အခန်း ၉၁၅
Vol. 61 Ch. 915
915 01
အခန်း ( ၉၁၅ ) အိမ်အပြင်ဘက်က ဘာဘီကျူးပါတီ။
စုယန်ယန်ကတော့ တစ်စုံတစ်ယောက်ဟာ သူမယောက်ျားရဲ့ VVVV … VIP အဆင့်မြင့်ပရိသတ် အကျိုးအမြတ်တွေကို ပစ်မှတ်ထားနေမှန်း မသိခဲ့ပေ။ သူမက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပြုလုပ်သည့် နေရာကို ဟောက်မိသားစုအိမ်တော်ကြီးရှေ့က ဥယျာဉ်ထဲသို့ ပြောင်းရွေ့နေခဲ့သည်။
ဘာဘီကျူးကင်ရန် အကင်မီးဖိုကို လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက စုယန်ယန်က အထူးတလည် စိတ်တိုင်းကျ ပြုလုပ်ထားခဲ့တာပင်။ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ရှေးခေတ် ဘာဘီကျူးအကင်မီးဖိုကို အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းလို့ ပြောလို့ ရသည်။
ထိုအကင်မီးဖိုမှာ တွန်းလို့ ၊ ဆွဲလို့ ၊ ခေါက်သိမ်းထားလို့ ရတဲ့ ဘီးသေးသေးလေးတွေ ပါရုံသာမက အလွန် မျက်စိဖမ်းစားနိုင်ပြီး အရောင်တောက်ပကာ ပုံစံမျိုးစုံဖြင့် အသုံးပြုနိုင်သည်။
အပေါ်က စတုရန်းပုံ မီးပြင်းဖိုလေးအပြင် စတုရန်းပုံ ဒယ်အိုးအသေးလေးကို အောက်ထဲမှာ ထည့်ထားသည်။ အပေါ်မှာ အကင်တွေကို တံစို့ထိုး၍ ကင်နိုင်ပြီး အောက်မှာလည်း ကြက်တွေ ၊ ဘဲတွေကို စိတ်တိုင်းကျ ကင်လို့ ရသည်။
လင်းရှောင်ချီးနှင့် တခြားလူတွေက ခြံထဲကို ဆင်းလာချိန်မှာပဲ ဘာဘီကျူးအကင်မီးဖိုဆီမှာ အာရုံဖမ်းစားခံလိုက်ရကာ မီးဖိုကို ဝန်းရံပြီး တစ်ယောက်တစ်ပေါက် ပြောနေခဲ့ကြသည်။
“ ဒီစင်က ဘာအတွက်လဲ ယန်ယန်။ ပုံစံက ထူးဆန်းလိုက်တာ။ သေတ္တာနဲ့တောင် တူတယ်။ ”
“ ငါကတော့ လှောင်အိမ်နဲ့ ပိုတူတယ်လို့ ထင်တယ်။ အဲ့ဒီက သံဇကာကွက်တွေကို ကြည့်လိုက်ပါဦး။ ”
“ ဒါပေမဲ့ အောက်ထဲက တစ်ခုကတော့ သေတ္တာနဲ့ အရမ်း တူနေတယ်။ လက်ကိုင်ကို ကြည့်လိုက်ဦး။ ”
စုယန်ယန်က သူတို့ရဲ့ စကားဝိုင်းကို နားထောင်နေပြီးမှ အပြုံးယဲ့ယဲ့ဖြင့် ရှင်းပြလိုက်သည်။ “ ဒါက ဘာဘီကျူးအကင်မီးဖိုပါ။ အပေါ်ဘက်ကို အသားကင်လေးတွေ ကင်ဖို့ အသုံးပြုလို့ ရပြီး အောက်ဘက်ကိုတော့ ကြက်တွေ ၊ ဘဲတွေကို တစ်ကောင်လုံးကင်ဖို့ အသုံးပြုလို့ ရတယ်။ ”
စုယန်ယန်က အစတုန်းက ဝက်တွေ ၊ သိုးတွေကိုပါ တစ်ကောင်လုံးကင်နိုင်စေရန်အတွက် ဒီအကင်မီးဖိုကို အရွယ်အစား ပိုကြီးကြီးလေး လုပ်ချင်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဒီခေတ်က တိရိစ္ဆာန်အသေးစားလေးတွေက ရှေးခေတ်တုန်းက တိရိစ္ဆာန်အသေးစားလေးတွေထက် ပိုကြီးတာမို့ သူတို့ကို ကင်ဖို့အတွက် ဒယ်အိုး လုပ်ခဲ့ရသည်။
ထို့ကြောင့် နောက်ဆုံးမှာတော့ စုယန်ယန်သည် ထိုစိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။ အကောင်လိုက် ကင်ထားတဲ့ သိုးသားကင် ၊ ဝက်သားကင်တွေကို မစားနိုင်တော့ဘူး ဆိုကတည်းက တံစို့ထိုးပြီး ကင်ထားတဲ့ အသားကင်လေးတွေကိုပဲ စားရတော့မှာ ဖြစ်သည်။
စုယန်ယန်က သူတို့ရှေ့မှာ ဒယ်အိုးထဲကို ကျောက်မီးသွေးတွေ ထည့်ကာ အပေါ်က သံဇကာကွက်လေးတွေကို ဆီတစ်လွှာ အရင် ကြိုသုတ်ထားလိုက်သည်။ ပြီးတော့မှ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို သူမ ပြန်စလိုက၏။ တခြားလူတွေရဲ့ မျက်နှာတွေ ကင်မရာထဲ ဝင်မလာစေရန်အတွက် ဝင်ရောက်မှုကန့်သတ်ချက်တွေကိုလည်း သူမ ချိန်ညှိထားခဲ့သည်။
