အခန်း ၉၂၀
Vol. 62 Ch. 920
920 01
အခန်း ( ၉၂၀ ) ကြောင်မလေး။
အခြားတစ်ဖက်မှာတော့ နျဉ်စစ်ယွမ်က သူ့ပန်းကန်က ဘာဘီကျူး အသားကင်တွေ ၊ အသီးအရွက်တွေကို စိတ်ဝင်တစား ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ရိုက်နေခဲ့သည်။
“ ရှင် ဘာလုပ်နေတာလဲ။ ” လင်းရှောင်ချီးက ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့ဩသွားသည်။ တစ်ခုခု မစားခင် ဓာတ်ပုံရိုက်တာက မိန်းကလေးတွေအတွက် မထူးဆန်းသော်လည်း နျဉ်စစ်ယွမ်ရဲ့ စိတ်နေစိတ်ထားအရဆို သူက အဲ့ဒီလို လုပ်မယ့် လူတစ်ယောက်နှင့် မတူပါ။
“ ကိုယ့်ညီကို ပြဖို့ ဓာတ်ပုံရိုက်နေတာ။ ”
“ ရှင့်ညီ ….. ” နျဉ်စစ်ယွမ်ရဲ့ မိသားစုအခြေအနေအကြောင်း သူ ပြောပြလို့ လင်းရှောင်ချီး သိထားပါသည်။ နျဉ်စစ်ယွမ်မှာ အနုပညာရှင် ညီတစ်ယောက် ရှိပြီး သူ့ညီက စုယန်ယန်ရဲ့ ကုမ္ပဏီနှင့် စာချုပ် ချုပ်ထားသည်ဟု သိရသည်။
“ သူက ရသစုံ အစီအစဉ်တစ်ခု ရိုက်ဖို့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက နိုင်ငံခြားကို ထွက်သွားတာလေ။ အဲ့မှာ တစ်ပတ် နေပြီးမှ ပြန်လာမှာ။ သူ သွားတဲ့ နေရာက အရမ်း ချောင်ကျတော့ နေရ ထိုင်ရတာ အဆင်မပြေဘူးလို့ ကိုယ် ကြားတယ်။ ကောင်းကောင်းလည်း စားလို့ မရ ၊ ကောင်းကောင်းလည်း အိပ်လို့ မရဘူးတဲ့။ အားလုံးကို သူကိုယ်တိုင် လုပ်နေရတယ်လို့ ပြောတယ်။ ”
တကယ်လည်း နျဉ်ချီလွေ့က ရသစုံ အစီအစဉ်တစ်ခုကို မကြာသေးမီတုန်းကမှ လက်ခံထားတာပါ။ နိုင်ငံရဲ့ အလှပဆုံးနေရာတွေက နေထိုင်မှုဘဝတွေကို တွေ့ကြုံခံစားကြည့်ချင်သည်ဟု ပြောသည်။ သူ ရိုက်ကူးရေးလုပ်ရမယ့် နေရာက အလှဆုံး နေရာပဲ ဆိုတာကို ကြားသည်နှင့် အထုပ်အပိုးတွေကို ချက်ချင်း သိမ်းပြီး စိတ်လှုပ်ရှားစွာ ပြေးထွက်သွားခဲ့တာ ဖြစ်သည်။
သူ အဲ့ဒီကို ရောက်တဲ့အခါမှာတော့ လက်တွေ့ အမှန်တရားရဲ့ ထိုးနှက်ချက်ကို ခံစားလိုက်ရသည်။ ရိုက်ကူးရေးလုပ်ရမယ့် နေရာက လှပေမဲ့ … နေထိုင်မှုပုံစံတွေက တကယ့်ကို ခေတ်နောက်ပြန်ဆွဲနေခဲ့သည်။
နျဉ်ချီလွေ့ ထိုနေရာကို စရောက်တဲ့ ပထမဆုံးနေ့ကတည်းက အမှန်တရားရဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်မှုကို ခံလိုက်ရသည်။ အဲ့ဒီမှာ ဘာဆို ဘာမှ ရှိမနေပါ။
သူ ကောက်ရိုးတဲလေး တစ်လုံးမှာ နေရသည် ဆိုလျှင်တောင် ကိစ္စမရှိပေမဲ့ အာဟာရဖြည့်စွက်စာ ဖျော်ရည် ကောင်းကောင်းလေး တစ်ဘူးကိုတောင် ဝယ်လို့ မရဘဲ သစ်ခေါက်တွေကို စားရလုနီးပါး အခြေအနေထိ ရောက်သွားခဲ့ရသည်။
အဲ့ဒါကလည်း အဆင်တော့ ပြေပါသေးသည်။ ဒီနေ့ခေတ် ပရိသတ်တွေက အနုပညာရှင်တွေ ဗရုတ်သုတ်ခဖြစ်နေတာကို မြင်ရတာ ကြိုက်သည်။ အနုပညာရှင်တွေရဲ့ ချစ်စရာကောင်းသော မတူကွဲပြားခြင်းတွေကို မြင်ရဖို့အတွက် သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ ပုံစံကို မြင်ချင်ကြသည်။
ကြည့်ရှုသူတွေရဲ့ ကောင်းမွန်သော အဆင့်သတ်မှတ် အကဲဖြတ်ခြင်းကို ရဖို့အတွက် ထုတ်လုပ်ရေးအဖွဲ့ကလည်း အနုပညာရှင်တွေကို အနေအစားဆင်းရဲသော နေရာတွေဆီ သွားခိုင်းလေ့ရှိသည်။ နျဉ်ချီလွေ့က ထိုနေရာမှာ နှစ်ရက်သာ နေရသေးသော်လည်း သူတို့နှင့် ဖုန်းပြောချိန်မှာတော့ ခရီးမထွက်ခင်တုန်းက စိတ်အားတက်ကြွမှုတွေ မရှိတော့ဘဲ နောင်တတွေနှင့် ခါးသီးသော မျက်ရည်တွေသာ ရှိတော့သည်။
......
