← Chapters

အခန်း ၉၁၄

Vol. 61 Ch. 914

အခန်း ၉၁၄

Vol. 61 Ch. 914

914 01

အခန်း ( ၉၁၄ ) သန်း ( ၁၀၀ ) ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်း။

“ ကောင်းတဲ့ ကိစ္စ မဟုတ်လို့ မကောင်းတဲ့ ကိစ္စလား။ တွေးကြည့်ပါဦး။ နင် အကြိုက်ဆုံး တင်ဆက်သူက နင့်အန်တီလေး ဖြစ်နေတာလေ။ နာမည်ကြီး အနုပညာရှင်တွေနောက်ကို နေဝင်မိုးချုပ်တဲ့အထိ ပြေးလိုက်နေတာတောင် သူတို့ရဲ့ အဝတ်စလေးကို မကိုင်ရ ၊ စကားတစ်ခွန်းမှ မပြောနိုင်တဲ့ ပရိသတ်တွေနဲ့ ယှဉ်လိုက်ရင် နင်က လူတိုင်းအတွက် စံပြပရိသတ် ဖြစ်နေတာ မဟုတ်ဘူးလား။ ”

“ ပြီးတော့ နင်က သူ့ကို အန်တီလေးလို့ ခေါ်နေတာလေ။ ငါတို့ သူ့ကို ကောင်းကောင်း ဆက်ဆံရင် သူကလည်း ငါတို့ကို ကောင်းကောင်း ဆက်ဆံလိမ့်မယ်။ အဘိုးရဲ့ မွေးနေ့တုန်းက သူ ငါတို့ကို ပေးခဲ့တဲ့ ဂျင်ဆင်းကို ပြန်တွေးကြည့်စမ်း။ ငါ ကိုယ်ဝန်ရှိနေတဲ့ အချိန်တုန်းက သူကိုယ်တိုင် ငါ့ကို လာပေးခဲ့တဲ့ ဆေးဖက်ဝင်ဟင်းလျာကိုလည်း ပြန်တွေးကြည့်။ ခဏနေရင် ငါတို့ စားရတော့မယ့် ဘာဘီကျူးကိုလည်း တွေးကြည့်လိုက်။ ဒီအကြောင်းသာ သတင်းပျံ့သွားရင် ငါတို့ကို မနာလိုဖြစ်မယ့် လူတွေချည်းပဲ။ နင်က ဘာလို့ မကျေမနပ်ဖြစ်နေတာလဲ။ ”

လန်ကျားယီ ချက်ချင်းပဲ အာစေးမိသလို ဆွံ့အမှင်တက်သွားရသည်။ သူ့ကို အချစ်ဆုံး ဆိုတဲ့ မိသားစုက သူ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားကာ သူ့အိုင်ဒေါရှေ့မှာ သူ့ပုံရိပ်ကို ဖျက်ဆီးခဲ့သည်။ အရှက်ခွဲခံနေရတဲ့ သူကတော့ ဒီတစ်လျှောက်လုံး အဲ့ဒါကို မရိပ်စားမိခဲ့ပေ။

အဲ့ဒီလို ပုံစံ ဖြစ်နေတဲ့ သူ့ကို ကြည့်ပြီး ယန်ရှောင်ရန်က သက်ပြင်းချလိုက်မိသည်။ “ ငါတို့ သူ့သရုပ်မှန်ကို နင် မသိအောင် ဖုံးကွယ်ထားလို့ နင် အရမ်း ဒေါသထွက်နေတာလား။ ဒါမှမဟုတ် သူက နင် မျှော်လင့်ထားသလို မဟုတ်လို့ စိတ်ပျက်နေတာလား။ ”

“ မဟုတ်ပါဘူး။ ” လန်ကျားယီက ဆတ်ခနဲ တုန်သွားပြီး ပြန်လည် ချေပသည်။

“ ဘာကို မဟုတ်တာလဲ။ ” ယန်ရှောင်ရန်သည် သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်၏။ “ ငါတို့ နင် မသိအောင် ဖုံးကွယ်ထားတာကို ဒေါသမထွက်ဘူးလို့ ပြောတာလား ၊ သူ့ကို စိတ်မပျက်ဘူးလို့ ပြောတာလား။ ”

“ သူက ကောင်းပါတယ်။ သူက … ” လန်ကျားယီသည် စကားခဏရပ်ပြီး သေချာ ပြန်‌စဉ်းစားကြည့်သော်လည်း စုယန်ယန်ရဲ့ စကားတွေထဲမှာ အမှားရှာမရပါ။ “ အရမ်းကို စိတ်ထားကောင်းတယ်။ ”

“ သူက စိတ်ထားကောင်းတယ် ဆိုရင်လည်း … ”

“ တင်ဆက်သူကို … တင်ဆက်သူကို ကျွန်တော် အချိန်အကြာကြီး သိလာခဲ့တဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ရုံပါ။ ပြီးတော့ … ” ပြီးတော့ သူမက သူ့ထက် မျိုးဆက်တစ်ဆက်စာ ပိုအသက်ကြီးနေပါသည်။

သို့သော်လည်း ယန်ရှောင်ရန်ကတော့ သူ ပြောချင်တဲ့ စကားကို အဓိပ္ပာယ်ကောက်လွဲသွားကာ အသက်ပြင်းပြင်းရှူလိုက်သည်။ “ ယန်လေး … နင် အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို သဘောကျနေတယ်လို့တော့ မပြောနဲ့နော် … ”

