အခန်း ၉၂၁
Vol. 62 Ch. 921
921 01
အခန်း ( ၉၂၁ ) သူမကို မနမ်းရင် ယောက်ျား မဟုတ်ဘူး။
သခင်မရဲ့ ကောင်လေးက သူ့ကို မျက်စောင်းထိုးကြည့်နေတဲ့ သခင်မကို ဒေါသမထွက်သလို ကြောက်လည်း ကြောက်မသွားဘဲ သူမကို အချစ်စိတ်တွေ ယိုဖိတ်နေသည့် မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
အကြည့်ချင်း ဆုံနေတဲ့ မျက်ဝန်းတွေကြောင့် ခန္ဓာကိုယ်အထိအတွေ့ မရှိသော်လည်း သူတို့ရဲ့ သဟဇာတဖြစ်မှုကို ခံစားလို့ ရသည်။ သူတို့နှစ်ယောက်ကို ကြည့်ရုံဖြင့်ပင် သူတို့ကြားကို ဘယ်အရာကမှ ကြားဝင်နှောင့်ယှက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရစေသည်။
ဟွားဟွားသည် သူတို့နှစ်ယောက်ကို ခဏ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတော့ ဘယ်သူ့ကိုမှ အသိမပေးဘဲ ချာခနဲ လှည့်ထွက်ပြေးလာခဲ့၏။
သွမ်းသွမ်းကတော့ သူ့ဇနီးလေး ထွက်ပြေးသွားတာကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည်။ သူ ခြံထောင့်က တွင်းလေးဘေးမှာ ထိုင်ကာ စက်ဝိုင်းလေးတွေ ရေးဆွဲနေရင်းမှ သူ့ကိုယ်သူ သတ္တိတွေစုစည်းပြီး ဇနီးလေးကို သွားရှာဖို့ ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ သူ့ဇနီးလေးက သူ့ဆီ ပြန်ပြေးလာတာကို မြင်လိုက်ရလေသည်။
“ ဝုတ် ဝုတ် … ဝုတ် ဝုတ် ဝုတ် ဝုတ် … ” သွမ်းသွမ်းသည် ပျော်ရွှင်စွာ ခုန်ပေါက်၍ ပြေးလာခဲ့ပြီး ဟွားဟွားကို လှည့်ပတ်နေခဲ့သည်။
မျှော်လင့်မထားစွာဖြင့် ပုံမှန်ဆို သူ့ကို စိတ်မရှည်စွာ ရိုက်ပြီး ခန္ဓာကိုယ်နှင့် ဖိချတတ်တဲ့ ဟွားဟွားက ဒီတစ်ခေါက်တော့ ဘာမှ မလုပ်ဘဲ သူ အပျော်ကျူးနေတာကို တိတ်တိတ်ဆိတ်ဆိတ် အလိုလိုက်ထားခဲ့သည်။
ဟွားဟွားက သူမကို ချော့မော့ဖို့ ကြိုးစားနေတဲ့ ရူးတူးတူး ပေါတောတော ခွေးလေးအား မေးလေးကို အနည်းငယ် မော့၍ ရှက်သလိုလို စောင်းငဲ့ကြည့်နေသည်။ သူက ဒီတိုင်းပဲ ရူးပေါပေါနိုင်တဲ့ ခင်ပွန်းလေး မဟုတ်လား … ။
“ ဒီပုဇွန်တွေက အရသာရှိတယ်။ ကျွန်မ အသားထူတဲ့ ပုဇွန်တွေကို တကူးတက ဝယ်ခိုင်းထားတာ။ ကျွန်မလည်း ပုဇွန်တွေကို သေချာ ရွေးထားတယ်။ ” စုယန်ယန်က သူမ ကင်ထားတဲ့ ပုဇွန် သုံး ၊ လေးကောင်ကို ဟောက်ချန်ဟွမ်းရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်၏။
ဟောက်ချန်ဟွမ်းက ပုဇွန်တွေကို ချက်ချင်း မစားဘဲ ပုဇွန်တစ်ကောင်ကို ယူကာ အခွံနွှာပြီး စုယန်ယန်ရဲ့ ပါးစပ်နားကို တိုးပေးလိုက်လျှင် စုယန်ယန်ကလည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း စားခဲ့သည်။
ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေကတော့ အနည်းငယ် ကွေးညွှတ်နေပြီး ပုဇွန်တွေကို အခွံဆက်နွှာနေခဲ့ပါသည်။
……
ဒုတိယမြောက် ပုဇွန်တစ်ကောင် ထပ်ခွံ့ကျွေးလိုက်တော့ စုယန်ယန်က ဆက်မစားဘဲ ငြင်းဆန်သည်။ “ ရှင်လည်း စားလေ။ ကျွန်မကိုချည်းပဲ ကျွေးမနေနဲ့။ ”
“ ပုဇွန်အခွံနွှာရင် လက်ပေမှာ ဆိုတော့ မင်းကိုယ်တိုင် အခွံနွှာလို့ အဆင်မပြေဘူး။ ”
စုယန်ယန် မစားဘဲ ငြိမ်နေတာကို ကြည့်ပြီး ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်လက်သွားသည်။ သူ စုယန်ယန်ရဲ့ နားရွက်နားကို ကပ်ပြီး သူမကို “ ခြိမ်းခြောက် ” လိုက်ပါသည်။ “ မင်း လူတွေ အများကြီးရှေ့မှာ အနမ်းခံချင်လို့ လိလိမ္မာမ္မာ မစားတာလား။ ”
