← Chapters

အခန်း ၉၀၄

Vol. 61 Ch. 904

အခန်း ၉၀၄

Vol. 61 Ch. 904

904 01

အခန်း ( ၉၀၄ ) သနားစဖွယ် မိန်းကလေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု။

အထီးကျန်စိတ်ကျရောဂါစွဲကပ်နေတဲ့ ကလေးအများစုဟာ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းတတ်သည်။ သူတို့က တစ်ယောက်တည်း နေတတ်ပြီး လူကြောက်တာမို့ မိသားစုရဲ့ အဖော်ပြုပေးမှုတွေ ၊ အချစ်တွေကို ပိုလိုအပ်သည်။

ရွှယ်ပိုင်လီရဲ့ မိဘတွေက သူတို့ရဲ့ အငယ်ဆုံးသမီးလေးကို ငယ်ရွယ်စဉ် ကလေးဘဝကတည်းက သည်းသည်းလှုပ် ချစ်ပြီး လိုလေသေးမရှိ ဂရုစိုက်ပေးခဲ့ကြသည်။

ရွှယ်ပိုင်လီတို့ညီအစ်မက အသက် ( ၁၀ ) နှစ် ကွာဟတာကြောင့် ညီမဖြစ်သူကို မွေးတဲ့ အချိန်မှာ ရွှယ်ပိုင်လီက တချို့ အရာတွေကို နားလည်နေပြီ ဖြစ်သည်။ သူမက မိသားစုဝင်အသစ် ဖြစ်တဲ့ ညီမလေးအပေါ် မိဘတွေ သည်းသည်းလှုပ် ချစ်ပေးနေတာကို မနာလို မဖြစ်ဘဲ ထိုအစား ညီမဖြစ်သူကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာကိုသာ ကလေးဘဝကတည်းက နားလည်ခဲ့တာ ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော မိသားစုလေးသည် ဟောက်ချီဟန်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ပျက်ဆီးသွားခဲ့ရ၏။

“ အဲ့အချိန်တုန်းက ရွှယ်မိသားစုမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားခဲ့တယ်။ ရွှယ်ပိုင်လီက သူ့အဖေရဲ့ အသုဘကို ဦးဆောင်ရင်း ၊ နေမကောင်းဖြစ်နေတဲ့ သူ့အမေကို ပြုစုရင်း အလုပ်ရှုပ်နေခဲ့တော့ သူ့ညီမလေးကို ဂရုမစိုက်နိုင်ခဲ့ဘူး။ ” ဟောက်ချန်ဟွမ်းက စကားခဏရပ်ပြီးမှ ဆက်ပြောသည်။ “ သူတို့အမေ ဆုံးတဲ့ နေ့မှာပဲ သူ့ညီမလေးက တိုက်ပေါ်က ခုန်ချသွားခဲ့တယ်။ သူ့အဖေ ဝယ်ထားတဲ့ ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်ဆမှုကြောင့် မပြီးစီးလိုက်တဲ့ အဆောက်အဦပေါ်ကပေါ့။ ”

သူမက မီတာပေါင်းများစွာ မြင့်တဲ့ အဆောက်အဦ အလွတ်ပေါ်ကနေ တုံ့ဆိုင်းမှုမရှိ ခုန်ချသွားကာ မူလတုန်းက ပျော်ရွှင်စရာကောင်းခဲ့တဲ့ ဘဝကို သူမနှင့်အတူ ယူဆောင်သွားခဲ့ပြီး ရွှယ်ပိုင်လီရဲ့ နှလုံးသားထဲက နောက်ဆုံးလက်ကျန် အနွေးဓာတ်လေးကို ဖျက်စီးပစ်ခဲ့သည်။

သူတို့မိသားစုရဲ့ အဖြစ်အပျက်က အရမ်း သနားစရာကောင်းတယ် ဆိုတာ စုယန်ယန် သိထားတာတောင် ဟောက်ချန်ဟွမ်းရဲ့ စကားကို ကြားချိန်မှာ နှလုံးသားထဲမှာ လှုပ်ခတ်သွားခဲ့သည်။

