အခန်း ၉၁၉
Vol. 62 Ch. 919
919 01
အခန်း ( ၉၁၉ ) မင်းတို့တွေ အရမ်း တင်းတိမ်ရောင့်ရဲလွန်းတယ်လို့ ငါ ထင်တယ်။
အနိုင်ကျင့်ခံလိုက်ရတဲ့ သနားစရာ တစ်ကိုယ်တည်းသမား ကြည့်ရှုသူများသည် ဆွဲဆွဲငင်ငင် ငိုကြွေးနေခဲ့ကြသည်။ သူတို့ကို နှစ်သိမ့်ပေးတဲ့ တစ်ခုတည်းသော အရာက သူတို့အပြင် ပါတီပွဲကို ဖိတ်ကြားခံထားရတဲ့ လူတွေလည်း အနိုင်ကျင့်ခံနေရတယ် ဆိုတဲ့ အသိပဲ ဖြစ်သည်။
လန်ကျားယီက ဟင်းလျာတွေကို ရွေးချယ်ပြီး ပြန်ရောက်လာချိန်တွင် အကင်မီးဖိုဘေးမှာ လူနှစ်ယောက် ရှိနေတာကို မြင်သွားသည်။ ထိုလူနှစ်ယောက်က ဘာဘီကျူးကင်ရင်း တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးကာ ဘာဘီကျူးပါတီပွဲအား ‘ ဘယ်သူက ဘယ်သူ့ကို ပိုခွံ့ကျွေးနိုင်လဲ ’ ဆိုတဲ့ ပြိုင်ပွဲအဖြစ် ခိုင်ခိုင်မာမာ ပြောင်းလဲပစ်ခဲ့ကြသည်။
အနိုင်ကျင့်ခံလိုက်ရတဲ့ ဧည့်သည်တွေဟာ ဆွံ့အသွားခဲ့ကြသည်။ သူတို့က ဒီကို ဘာဘီကျူးအကင်တွေ စားဖို့ ရောက်လာတာလေ ၊ ခွေးစာတွေ စားဖို့ ရောက်လာတာမှ မဟုတ်တာ … ။
ဒါပေမဲ့ ဟောက်ချန်ဟွမ်းရဲ့ အကူအညီကြောင့် အသားကင်တဲ့ အရှိန်နှုန်းက အများကြီး ပိုမြန်လာတာကိုတော့ သူတို့ ဝန်ခံရပါမည်။
အသားကင် ပထမအသုတ်ကြောင့် ဗိုက်ဆာနေတဲ့ လူတွေဟာ သူတို့ စောင့်ဆိုင်းနေခဲ့ရတဲ့ စားကောင်းသောက်ဖွယ်တွေကို အလျင်အမြန် စားသောက်ကာ ပန်းကန်တွေကို ကိုင်ပြီး ထိုအချစ်ငှက်စုံတွဲလေးဆီကနေ ဝေးဝေးထွက်သွားခဲ့ကြလေသည်။
“ ငါ … ငါ သခင်လေးကိုယ်တိုင် ကင်ပေးထားတဲ့ အသားကင်တွေကို တကယ်ကြီး စားနေရတာလား။ ဘုရားရေ ၊ ငါ အိပ်မက်,မက်နေတာလား။ ဒီသတင်းသာ အပြင်ကို ပျံ့သွားရင် လူတွေ ငါ့ကို ဘယ်လောက်တောင် မနာလိုဖြစ်မလဲ ဆိုတာ ငါ သိချင်လိုက်တာ။ ” ယုကျစ်ယန်သည် သူ့လက်ထဲက အသားကင်တုတ်ထိုး ခြောက်ချောင်း ၊ ခုနှစ်ချောင်းကို မယုံကြည်နိုင်စွာ ၊ ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်မိသည်။
သူတို့သခင်လေးကိုယ်တိုင် ကင်ပေးထားတဲ့ အသားကင်တုတ်ထိုးတွေကို လူတိုင်း စားနိုင်တာ မဟုတ်ပါ။
ကျိုးယန်ပိုင်က ယုကျစ်ယန်ကို မကျေမနပ် ကြည့်လိုက်သည်။ “ မင်းက အရင်တုနိးကလည်း သခင်မလေးရဲ့ လက်ရာကို အနည်းဆုံး သုံး ၊ လေးကြိမ်လောက် စားဖူးတာပဲ။ အဲ့ဒါကို ဘာတွေ လာပြီး အထူးအဆန်းလုပ်နေတာလဲ။ ”
“ တူမလားကွ။ သခင်မလေးက သခင်မလေး ၊ သခင်လေးက သခင်လေးပဲ။ သူတို့ကို အတူတူ ရောလို့ ရမလား။ ” ယုကျစ်ယန်က ပြောရင်း ကုရှောက်ယန်ဘက် လှည့်ကာ ဆက်ပြောလိုက်သည်။ “ ရှောက်ယန် … ဒါ ငါ အိပ်မက်,မက်နေတာလား ၊ တကယ်လား ဆိုတာ သေချာအောင် ယန်ပိုင်ကို ဆွဲဆိတ်လိုက်စမ်းပါ။ ”
“ အေး အေး။ ” ကုရှောက်ယန်ကလည်း အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီး ကျိုးယန်ပိုင်ကို ဆွဲဆိတ်ဖို့ လက်လှမ်းလိုက်၏။
ကျိုးယန်ပိုင်ရဲ့ တုံ့ပြန်မှုက မြန်လို့ တော်ပါသေးသည်။ သူက ကုရှောက်ယန် လက်ဆန့်ထုတ်လိုက်တာကို မြငသည်နှင့် ချက်ချင်း နောက်ဆုတ်ပြီး ကုရှောက်ယန်ရဲ့ မကောင်းဆိုးဝါး လက်သည်းတွေကို ရှောင်ရှားခဲ့သည်။
“ နေဦး။ မင်းတို့ဘာသာ အိပ်မက်,မက်နေတယ်လို့ ထင်ရင်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ ဆွဲဆိတ်လေ။ ဘာလို့ ငါ့ကို လာဆွဲဆိတ်တာလဲ။ ”
......
“ ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်ရင် နာမှာပေါ့ဟ။ ငါက ငတုံး မဟုတ်ဘူး။ ”
ကျိုးယန်ပိုင်က ထိုစကားကို ကြားသောအခါ သူ့နဖူးပေါ်က သွေးကြောတွေ တင်းခနဲ ဖြစ်သွားပြီး “ ငါ မင်းကို ဆွဲဆိတ်ရင်ကျ အသားနာပြီးတော့ မင်း ငါ့ကို ဆွဲဆိတ်ရင်ကျတော့ အသားမနာရဘူးလား။ ” ဟု အံကြိတ်၍ ပြောလိုက်သည်။
“ မင်းရဲ့ အရေပြားက ကြမ်းပြီး ထူပြီးစားပါ။ ဒီနာကျင်မှုလောက်က ခဏနဲ့ ပြီးသွားမှာ။ အညိုအမည်း တစ်ခါ စွဲရင် လဝက်လောက် ကြာတဲ့ထိ အသားအရေနူးညံ့တဲ့ ငါ့လို မဟုတ်ဘူး။ ငါ ဆွဲဆိတ်ခံရရင် ပိုဆိုးမှာ မဟုတ်ဘူးလား။ ”
ယုကျစ်ယန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောရင်း သူ့ရဲ့ ဖြူဖွေးနေတဲ့ ညာဘက်လက်ကို ထုတ်ပြလိုက်တော့ ကျိုးယန်ပိုင်က သရော်တော်တော် ရယ်သည်။
“ ဟုတ်ပါတယ် ဟုတ်ပါတယ်။ ငါက ရုပ်ကြမ်းကြီးနဲ့ လူလို့ပဲ သဘောထားလိုက်ပါတော့။ ငါက ( ၁.၈ ) မီတာ အရပ်အမြင့် ရှိတယ် ၊ ခြေထောက်ရှည်ရှည်တွေ ရှိတယ် ၊ ကြွက်သားမြှောင်း ( ၈ ) ခုလည်း ရှိတယ်။ ငါက ငယ်ငယ်လေးကတည်းက ပန်းတွေ စားပြီး နှင်းစက်တွေ သောက်လာတဲ့ သခင်လေးယုနဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ။ မင်းက ပဲလုံးမင်းသမီးလေးလို နူးညံ့သိမ်မွေ့နေတာလေ။ ”
919 02
အသားကင်ကို ကိုက်နေတဲ့ ယုကျစ်ယန်က ရုတ်တရက် ရပ်တန့်သွားကာ မျက်လုံးတွေ ပြူးကျယ်သွားပြီး စားပွဲကို ဘုန်းခနဲ ရိုက်၍ မတ်တပ်ထရပ်သည်။ “ မင်း ဘာပြောချင်တာလဲ။ ငါ့ကို မိန်းကလေးနဲ့ တူတယ်လို့ ပြောနေတာလား။ ”
“ အဲ့စကားက ငါ ပြောတာ မဟုတ်ဘူး။ မင်းကိုယ်တိုင်ပဲ ပြောလိုက်တာ။ ” ယုကျစ်ယန်ကလည်း မတ်တပ်ထရပ်ပြီး ထေ့ငေါ့ပြောလိုက်သည်။ “ အသားအရေနူးညံ့တယ်တဲ့လား။ ဘယ်ယောက်ျားက ဘာအတွက် နူးညံ့တဲ့ အသားအရေကို လိုအပ်လို့လဲ။ သူများရဲ့ အပျော်လင် လုပ်ဖို့လား။ ”
“ မင်း … ”
“ မင်းတို့နှစ်ယောက်လုံး တော်လိုက်တော့။ ငြင်းခုံမနေကြနဲ့တော့။ အသားကင်က မမွှေးလို့လား ၊ ဒါမှမဟုတ် သခင်လေးနဲ့ သခင်မလေးကပဲ အရမ်း သည်းခံနိုင်စွမ်းအားကောင်းနေလို့လား။ မင်းတို့နှစ်ယောက်က သခင်လေးရဲ့ အိမ်ထဲမှ ရာရာစစ ပြဿနာရှာရဲတယ်။ ငါကတော့ မင်းတို့ အရမ်း တရားလွန်နေပြီလို့ ထင်တယ်။ ”
ကုရှောက်ယန်ရဲ့ စကားက သူတို့နှစ်ယောက်အား အခြေအနေနှင့် အချိန်အခါကို သတိရသွားစေကာ ခုနတုန်းက တစ်ယောက်ကို တစ်ယောက် မျက်ထောင့်နီကြီးတွေနှင့် စိုက်ကြည့်နေရာမှ ချက်ချင်းပဲ အများကြီး အားလျော့သွား၏။ သူတို့ မထိုင်ချင်ပေမဲ့ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်ပေးဖို့လည်း ရည်ရွယ်ချက် မရှိပေ။
“ ဟမ့်။ ”
“ ဟမ့်။ ”
ကုရှောက်ယန်က အချင်းချင်း မကြည့်ဘဲ မျက်နှာလွှဲပြီး စားနေကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ဒီအခြေအနေက အရမ်း ခက်ခဲလွန်းတယ်ဟု တွေးမိသွားတော့ သူ ခေါင်းတောင် ထိုးကိုက်လာရပါသည်။
++++++