← Chapters

အခန်း ၉၁၆

Vol. 62 Ch. 916

အခန်း ၉၁၆

Vol. 62 Ch. 916

916 01

အခန်း ( ၉၁၆ ) မွှေးပျံ့နေတဲ့ ဘာဘီကျူး။

ကွန်းမန့်တွေဟာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ အချိန်ခဏကြာသည်ထိ နေရာအနှံ့ ပျံဝဲနေခဲ့သည်။ လူချမ်းသာတွေကို မနာလိုဖြစ်နေသော ကွန်းမန့်ပေါင်းစုံသည် ဖန်သားပြင်ကို မြန်နှုန်းမြင့် မော်တာတစ်လုံးပမာ ပိတ်ဆို့ထားခဲ့သည်။

ထိုကွန်းမန့်တွေက ဘယ်လောက်တောင် များသလဲဆို ပရိသတ်အသစ်တွေခမျာ သူတို့ တခြား တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲကို မှားပြီး ဝင်လာမိလာတာလားလို့ အတွေးဝင်မိတဲ့အထိ။

ဒါက စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်ပြတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု မဟုတ်ဘူးလား။ တင်ဆက်သူက ဘာလို့ ရုတ်တရက်ကြီး အရမ်း ချမ်းသာသွားရတာလဲ။

စုယန်ယန်ကတော့ ဒီခြံဝင်းလေးကို လူတွေက သတိထားမိသွားပြီး ငွေအနံ့ကိုပါ အနံ့ခံမိသွားလိမ့်မည်ဟု မထင်ခဲ့ပေ။ သူမ ရယ်ရမလား ၊ ငိုရမလား မသိတော့ဘဲ ခဏလောက် ကြောင်နေမိသည်။

“ အဟမ်း ၊ ဟုတ်ပြီ။ ကျွန်မတို့ရဲ့ ခုနတုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဆက်လုပ်ရအောင်။ ဒီနေ့ ကျွန်မတို့ လူတိုင်းအတွက် ဘာဘီကျူးတွေ ကင်သွားမယ်။ ကျွန်မရှေ့မှာ ရှိနေတဲ့ ပစ္စည်းကို ဘာဘီကျူးအကင်မီးဖိုလို့ ခေါ်တယ်။ မီးလည်း ညှိထားပြီးပြီ ဆိုတော့ ဘာဘီကျူးတွေ စကင်လိုက်ကြရအောင်နော်။ ”

စုယန်ယန်သည် ပြောရင်း သူမ ပြင်ဆင်ထားတဲ့ အသားတုတ်ထိုးတွေ ၊ ပင်လယ်စာတုတ်ထိုးတွေကို အပေါ်က မီးဖိုလေးပေါ် တင်လိုက်၏။ အောက်ခြေမှာ ထည့်ထားတဲ့ ကျောက်မီးသွေးတွေက အပြည့်အဝ လောင်ကျွမ်းနေပြီးသားမို့ ခဏအကြာမှာပဲ မီးဖိုထဲကနေ တရှဲရှဲမြည်သံတွေ ထွက်လာခဲ့သည်။

စုယန်ယန် သူမရဲ့ မိသားစုကို ကူထိုးခိုင်းထားတဲ့ အကင်တုတ်ထိုးတွေ အကုန်လုံးကို ပြင်ဆင်ထားပြီးသားပင်။ အသားကို ကင်လိုက်တဲ့အခါ အဖြူရောင်အသားထဲကနေ စိမ့်ထွက်လာတဲ့ ဆီတွေကို အဆီမရှိတဲ့ အသားပေါ် သုတ်လိမ်းလိုက်သည်။ အဲ့ဒါက အဆီတရွဲရွဲ မဖြစ်ရုံသာမက လူတိုင်းရဲ့ စားချင်စိတ်ကိုလည်း လှုံ့ဆော်ပေးသည်။

စုယန်ယန်က ကင်ထားတဲ့ အသားတွေပေါ်ကို ဟင်းခတ်အမွှေးအကြိုင်တွေ ဖြူးလိုက်သည်နှင့် တစ်ပြိုင်နက် မွှေးရနံ့က သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။

ခဏအကြာမှာပဲ ချက်ပြုတ်နေတဲ့ မီးခိုးတွေက အသားကင်ရနံ့ ၊ ပင်လယ်စာကင်ရနံ့တို့နှင့်အတူ ခြံဝင်းရဲ့ နေရာတိုင်းမှာ ပြည့်နှက်သွားခဲ့သည်။

ဂလု … ။

မူလတုန်းက စုယန်ယန် ဘာဘီကျူးတွေ ဘယ်လို ကင်မလဲ ဆိုတာကို ကြည့်ဖို့ သူမကို စိတ်လှုပ်ရှားစွာ ဝိုင်းရံနေခဲ့တဲ့ လူတွေက ဖန်သားပြင်ရှေ့မှာ ကြည်ြရှုသူတွေ ထိုင်လိုက်သည့် တစ်ချိန်တည်းမှာပဲ ဂလုခနဲ တံထွေးမျိုချခဲ့ကြသည်။ သူတို့ဟာ သူမရဲ့ လက်ထဲက အသားကင်တုတ်ထိုးတွေကို မီးထတောက်လုမတတ် အကြည့်တွေဖြင့် စိုက်ကြည့်နေပြီး ထိုအကင်တုတ်ထိုးတွေကို လုယူကာ အာသာပြေစေရန် တစ်ကိုက်လောက် ကိုက်လိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။