စုယန်ယန်သည် ဆွံ့အသွားပြီး သဲလွန်းကဲလွန်းတဲ့ လူကို မျက်စောင်းထိုးလိုက်မိသည်။ ဟောက်ချန်ဟွမ်းရဲ့ စကားကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက လူတွေ ကြားသောအခါ ပွက်လောရိုက်သွားကြလေသည်။
[ ငါပဲ နားကြားမှားတာလား။ အခု တင်ဆက်သူရဲ့ ယောက်ျားက တင်ဆက်သူကို နမ်းချင်တယ်လို့ ပြောလိုက်တာလား။ ]
[ ဟုတ်တယ်။ မင်း ဘာလို့ လိလိမ္မာမ္မာ မစားတာလဲ။ မင်းက တင်ဆက်သူကို ကလေးတစ်ယောက်လိုမျိုး ချော့နေတာလား။ ဘုရားရေ ၊ မင်းက ဘာလို့ နည်းနည်းလေး ချစ်စရာကောင်းပြီး နည်းနည်းလေး အမြင်ကတ်စရာကောင်းနေတာလဲ။ ]
[ အခု နမ်းပါ ၊ အခု နမ်းပါ ၊ အခု နမ်းပါ။ အခုချက်ချင်း နမ်းလိုက်ပါတော့။ မင်း သူမကို မနမ်းရင် ယောက်ျား မဟုတ်ဘူး။ ]
[ ဟုတ်တယ်။ ဘာကိစ္စ မထိတထိ စကားတွေနဲ့ ကလူနေမှာလဲ။ မင်းက ယောက်ျား ဆိုရင် ရဲရဲဝံ့ဝံ့ လုပ်ချလိုက်။ အရင်တုန်းက တင်ဆက်သူဘက်က မင်းကို အရင် စနမ်းဖူးတာပဲ။ မင်းက ဘယ်လိုလုပ် သူမကို ပြန်မနမ်းဘဲ နေနိုင်ရတာလဲ။ ]
[ ပြန်နမ်း ပြန်နမ်း။ ]
921 02
ကြည့်ရှုသူတွေသည် သူတို့နှစ်ယောက်ဆီမှာ စိတ်ဒုက္ခခံရပြီးနောက် တဖြည်းဖြည်း စိတ်တည်ငြိမ်လာသည်။ ဆက်ပြီး စိတ်ဒုက္ခမခံချင်ရင် အကောင်းဆုံးနည်းလမ်းက စုံတွဲလေးအပေါ် သူတို့ဘက်က စတင်အနိုင်ကျင့်ဖို့ပဲ ဖြစ်သည်။ မင်း လုပ်ရဲရင် လုပ်လိုက်။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ … ။
စုယန်ယန်ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ တစ်ချက်လေး ကြည့်လိုက်ရုံဖြင့် ဖန်သားပြင်ပေါ်မှာ ဟောက်ချန်ဟွမ်းအား သူမကို နမ်းဖို့ တိုက်တွန်းနေတဲ့ မက်ဆေ့ခ်ျတွေ ပြည့်နှက်နေတာကို မြင်နိုင်သည်။ သူမရဲ့ နှုတ်ခမ်းထောင့်တွေ ခပ်တင်းတင်း စေ့ပိတ်သွားပြီးနောက် ဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာကြီးကို ကြည့်ချင်တဲ့ လူတွေရဲ့ စိတ်ကို တိတ်တိတ်လေး စိတ်ပျက်သွားမိသည်။
သူမ ဖန်သားပြင်ကို ပိတ်ဖို့ လုပ်နေတုန်းမှာပဲ ဟောက်ချန်ဟွမ်းရဲ့ ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။ “ ကြည့်ရတာ သူတို့အားလုံးက ကိုယ့်ကို မင်းနဲ့ နမ်းစေချင်နေတဲ့ ပုံပဲ။ ”
စုယန်ယန် ထိတ်လန့်သွားကာ တစ်ဖက်ကို လှည့်လိုက်လျှင် ဟောက်ချန်ဟွမ်းက သူမဘက်ကို ရောက်လာနေပြီ ဖြစ်ပြီး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကွန်းမန့်တွေရဲ့ စကားအတိုင်း လိုက်နာဖို့ ဟန်ပြင်နေတာကို သဘောပေါက်သွားသည်။
ဖန်သားပြင်ပေါ်မှာ ထိုစကားတွေကို ပြောခဲ့တာ သူမ မဟုတ်သော်လည်း လူမိသွားချိန်မှာတော့ စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင် ရှက်ရွံ့သွားမိသည်။
စုယန်ယန်သည် သူမကိုယ်သူမအတွက် အနည်းငယ် သိက္ခာဆယ်ဖို့ အေးစက်စွာ လှောင်ရယ်ပြီး ဒေါသထွက်သလို ဟန်ဆောင်လိုက်သည်။ “ သူတို့ ပြောတဲ့အတိုင်း ရှင် လိုက်လုပ်တော့မလို့လား။ ဒါဆို ရှင် ကျွန်မကို နမ်းမှာလား ၊ မနမ်းဘူးလား ဆိုတာက ရှင့်ဆန္ဒအပေါ် မတူတည်ဘဲနဲ့ တခြားသူတွေရဲ့ ဆန္ဒအပေါ် မူတည်တာလား။ ”
[ စိတ်ထဲက မပါတဲ့ စကားတွေကို ပြောတတ်တဲ့ ၊ စိတ်ကြီးဝင်နေတဲ့ တင်ဆက်သူ ဆိုတာ ဒီလိုပဲ။ ]
++++++