပြီး အိပ်ရာထဲ လဲသွားခဲ့တယ် ၊ ဒါပေမဲ့ သူတို့မှာ ဆေးကုဖို့ ပိုက်ဆံမရှိလို့ သူတို့အမေကလည်း အဲ့လိုနဲ့ပဲ သေဆုံးသွားခဲ့တယ်။ လူ့လောကအလယ်မှာ ရွှယ်ပိုင်လီနဲ့ သူ့ညီမ နှစ်ယောက်တည်းပဲ ကျန်ခဲ့တာပေါ့။ ရွှယ်ပိုင်လီရဲ့ ညီမရဲ့ အခြေအနေကတော့ နည်းနည်းလေး ထူးခြားတယ်။ သူမက အထီးကျန်စိတ်ကျရောဂါစွဲကပ်နေတာ။ ”
“ အထီးကျန်စိတ်ကျရောဂါ ….. ။ ဒါဆို သူ … ”
“ တိုက်ပေါ်က ခုန်ချသွားတယ်။ ”
စုယန်ယန် ထိတ်လန့်သွားမိသည်။ “ တိုက်ပေါ်က ခုန်ချသွားတယ် …… ”
ဟောက်ချန်ဟွမ်းက သူမကို နက်ရှိုင်းစွာ ကြည့်ပြီး “ ဟုတ်တယ်။” ဟု လေးနက်စွာ ပြန်ပြောလိုက်သည်။
++++++