“ ကျက်တော့မယ်။ ” စုယန်ယန်က သူမရဲ့ လက်ထဲက အကင်တုတ်ထိုးတွေကို ကျက်သွားပြီ ဆို‌တာ သေချာအောင် ကြည့်ပြီးတော့မှ သူမကို ဝိုင်းရံနေတဲ့ လူတွေကို ပေးလိုက်သည်။

ဒါက သူတို့ဘဝမှာ ပထမဆုံးအကြိမ် စမ်းသပ်၍ အသားကင်ဖူးတာမို့ အများကြီး ကင်မထားခဲ့ပေ။ လူတစ်ယောက်ကို အသားကင်တစ်ချောင်း ဆိုတာ သေချာပေါက် မလုံလောက်။ ယောက်ျားလေးတွေက အလွန် လူကြီးလူကောင်းဆန်စွာဖြင့် အရင်ဆုံး ကျက်သွားတဲ့ အသားကင်တုတ်ထိုးတွေကို မိန်းကလေးတွေအား စားခွင့်ပေးခဲ့သည်။

လန်ကျားယီကလည်း သူ့လက်ထဲက အသားကင်တုတ်ထိုးတွေကို ယန်ရှောင်ရန်ထံ ပေးချင်နေပေမဲ့ သူ့ကို စုယန်ယန်က တားဆီးခဲ့သည်။ “ နေဦး။ ရှင် အခု အစပ်တွေ မစားသင့်သေးဘူး။ ဒီအကင်တွေကိုပဲ စားပါ။ ”

......

916 02

စုယန်ယန်က ပြောရင်း အသားကင်တုတ်ထိုး အနည်းငယ်ကို ယန်ရှောင်ရန်ထံ ပေးလိုက်၏။

ယန်ရှောင်ရန်က ကြောင်အမ်းအမ်းနှင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး တစ်ကိုက် ကိုက်ကြည့်လိုက်တော့ ဒါက သူမ စားနေကျ အသားကင်နှင့် တူတာကို သတိထားမိသွားသည်။ ဒါကတောင် ပိုမွှေးပြီး ပါးစပ်ထဲမှာ ဝါးရတာ ပိုအရသာရှိနေသေးရဲ့။

“ စားကောင်းလိုက်တာ။ ”

သူမရဲ့ စကားကို ကြားတော့ ဘေးက လူတွေက တံထွေးထပ်မျိုချလိုက်မိကြသည်။ သို့သော်လည်း သူတို့က လောလောလတ်လတ်ကမှ မိခင်ဖြစ်လာတဲ့ နို့တိုက်မိခင်တစ်ယောက်ဆီက အစားအသောက်ကို လုယူရလောက်တဲ့ထိ အကျင့်စာရိတ္တမပျက်ပြားပါ။ ထို့ကြောင့် သူတို့ စုယန်ယန်ကိုသာ စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

စုယန်ယန်က အကင်စားဖို့ တောင်းဆိုနေကြတဲ့ ထိုလူတွေရဲ့ သနားစဖွယ် အကြည့်လေးတွေကို မြင်ချိန်မှာ ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ပေ။ “ စားကောင်းတယ် ဆိုလို့ တော်သေးတာပေါ့။ ပါဝင်ပစ္စည်းတွေ အကုန်လုံး ဒီမှာ ရှိတယ်။ ရှင်တို့ စားချင်တဲ့ဟာ ရှိရင် ကျွန်မကို ပြောလေ။ ကျွန်မ ရှင်တို့အတွက် ကင်ပေးမယ်။ ”

သူမ ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ သူတို့ရဲ့ အင်္ကျီလက်တွေကို ပင့်တင်လိုက်ပြီး အသီးအရွက်တွေကို စိတ်လှုပ်ရှားစွာ သွားယူခဲ့ကြလေသည်။

ထိုအသားကင်တွေကို ပုံရိပ်ယောင် အရသာခံစက်ကနေ မြည်းစမ်းထားတဲ့ ပရိသတ်တွေကတော့ မ‌ကျေနပ်‌ကြပေ။

[ အရသာရှိလွန်းလို့ ငါ့နှလုံးသားထဲမှာတောင် ပြည့်ကျပ်သွားတယ်။ ငါက တင်ဆက်သူနဲ့ ဘာလို့ သူငယ်ချင်း ဖြစ်မနေရတာလဲ။ ငါလည်း တင်ဆက်သူရဲ့ အိမ်မှာ ဧည့်သည်သွားလုပ်ချင်တယ် … ]

[ ဒီအသားကင်ကို ငါတစ်ယောက်တည်း မြည်းစမ်းပြီး မျိုချနိုင်တယ် ဆိုတာကို သိလိုက်ရတာနဲ့ သူတို့က အသားကင်တွေ အကုန်လုံးကို ယူပြီး စားကြတော့တာပဲ။ သူတို့လက်ထဲက အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေက ချက်ချင်းပဲ အနံ့အသက်မကောင်းတော့ဘူး။ ]

[ တင်ဆက်သူက သူငယ်ချင်းလိုသေးလို့လား။ သူတို့မှာ ပိုင်ဆိုင်မှုတွေ သိန်းချီ ၊ သန်းချီ ရှိတာပဲ။ သူတို့က ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေ ရောင်းပြီး အဝတ်လျှော်လို့ ရတယ် ၊ ကြမ်းတိုက်လို့ ရတယ်။ ]

++++++

All Chapters