အခန်း ၉၁၀
Vol. 61 Ch. 910
910 01
အခန်း ( ၉၁၀ ) ပစ္စည်းလေးပါး စွပ်ပြုတ်။
နောက်ဆုံးတော့ သူတို့က စုယန်ယန်အား သူတို့ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို လူကိုယ်တိုင် လာကြည့်ပြီး သူတို့အတွက် မှတ်ချက်ပေးစေချင်နေသလို ဒုတိယအနေဖြင့် ဟင်းလျာ ရှစ်မျိုးနီးပါး ချက်ထားတဲ့ ပြိုင်ဖက်တစ်ယောက်ကို အနိုင်ယူခဲ့တယ် ဆိုတာကိုလည်း ကြွားဝါချင်နေခဲ့သည်။
လူတွေ အများကြီးက ဆေးပင် ပထမအသုတ်ရဲ့ အာနိသင်တွေအကြောင်း ဆွေးနွေးနေတာကို စုယန်ယန် မြင်သွား၏။ ခဏလောက် စိတ်ရှည်လက်ရှည် စောင့်ကြည့်ပြီးတဲ့နောက် အခြေခံအားဖြင့် အကုန်လုံးက သုံးသပ်ချက်ကောင်းတွေချည်း ဖြစ်နေတာကို အတည်ပြုပြီးတော့မှ သူမ နည်းနည်းလေး စိတ်သက်သာရာရသွားကာ ခုနတုန်းက ပြောလက်စ အကြောင်းအရာကို ဆက်ပြောလိုက်သည်။
“ ဆေးပင်တွေကို အသစ်ရောင်းချဖို့ကတော့ အချိန်နည်းနည်း ကြာပါလိမ့်ဦးမယ်။ ပထမအသုတ်ကို မဝယ်လိုက်နိုင်တဲ့ ကြည့်ရှုသူတွေကလည်း မစိုးရိမ်ပါနဲ့။ သုတေသနငှာနက ဆေးပင် အသစ်တွေကို ပုံမှန် စိုက်ပျိုးနေပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီနေ့ အားလုံးကို ပြောပြချင်တဲ့ သတင်းကောင်းက ဒါ မဟုတ်ဘူး … ဒါပါ … ”
စုယန်ယန်က ပြောရင်း နံဘေးရှိ ဆေးအိတ်လေးကို ထုတ်ယူလိုက်သည်။ “ ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ အကြောင်းအရာကို မနေ့ကတည်းက ကျွန်မ ကြိုပြောခဲ့ပြီးသားပါ။ ဒီနေ့ ဘာဘီကျူး ပြင်ဆင်ပြသွားမှာပါ။ ရှင်တို့ ဘာဘီကျူးကို အများကြီး စားမိရင် အီပြီး အလွယ်တကူ အပူတက်လာနိုင်တယ်။ ပြီးတော့ အစာအိမ်အားနည်းတဲ့ လူတွေက အများကြီး စားမိရင် ဝမ်းလျောနိုင်ပါတယ်။ ဒါ့ကြောင့် ဘာဘီကျူး စားပြီးတဲ့အခါတိုင်း ဓာတ်ပြယ်စေဖို့အတွက် အာဟာရဖြည့် စွပ်ပြုတ်နည်းနည်း သောက်ပေးသင့်ပါတယ်။ ”
“ ကျွန်မရဲ့ လက်ထဲက ဆေးအိတ်လေးကို ‘ လူကြီးလူကောင်း လေးယောက် ’ လို့ ခေါ်ပါတယ်။ လူကြီးလူကောင်း လေးယောက် ဆိုတာ ဂျင်ဆင်း ၊ ပိုင်ရှူး ( နှစ်ပေါင်းများစွာ ခံတဲ့ တရုတ်ဆေးပင် တစ်မျိုး ) ၊ ဖူလင် ( စားလို့ ရတဲ့ တရုတ်ရိုးရာ မှိုတစ်မျိုး ) နဲ့ နွယ်ချိုကို ရည်ညွှန်းတာပါ။ ကျွန်မရဲ့ လက်ထဲမှာ အခု ရှိနေတဲ့ အိတ်ထဲမှာ အဲ့လေးမျိုးကို အချိုးကျကျ ရောစပ်ထားတယ်။ ”