မတော်တဆ ဝင်ရောက်မှုလေးကပင် ကင်မရာထဲက လူရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ရန် ကာတွန်းရုပ်ပုံလေးကို အလိုအလျောက် ထည့်လိုက်မှာ ဖြစ်သည်။
စွပ်ပြုတ်တွေကို ချက်ပြတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို မကြာသေးမီတုန်းက ကြည့်ထားတဲ့ ကြည့်ရှုသူတွေဟာ အစတုန်းက မည်းမှောင်နေတဲ့ ဖန်သားပြင်ကြီးကို မြင်နေရာမှ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းကို တင်ဆက်သူဘက်က ပြန်ဖွင့်လိုက်တာကို မြင်လိုက်ရလေသည်။ ဒါပေမဲ့ နောက်ခံမြင်ကွင်းကတော့ ခုနတုန်းက မီးဖိုချောင်နောက်ခံကနေ ကြီးမားလှပသော ဥယျာဉ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
[ ဒါ ဥယျာဉ်လား။ တင်ဆက်သူရဲ့ ကိုယ်ပိုင်ဥယျဉ်လား။ ဘုရားရေ ၊ အကျယ်ကြီးနဲ့ လှလိုက်တာ။ ငါ ကြည့်ဖူးတဲ့ တချို့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေကနေ တစ်ဆင့် တင်ဆက်သူတို့ မိသားစုက အရမ်း ချမ်းသာမယ်လို့ အစကတည်းက ထင်ထားပြီးသားပါ။ အခု ဒီဥယျာဉ်ကို ထပ်မြင်လိုက်ရတော့ တင်ဆက်သူတို့မိသားစုက အရမ်း ချမ်းသာတယ် ဆိုတာ သေချာသွားပြီ။ ]
[ ဆင်းရဲမှုက ငါ့စိတ်ကူးယဥ်နိုင်စွမ်းကို ကန့်သတ်ထားတယ်။ ငါ A မြို့တော်က အိမ်ခြံမြေဈေးနှုန်းတွေကို လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကမှ သိတာ။ ( ၁ ) စတုရန်းမီတာကို ယွမ် ( ၁၀၀၀၀ ) ကျော် ကျတယ်တဲ့။ တင်ဆက်သူရဲ့ ခြံက အနည်းဆုံးတော့ ( ၁၀၀ ) စတုရန်းမီတာ ရှိမှာပဲ။ ]
915 02
[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ မင်းက တုံးလိုက်တာ။ ( ၁ ) စတုရန်းမီတာကို ယွမ် ( ၁၀၀၀ ) ကျော် ဆိုတာ လွန်ခဲ့တဲ့ ( ၂ ) နှစ်တုန်းက ဈေးနှုန်းကြီး။ ပြီးတော့ အဲ့ဈေးနှုန်းက သာမန် အဆောက်အအုံတွေအတွက်ပဲ။ မင်း အဲ့ဈေးနဲ့ဆို ဝေးလံခေါင်ဖျားတဲ့ မြို့စွန်မြို့ဖျားမှာပဲ နေရလိမ့်မယ်။ တင်ဆက်သူရဲ့ အိမ်က ကိုယ်ပိုင်ဗီလာ ပါတဲ့ ခြံဝန်းကျယ်ကြီးလေ။ ဈေးနှုန်းက အနည်းဆုံး ( ၁၂ ) ဆလောက် ပိုများလိမ့်မယ်။ ပြီးတော့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်မို့လို့ အဖိုးဖြတ်လို့ မရဘူး။ မင်းတို့တစ်သက်လုံး ဝယ်နိုင်မယ့် အိမ်မျိုး မဟုတ်ဘူး။ ]
[ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်တဲ့လား။ ဒါဆို တင်ဆက်သူက အနေအေးတဲ့ လူချမ်းသာမိသားစုကလား။ အရင်တုန်းက တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုနောက်ခံ တစ်ခါ ပြောင်းဖူးတယ်လေ။ မီးဖိုချောင်ထဲက ပစ္စည်း တော်တော်များများက သာမန်ဆန်ပေမဲ့ အရမ်း ဈေးကြီးတဲ့ ပစ္စည်းတွေချည်းပဲ။ ကျိကျိတက် ချမ်းသာပေမဲ့ အနေအထိုင် သိုသိပ်တဲ့ မိသားစုလို့ ပြောရမလား။ အဲ့အချိန်ကတည်းက တင်ဆက်သူမှာ တကယ့်ကို အင်အားတောင့်တဲ့ နောက်ခံ ရှိတာပဲလို့ ငါ ခံစားခဲ့ရတာ။ ငါ ထင်ထားတဲ့အတိုင်းပါပဲလား … ]
[ အူးဟူး ၊ ဘယ်သူက ငါ့ကို ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲ ဝင်ဖို့ သတ္တိတွေ ပေးလိုက်တာလဲ။ ငါ့ရဲ့ မဖြစ်သလောက် လစာလေးနဲ့ ဆိုရင် ငါ နှစ်တစ်ရာလောက် အလုပ်ကြိုးစားရင်တောင် တင်ဆက်သူရဲ့ အိမ်က အိမ်သာကို ဝယ်နိုင်မှာ မဟုတ်ဘူး။ အိုး ၊ မဟုတ်ဘူး။ ငါ တင်ဆက်သူရဲ့ အိမ်က အုတ်ခဲတစ်ခဲကိုတောင် မဝယ်နိုင်လောက်ဘူး။ ]
+++++