← Chapters

အခန်း ၉၂၃

Vol. 62 Ch. 923

အခန်း ၉၂၃

Vol. 62 Ch. 923

923 01

အခန်း ( ၉၂၃ ) သူဖုန်းစားကြက်ကင်။

လန်မင်ဟန်က အစကတည်းက စပ်စုတတ်တဲ့ လူမျိုး ဖြစ်သည်။ အမည်းရောင် အလုံးကြီး လှိမ့်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ ချက်ချင်းပဲ ထိုအလုံးကို သွားတို့ကြည့်လိုက်သည်။

“ မကိုင်နဲ့လေ။ ပူသေးတယ်။ ရှင် ကိုယ့်လက်ကိုယ် အပူလောင်အောင် လုပ်နေတာလား။ ”

လန်ကျားယီ ထိတ်လန့်သွားကာ သူ့ရဲ့ ဖြူဖွေးသွယ်လျတဲ့ လက်တွေကို တိတ်တဆိတ် ငုံ့ကြည့်ပြီး သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“ ဒါ မြေကြီးနဲ့ တူတယ်နော်။ ”

“ မြေကြီး … ဟုတ်လား။ ” လန်မင်ဟန်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဒါက သူ့ဒေါ်လေး “ အရသာရှိတယ် ” လို့ ပြောခဲ့တဲ့ အစားအသောက် မဟုတ်လား။ ဒေါ်လေးက သူ့ကို … မြေကြီးတွေ စားခိုင်းဖို့ ကြိုးစားနေတာလား … ။ လန်မင်ဟန်တစ်ယောက် စိတ်ထဲမှာ အတွေး‌ပေါင်းစုံကာ ဗျာများသွားရသည်။

စုယန်ယန်ကတော့ လန်မင်ဟန်ရဲ့ စိတ်ထဲမှာ ယောက်ယတ်ခတ်နေတာကို သတိမထားမိဘဲ အမည်းရောင် အလုံးကို တူ သေးသေးလေးနှင့် ထုခွဲလိုက်လျှင် အပေါ်ယံ ရွံ့အလွှာလေးက ခွပ်ခနဲ ကွဲထွက်သွားပြီး အထဲက အဝါရောင်ကြာရွက်လေးတွေ ပေါ်လာခဲ့သည်။

“ အထဲမှာ တစ်ခုခု ရှိနေတယ်။ ” လန်မင်ဟန်သည် ထူးခြားသော အရုပ်တစ်ရုပ်ကို ရှာတွေ့သွားတဲ့ ကလေးတစ်ယောက်လိုပင် မျက်လုံးတွေ အရောင်တောက်သွား၏။

စုယန်ယန်က အထဲက ပစ္စည်းကို ထုတ်ယူဖို့ လက်လှမ်းလိုက်ပေမဲ့ ဟောက်ချန်ဟွမ်းက သူမကို “ ကိုယ်ပဲ လုပ်လိုက်မယ်။ ” ဟု ပြောပြီး ရွံ့တွေကြားထဲက ပစ္စည်းတွေကို သွက်သွက်လက်လက် ထုတ်ယူကာ စုယန်ယန်ရှေ့က စားပွဲပေါ်မှာ တင်ပေးလိုက်သည်။

သူမက ဟောက်ချန်ဟွမ်းရဲ့ လက်ကို ကိုင်ပြီး အပူမလောင်တာ သေချာအောင် စေ့စေ့စပ်စပ် ကြည့်ပြီးမှ ကြာရွက်ကို စည်းနှောင်ထားတဲ့ ကြိုးလေးကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် အလွှာပေါင်းများစွာ ထုပ်ပိုးထားသော ကြာရွက်ကို ဖယ်ရှားလိုက်သောအခါ နီရဲတောက်ပနေတဲ့ ကြက်သားကင်က လူတိုင်းရဲ့ မျက်စိရှေ့မှာ ပေါ်ပေါက်လာခဲ့လေသည်။

စုယန်ယန်က ကြက်ကင်ကို သူမရဲ့ တူနှင့် ထိုးဆွပြီး ကြက်ရင်အုံကို နှစ်ခြမ်းခွဲလိုက်လျှင် အထဲမှာ အစာသွပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ၊ ပုဇွန်တွေ ၊ နုပ်နုပ်စဉ်းထားတဲ့ အသားတွေ ၊ မှိုတွေ ၊ မျှစ်တွေနှင့် တခြား အရံဟင်းလျာတွေ ထွက်လာသည်။ ကြက်ရင်အုံထဲမှာ သိုလှောင်ထားတဲ့ မွှေးရနံ့တွေကလည်း မွှေးကြိုင်သင်းပျံ့လျက် လှိုက်တက်လာသည်။

......