မိသားစုကို ဦးဆောင်တဲ့ အိမ်ထောင်ဦးစီးက ရုတ်တရက် ကွယ်လွန်သွားကာ အမေကလည်း ရောဂါကို ဆေးကုဖို့ ပိုက်ဆံမရှိ၍ ထိုရောဂါနှင့်ပဲ သေဆုံးသွားခဲ့ရသည်။ လူ့လောကအလယ်မှာ ကျန်ရစ်ခဲ့တဲ့ သမီးနှစ်ယောက်ကလည်း …

“ သူ ဟောက်ချီဟန်ကို အရမ်း မုန်းတီးနေမှာပဲ။ ”

“ မမုန်းဘဲ နေမလား။ ”

“ ဒါပေါ့။ ဘယ်သူက မမုန်းဘဲ နေမှာလဲ။ ကမ္ဘာပေါ်မှာ ကိုယ့်မိသားစု ပြိုကွဲပျက်စီးပြီး တကွဲတပြား ဖြစ်သွားတယ် ဆိုတာမျိုးကို စိတ်ကူးနဲ့ တွေးကြည့်ရဲတဲ့ လူတောင် မရှိဘူး။ ”

“ သူမက ဟောက်ချီဟန်ကို အရမ်း မုန်းပေမဲ့လည်း ဟောက်ချီဟန်ရဲ့ ချစ်သူလေး ဖြစ်သွားတယ်နော်။ ”

“ ဖြစ်နိုင်တာကတော့ သူ့မှာ အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒမရှိတော့လို့ ဘာကိုမှ ဂရုမစိုက်တော့တာ နေမှာပေါ့။ ”

......

စုယန်ယန်သည် ထိုစကားကို ကြားချိန်မှာ အနည်းငယ် စိတ်ပျက်သွားမိသည်။ မဟုတ်ရင် ‘ ခြေဗလာနဲ့ လူတွေက ရှူးဖိနပ်စီးထားတဲ့ လူတွေကို မကြောက်ဘူး ’ ဆိုတဲ့ စကားပုံမျိုး ရှိလာမှာ မဟုတ်ပါ။ ဘာမှ ဆုံးရှုံးစရာ မကျန်တော့တဲ့ လူတွေ တဇွတ်ထိုးဆန်လာရင် သူတို့ရဲ့ အသက်ကိုတောင် စတေးရဲသည်။ မချစ် မနှစ်သက်သူနှင့် အတူတူ နေဖို့ ၊ ကလေးယူဖို့ ဆိုတာကို ထည့်ပြောမနေနှင့်။

သူတို့အတွက်တော့ အသက်ရှင်ရတယ် ဆိုတာက တစ်နေ့မှာ သေရမယ့် လမ်းကို အဓိပ္ပါာယ်မဲ့စွာ တရွေ့ရွေ့ သွားနေရတာနှင့် အတူတူပါပဲ။ ဘာဆုံးရှုံးစရာမှ မကျန်တော့တာ ကြာခဲ့ပါပြီ။

904 02

သူတို့က လက်စားမချေလိုက်ရဘဲ သေမသွားချင်လို့သာ ဒီအခြေအနေအတိုင်း ဆက်ထိန်းထားခဲ့ကြတာ ဖြစ်သည်။ သူတို့မိသားစုကို အဖြစ်ဆိုးနှင့် ကြုံရအောင် လုပ်ခဲ့သူက လူတိုင်းထက် သာလွန်ကောင်းမွန်တဲ့ ဘဝမျိုးမှာ နေထိုင်နေသည်လေ။

“ ဒီကိစ္စ ပြီးဆုံးစွားရင် သူမကို ဘယ်သူမှ မသိတဲ့ နေရာကို သွားပြီး ဘဝသစ် စတင်နိုင်ဖို့ပဲ ကျွန်မ မျှော်လင့်တယ်။ သူ့မိဘတွေသာ သက်ရှိထင်ရှား ရှိသေးရင်လည်း သူတို့သမီးရဲ့ ဘဝကို အမုန်းတရားတွေနဲ့ လောင်မြိုက်ပျက်စီးသွားစေချင်မှာ မဟုတ်ဘူး။ ”

ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ သူမ ရွှယ်ပိုင်လီကို ကရုဏာသက်နေတယ် ဆိုတာ နားလည်သွား၏။ အကြာကြီး တိတ်ဆိတ်သွားပြီးမှ “ မင်း သူနဲ့ တွေ့ချင်လား။ ” ဟု ဟောက်ချန်ဟွမ်း ခပ်တိုးတိုး မေးလိုက်သည်။

“ ကျွန်မက ဘာလို့ သူနဲ့ တွေ့ချင်ရမှာလဲ။ ” စုယန်ယန်သည် ရယ်ချင်စိတ်ကို မထိန်းလိုက်နိုင်ပါ။ သူမက သတင်းထဲမှာသာ နေထိုင်တဲ့ လူတစ်ယောက်လေ။ ဒီအချိန်မှာ ရွှယ်ပိုင်လီနှင့် လက်လွတ်စပယ် သွားတွေ့ရင် ထူးဆန်းလိမ့်မည်။

“ သူမက တကယ် သနားစရာကောင်းတာပါ။ ဒါပေမဲ့ သူ့အသက်နဲ့ ရင်းပြီး ဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့တယ် ဆိုကတည်းက တခြားလူတွေ သူ့အပေါ် ကရုဏာသက်တာ ၊ မသက်တာကို ဂရုမစိုက်လောက်ဘူး။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းဘက်ကို လှည့်ကြည့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ သူ့အတွက် ကျွန်မတို့ လုပ်ပေးနိုင်တာက ဟောက်ချီဟန်ရဲ့ ရာဇဝတ်မှုကို ကြီးလေးအောင် လုပ်ဖို့ပဲ။ သူနဲ့ ထိုက်တန်တဲ့ အရာကို သူ ရသွားရင် အကောင်းဆုံးပဲ။ တစ်ချိန်တုန်းက သူ့ကြောင့် ထိခိုက်နာကျင်ခဲ့ဖူးတဲ့ ဝိညာဉ်တွေကို နှစ်သိမ်ပေးရာလည်း ရောက်တယ်။ ”

“ ဟုတ်တယ်နော်။ ” ဟောက်ချန်ဟွမ်းက သူမရဲ့ ခါးလေးကို ပွေ့ဖက်လိုက်ပြီး ပခုံးပေါ် မျက်နှာအပ်ထားလိုက်သည်။

အရင်တုန်းက သူ ရွှယ်ပိုင်လီအပေါ် နည်းနည်းလေး ကရုဏာသက်ခဲ့မိတဲ့ အကြောင်းပြချက်က သူမဟာ တစ်ချိန်တုန်းက သူ့ပုံစံနှင့် နည်းနည်းလေး ဆင်တူနေခဲ့လို့ပါ။ သူလည်း သူ့ဘဝမှာ အရာအားလုံး ဆုံးရှုံးသွားပြီလို့ ခံစားခဲ့ရဖူးသည်။ သူ ချစ်ရတဲ့ မိဘတွေနှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုလေးဟာ ညတွင်းချင်း ပြိုလဲသွားခဲ့ရသည်။

ထိုအချိန်တုန်းကတော့ သူ့မှာလည်း အစွန်းရောက်တဲ့ အတွေးတွေ ရှိခဲ့ပါသည်။ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ပြီး လူတိုင်းကို သူနှင့်အတူ ဆွဲချသွားချင်ခဲ့သည်။

သူ စုယန်ယန်ကိုတော့ လိုချင်ခဲ့သေးလို့ ဘုရားရှင်ကို ကျေးဇူးတင်ရမည်။ ပြီးတော့ သူတို့ အခုအချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးမှာ နေထိုင်နေရတဲ့အတွက်လည်း ဘုရားရှင်ကို ကျေးဇူးတင်ရမည်။

+++++

All Chapters