လန်ကျားယီသည် စက္ကန့်ပိုင်းလောက် ကြောင်အသွားပြီးမှ ခေါင်းနားပန်းကြီးသွားခဲ့သည်။ “ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ မရီးရာ။ ကျွန်တော့်မှာ ကောင်မလေး ရှိတယ်လေ ၊ အန်တီလေးမှာလည်း အိမ်ထောင်ရှိတယ်။ ကျွန်တော်က ဘယ်လိုလုပ် … ကျွန်တော်က ဘယ်လိုလုပ် … ”

ယန်ရှောင်ယန်က သူ့ကို ခေါင်းစခြေဆုံး ကြည့်နေခဲ့ပြီး သူ့မှာ စုယန်ယန်နှင့် ပတ်သက်လို့ မသင့်လျော်တဲ့ အတွေးတွေ အမှန်တကယ် မရှိဘူး ဆိုတာ သေချာသွားတော့မှ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမောလေး မှုတ်ထုတ်လိုက်မိသည်။

“ တော်သေးတာပေါ့။ ငါက နင့်ကို အနုပညာရှင်တွေနောက်ကို အရူးအမူး လိုက်နေတဲ့ ဟိုပရိသတ်တွေလိုများ ဖြစ်နေမလား ဆိုပြီး ထင်မိသွားတာ။ လက်တွေ့မှာ နင့်မှာ ရည်းစားရှိပေမဲ့ နင်က ကိုယ် ပိုးပန်းလို့ မရတဲ့ ၊ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ သဘောကျနေတုန်းပဲလေ။ ”

......

“ ကျွန်တော်က အဲ့လို လူမျိုး မဟုတ်ပါဘူးဗျာ။ တင်ဆက်သူကို သဘောကျတာ မှန်ပေမဲ့ အရည်အချင်းရှိတဲ့ လူတွေကို အထင်ကြီး လေးစားတဲ့ အားကျမှုမျိုးနဲ့ အားကျတာဗျ။ အချစ်နဲ့ ဘာမှ မဆိုင်ဘူး။ ”

ယန်ရှောင်ရန်က အပြစ်ကင်းစင်ကြောင်း ကျမ်းကျိန်ပြနေတဲ့ လန်ကျားယီကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားသည်။ “ နင် အခုရော စိတ်ဆိုးနေတုန်းပဲလား။ ”

914 02

လန်ကျားယီက ခဏလောက် နှုတ်ဆိတ်နေပြီးမှ အနေရခက်သော အမူအရာဖြင့် ပြန်ဖြေသည်။ “ နည်းနည်းပါ။ ဒါပေမဲ့ ကျွန်တော် ခုနတုန်းကလောက်တော့ စိတ်မဆိုးတော့ပါဘူး။ ”

“ နင့်ရဲ့ စိတ်ဆိုးတဲ့ ခံစားချက်က မပြီးသေးဘူးလား။ နင် နင့်အန်တီလေးကို ဘာသွားပြောခဲ့တာလဲ။ နင် သူ့ကိုရော စိတ်ဆိုးတဲ့ ပုံစံ ပြလိုက်သေးလား။ ”

“ မလုပ်ပါဘူးဗျာ။ သူ့ကို တင်ဆက်သူလားလို့ပဲ မေးလိုက်တာပါ။ သူကလည်း ဝန်ခံပြီး ကျွန်တော့်ကို တောင်းပန်တယ်။ ကျွန်တော် … ကျွန်တော်ကတော့ သူ တောင်းပန်တာကို လက်မခံဘဲ ထွက်ပြေးလာခဲ့မိတယ်။ ”

“ သူက နင့်ကို တောင်းပန်နေတာကို နင်က လက်မခံဘဲ ထွက်ပြေးလာခဲ့တယ် …… ” ယန်ရှောင်ရန်က သူ့ကျောကို ရိုက်ပစ်လိုက်သည်။ “ နင် အရူးလား။ ဘာလို့ ထွက်ပြေးခဲ့တာလဲ။ ”

“ ဟုတ်တယ်။ ကျွန်တော်က အရူး။ ”

“ ပုံမှန်ဆို နင်က လူတွေကို ချီးကျူးတဲ့ နေရာမှာ အတော်လေး ကျွမ်းတာ မဟုတ်ဘူးလား။ အခု နင် အကြိုက်ဆုံး တင်ဆက်သူက နင့်ရှေ့ရောက်နေတာကို ဘာလို့ အ,အကြီးလို နှုတ်ဆိတ်နေတာလဲ။ အန်တီလေးက နင့်အပေါ် နည်းနည်းလေး အားနာနေတုန်း နင်က အခွင့်အရေးကို မိမိရရ အသုံးချပြီး ဖြတ်လမ်းကနေ VVVV … VIP အကောင့် ရအောင် ‌မတောင်းခဲ့ဘူးလား။ ”

လန်ကျားယီ ချက်ချင်းပဲ ဉာဏ်အလင်းပွင့်သွား၏။ သူ ကမ္ဘာသစ်ဆီ သွားတဲ့ တံခါးကို ဖွင့်လိုက်မိသလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ သန်း ( ၁၀၀ ) ကို လက်လွှတ်ဆုံးရှုံးလိုက်ရသလိုလည်း ခံစားလိုက်ရပါသည်။

+++++

All Chapters