စုယန်ယန်သည် ပြောရင်း အိတ်ထဲက ပါဝင်ပစ္စည်းတွေကို လူတိုင်း မြင်နိုင်စေရန်အတွက် အိတ်ကို ကင်မရာနားသို့ မြှောက်ပြလိုက်သည်။
“ ဒီအိတ်ထဲက ပမာဏက ဝက်နံရိုး နည်းနည်းနဲ့ စတူး နည်းနည်းပါးပါး ချက်ဖို့လောက်ပဲ လုံလောက်တယ်။ တစ်ယောက်စာပဲပေါ့။ မိသားစုအတွက် ချက်မှာ ဆိုရင်တော့ နောက်ထပ် ဆေးအိတ် တစ်အိတ် ၊ နှစ်အိတ်လောက် ထပ်ထည့်ပေါ့။ စတူး ချက်ရင်လည်း တူတူပဲ။ ”
စုယန်ယန်က ဝက်နံရိုးတွေ ၊ ဆေးပင်တွေနှင့် သင့်တော်သလောက် ရေပမာဏကို အိုးထဲ ထည့်ကာ စတင် တည်ထားလိုက်သည်။
“ ရေ ဘယ်လောက် ပမာဏ ထည့်မလဲ ဆိုတာကိုတော့ ရှင်တို့ပဲ ဆုံးဖြတ်ပေါ့။ ဒါပေမဲ့ ဒီအရွယ် ဆေးအိတ်အတွက် ဆိုရင် နှစ်ခွက် ၊ သုံးခွက်လောက်ပဲ ထည့်ဖို့ အကြံပေးတယ်။ ရေ အရမ်း များရင် အရသာပျက်သွားလိမ့်မယ်။ ”
“ ဒီစွပ်ပြုတ်ကို မသောက်သင့်တဲ့ လူတွေလည်း ရှိပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့ သူတို့ စားလိုက်တဲ့ အစားအသောက်တွေရဲ့ ဓာတ်အများစုက သူတို့ရဲ့ နို့ရည်ထဲကို ဝင်သွားပြီး ကလေးနို့တိုက်ရင်းနဲ့ ကလေးအပေါ် သက်ရောက်မှုရှိတဲ့အတွက် နို့တိုက်မိခင်တွေကတော့ ဒီစွပ်ပြုတ်ကို သောက်လို့ မရဘူး။ မျက်နှာပေါ်မှာ ဝက်ခြံတွေ ပေါက်နေရင်လည်း ဒီစွပ်ပြုတ်ကို မသောက်တာ ပိုကောင်းတယ်။ ဘယ်သူတွေ သောက်လို့ ရတယ် ၊ ဘယ်သူတွေ သောက်လို့ မရဘူး ဆိုတာကို အချိန်ကျတဲ့အခါ အထုပ်ရဲ့ အပြင်ဘက်မှာ စာလုံးကြီးကြီးတွေနဲ့ ရေးပေးသွားမှာပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အခြေအနေကို သေချာ မသိရင် ကြိုတင် ဆေးစစ်ဆေးထားပြီး ကိုယ့်ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ဆေးအိတ်ကို ရွေးချယ်ထားပါ။ ”
“ နောက်ဟင်းလျာတစ်မျိုးအနေနဲ့ ဓမ္မတာလာချိန်မှာ အရမ်းကို ကိုက်ခဲနာကျင်ပြီး ဒုက္ခရောက်နေတဲ့ ကြည့်ရှုသူတွေကို ဝေဒနာသက်သာစေမယ့် နည်းလမ်းလေးတစ်ခုကို မျှတေပေးသွားမှာပါ။ ”
စုယန်ယန်က ထိုသို့ ပြောလိုက်သည်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက အမျိုးသမီးကြည့်ရှုသူတွေ ချက်ချင်းပဲ ပွက်လောရိုက်သွားခဲ့လေသည်။
910 02
[ ငါ ဒါကို စောင့်နေတာ ကြာခဲ့ပြီ။ ငါ လက်မလျှော့ခဲ့လို့ တော်သေးတာပေါ့။ နောက်ဆုံးတော့ ငါ မျှော်လင့်နေတာလေး ရောက်လာပြီပေါ့ … ။ ]
......