သူ့ညီက အဝေးတစ်နေရာမှာ ဆင်းရဲဒုက္ခရောက်နေပေမဲ့ အစ်ကိုဖြစ်တဲ့ သူကတော့ ဘော့စ်အိမ်မှာ အစားကောင်း ၊ အသောက်ကောင်းတွေကို စားသောက်နေသည်။ ဒီဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကို ကြည့်ပြီး နျဉ်ချီလွေ့တစ်ယောက် ဘယ်လောက် ဝမ်းနည်းပက်လက်ဖြစ်သွားမလဲ ဆိုတာ ဘယ်သူမဆို စိတ်ကူးကြည့်လို့ ရသည်။
လင်းရှောင်ချီးက နျဉ်စစ်ယွမ်ရဲ့ စကားထဲက အားရကျေနပ်မှုကို ကြားသောအခါ နူးညံ့သော အမူအရာလေးဖြင့် “ ရှင်က အကျင့်မကောင်းလိုက်တာ။ ” ဟု ပြောလိုက်သည်။
နျဉ်စစ်ယွမ်က လင်းရှောင်ချီးရဲ့ စကားကြောင့် ဒေါသထွက်သွားရမည့်အစား ဝမ်းသာသွားကာ ဉာဏ်နီဉာဏ်နက်များသော အပြုံးလေးဖြင့် ပြုံးလိုက်သည်။ “ ကိုယ်က အကျင့်မကောင်းဘူး ဆိုလို့ တော်သေးတာပေါ့။ ”
“ ဘာကို တော်သေးတာလဲ။ ”
“ မိန်းကလေးတွေက ကောင်းတဲ့ ယောက်ျားလေးတွေကို မချစ်ဘူး ဆိုတဲ့ ဆိုရိုးစကား ရှိတယ် မဟုတ်လား။ ”
သူ့ကို ထိုသို့ ပြောလိမ့်မည်ဟု ထင်မထားသော လင်းရှောင်ချီးက ခဏကြာမှ သတိပြန်ဝင်လာကာ မျက်ခုံးပင့်၍ မေးလိုက်သည်။ “ ဘာလို့လဲ။ ရှင်က တခြားမိန်းကလေးတွေကို ရှင့်ကို ချစ်စေချင်လို့လား။ ”
“ ကြောင်မလေးတစ်ကောင်က ကိုယ့်ကို ချစ်ဖို့ပဲ လိုအပ်တာပါ။ ”
920 02
လင်းရှောင်ချီးရဲ့ မျက်နှာက နီရဲသွား၏။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာ နျဉ်စစ်ယွမ်က သူမကို ကယ်တင်ပေးခဲ့ရုံသာမက အိမ်ကိုလည်း ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ သူတို့ ချစ်သူတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်း လင်းရှောင်ချီးက သူမကို ဘာလို့ သဘောကျတာလဲဟု မေးကြည့်တော့ နျဉ်စစ်ယွမ်က “ မြင်မြင်ချင်း အချစ်ပါပဲ။ မင်းက အဲ့အချိန်တုန်းက အိမ်မရှိတဲ့ ကြောင်မလေးတစ်ကောင်လို ကြောက်စိတ်နဲ့ ကိုယ့်ကို ကြည့်နေခဲ့တာ။ ” ဟု ပြန်ရှင်းပြသည်။
ထိုအချိန်က စလို့ “ ကြောင်မလေး ” ဆိုတဲ့ စကားလုံးဟာ သူတို့နှစ်ယောက်ကြား ထုတ်ပြောဖို့ မလိုတဲ့ လျှို့ဝှက်ချက်လေး ဖြစ်လာခဲ့သည်။
ဒီအချိန်မှာ ထိုစကားလုံးကို နျဉ်စစ်ယွမ် ရုတ်တရက် ပြောလိုက်တာက လင်းရှောင်ချီးရဲ့ နှလုံးသားတည့်တည့် ချက်ကောင်းကို ထိသွားတာပဲလို့ ပြောလို့ ရသည်။ ခုနတုန်းက နျဉ်စစ်ယွမ် စနောက်နေတဲ့ စကားတွေကို သူမ ဘယ်လိုလုပ် စိတ်ကောက်နိုင်တော့မှာလဲ … ။
ဟွားဟွားက ဘာဘီကျူးအသားကင်တွေရဲ့ မွှေးရနံ့အတိုင်း လိုက်လာရင်း သူ့သခင်မကို ရှာတွေ့သွားကာ သူ့သခင်မရဲ့ ထိုင်ခုံမှာ ဖျတ်ခနဲ ဝင်ထိုင်လိုက်သည်။ အဲ့ဒီနောက် တစ်စုံတစ်ခုကို တွေးမိသွားသလိုမျိုး သခင်မရဲ့ ဘေးက လူကို မော့ကြည့်ကာ မျက်စောင်းထိုးလိုက်မိသည်။
သူမရဲ့ သခင်မ ရှက်ကိုးရှက်ကန်း ပြောနေတဲ့ စကားတွေက လူသားဘာသာစကားမှာ ‘ ရှက်သွေးဖြာခြင်း ’ ဆိုတဲ့ အဓိပ္ပာယ်ရတာကို ဟွားဟွား သိသည်။ တကယ်တော့ အဲ့ဒါက ဒေါသထွက်တာထက် ရှက်ရွံ့မှုက ပိုပါသည်။
++++++