[ တင်ဆက်သူက စွပ်ပြတ် ထပ်ချက်တော့မှာလား။ တိုက်တိုက်ဆိုင်ဆိုင် ငါကလည်း ဒီနေ့ ဓမ္မတာလာနေတာ။ နာလွန်းလို့ အော်ငိုမိတော့မလားပဲ။ အားလုံးပဲ ၊ ငါ့လို အိပ်ရာထဲ လဲနေရတဲ့ သနားစရာ ကောင်မလေးတစ်ယောက်ကို သနားပေးကြပါ။ ခဏနေရင် ကံစမ်းမဲနှိုက်တဲ့အခါ ငါ့အတွက် လမ်းဖယ်ပေးကြစမ်းပါ။ ကျေးဇူးပြုပြီးတော့ … အဟင့် အဟင့် အဟင့် … ]
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ဖန်သားပြင်မှာ ကံစမ်းမဲနှိုက်ဖို့ တောင်းဆိုနေတဲ့ ကွန်းမန့်တွေ ပြည့်နှက်သွားခဲ့သည်။ စုယန်ယန်က ထိုကွန်းမန့်တွေကို ကြည့်ပြီး နောင်တရသွားပုံပေါ်သည်။
“ နောက်ထပ် ဆေးအိတ်ကလည်း တရုတ်ရိုးရာ တိုင်းရင်းဆေးပင် လေးမျိုးကို ရောစပ်ထားတဲ့ “ ပစ္စည်းလေးပါး ” လို့ ခေါ်တဲ့ ဆေးအိတ်လေးပါ။ အထဲမှာ အန်ဂျလီကာဆေးပင် ၊ ချွမ်အယ် ( တိဝုတ်ပင်ဆေးမြစ် ) ၊ Shirase ( အရှေ့အိန္ဒိယ သစ်ကြားပင် တစ်မျိုး ) နဲ့ Rehmannia ( အနက်ရောင် တရုတ်တိုင်းရင်းဆေးမြစ် တစ်မျိုး ) တို့ ပါဝင်ပါတယ်။ အန်ဂျလီကာဆေးပင်နဲ့ Rehmannia ကို ကျွန်မရဲ့ အရင်တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေမှာလည်း သုံးဖူးပါတယ်။ ဒီပါဝင်ပစ္စည်း နှစ်မျိုးက လူကို နုပျိုစေတယ် ၊ သွေးအားကောင်းစေတယ်။ Shirase နဲ့ ချွမ်အယ်ဆေးမြစ်မှာလည်း နာကျင်မှုကို သက်သာစေပြီး ဓမ္မတာကို ပုံမှန် လည်ပတ်စေတဲ့ အာနိသင် ရှိပါတယ်။ ”
“ ဒါပေမဲ့ ဒီပါဝင်ပစ္စည်း လေးမျိုးက သွေးအားကောင်းစေတယ် ဆိုတာကို သတိထားသင့်ပါတယ်။ ဓမ္မတလာနေတဲ့ အချိန်မှာ ဒီစွပ်ပြုတ်ကို သောက်လို့ မရပါဘူး။ ဓမ္မတာမလာခင်နဲ့ လာပြီး အချိန်မှာ သောက်တာ အကောင်းဆုံးပဲ။ တစ်ဦးချင်းစီရဲ့ အမူအကျင့်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မကတော့ ဓမ္မတာလာပြီးချိန်မှာ သောက်လေ့ရှိတယ်။ ရှင်တို့ အချို ကြိုက်ရင် တရုတ်ဆီးသီးအနီနဲ့ သကြားခဲတွေ ထပ်ထည့်လို့ ရတယ်။ အဲ့ဒါဆို ပိုအရသာရှိလိမ့်မယ်။ အိုး ၊ ဟုတ်သားပဲ။ နို့တိုက်မိခင်တွေလည်း ဒါကို သောက်လို့ မရဘူးနော်။ ခုနတုန်းက အကြောင်းပြချက်တွေနဲ့ အတူတူပဲ။ ”
++++++