“ ဒါကို ‘ သူဖုန်းစားရဲ့ ကြင်ကင် ’ ဟင်းလျာလို့ ခေါ်ပါတယ်။ သမိုင်းကြောင်းတွေအရ တစ်ခါတုန်းက သူဖုန်းစားတစ်ယောက်ဟာ ကြက်တစ်ကောင်ကို အမှတ်မထင် ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ သူ့လက်ထဲမှာ ဘာဟင်းခတ်အမွှေးအကြိုင်မှ မရှိတဲ့အတွက် ကြက်ကို အဝါရောင်ရွှံ့စေးတွေနဲ့ မံပြီး ထင်းမီးထဲ ပစ်ထည့်ပြီးတော့ပဲ ကင်ခဲ့တယ်လို့ ဆိုတယ်။ ”

“ ဒါပေမဲ့ အခု ကင်ထားတဲ့ ကြက်ကင်ကတော့ အဆင့်မြှင့်ထားတဲ့ ဗားရှင်းလို့ ပြောလို့ ရတယ်။ ကျွန်မက ပါဝင်ပစ္စည်း နည်းနည်းပါးပါး ထည့်ထားပြီးတော့ အပြင်ဘက်ကနေ ကြာရွက်တွေနဲ့ အထပ်ထပ် ရစ်ပတ်ပြီးမှ ရွံ့စေးနဲ့ မံခဲ့တာ။ အဲ့တော့ အပေါ်ယံ ရွံ့စေးအလွှာက အထဲက အစားအသောက်တွေကို မညစ်ပတ်စေဘူး။ ပြီးတော့ ကြာရွက်တွေက တကယ့် ကြာပန်းတွေရဲ့ အရွက်တွေပါ။ ကျွန်မ အရင်တုန်းက ပြောဖူးသလိုပဲ ကြာပန်း ဆိုတာ ရတနာတွေနဲ့ ပြည့်နှက်နေတာပါ။ ကြာကန်ထဲမှာ ‌ကြာစေ့တွေ ရှိတယ် ၊ ကန်အောက်ခြေမှာတော့ ကြာစွယ်တွေ ရှိတယ်။ ကြာပန်း ၊ ကြာစွယ်နဲ့ ကြာစေ့တွေ အကုန်လုံးကို စားလို့ ရတယ်။ ကြာရွက်တွေကိုလည်း ဟင်းချက်တဲ့ နေရာနဲ့ အစားအသောက်တွေကို ထုပ်ပိုးတဲ့ နေရာမှာ အသုံးပြုလို့ ရပါတယ်။ ”

923 02

စုယန်ယန်သည် လူတိုင်းကို ပိုလို့တောင် အံ့အားသင့်သွားစေမယ့် စကားကို ဆက်လက် ပြောခဲ့သည်။ “ သူဖုန်းစားကြက်ကင် ဟင်းလျာက ချက်ပြုတ်နည်းတွေ အများကြီးထဲက တစ်နည်းပဲ ရှိသေးတာပါ။ ကျွန်မ နောက်တစ်ခေါက်ကျ ရှင်တို့ကို ပိုအရသာရှိတဲ့ ကြာရွက်ကောက်ညှင်းကြက်ကင် ချက်ပြပါ့မယ်။ ”

စုယန်ယန်ရဲ့ ဘေးမှာ ရှိနေတဲ့ လူတွေနှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူများသည် ကြာရွက်ကောက်ညှင်းကြက်ကင် ဆိုတာ ဘာမှန်း မသိသော်လည်း စုယန်ယန်ရဲ့ စကားကို ကြားရုံနှင့် သွားရည်ယိုနေခဲ့ကြသည်။

“ ဒေါ် … ဒေါ်လေး ၊ ကျွန်တော်တို့ ဒါကို အခု စားလို့ ရပြီလား။ ” လန်ကျားယီက ဝမ်းသာပျော်ရွှင်စွာ အော်မိလုနီးပါးပင် ဖြစ်နေပြီး စုယန်ယန်ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။

“ အင်း။ စားလို့ ရပြီ။ ”

လူတိုင်းရဲ့ မျက်လုံးတွေ တောက်ပသွားကာ ချက်ချင်းပဲ လုယက်တိုးဝှေ့ စားသောက်ချင်စိတ်တွေ တဖွားဖွား ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ပတ်ဝန်းကျင်မှာ တခြားလူတွေ ရှိနေသေးတာမို့ ထိုဆန္ဒကို အကုန်လုံး ချိုးနှိမ်လိုက်ကြရသည်။

လန်ကျားယီသည် သူ့တူကို အပြေးအလွှား သွားရှာပြီးတော့မှ “ အပြစ်ဒဏ် ” ဆိုတဲ့ မွှေးရနံ့တွေ သင်းပျံ့နေတဲ့ ကြက်ကင်ကို လှမ်းနှိုက်လိုက်သည်။

အချိန်အကြာကြီး ကင်ထားတဲ့ ကြက်ကင်ရဲ့ အပေါ်ယံ အရေပြားဟာ လတ်လတ်ဆတ်ဆတ်နှင့် နူးညံ့ပါးလွှာနေသည်။ ပါးစပ်ထဲမှာ မီးကျွမ်းနေတဲ့ မီးခိုးရနံ့ ဖျော့ဖျော့လေးကိုလည်း ရသည်။

အကင် ကင်နေတဲ့ အချိန်အတွင်း ကြာရွက်ရဲ့ မွှေးရနံ့တွေက ကြက်သားထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွားကာ ကြက်သားကို ကြွပ်ဆတ်နူးညံ့၍ မွှေးကြိုင်သွားစေခဲ့သည်။

အထဲမှာ ထည့်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးနှင့် အဆာပလာတွေကို ပေါင်းစပ်လိုက်သောအခါ လူတိုင်းသည် ထိုကြက်ကင်ကို တစ်ကိုက် ကိုက်ကြည့်လိုက်ရုံဖြင့် သူ့အရသာမှာ နစ်မျောပျော်ဝင်သွားကြသည်။

“ ဘယ်လိုလဲ။ အရသာရှိတယ်မို့လား။ ” စုယန်ယန်က ကြက်ကင်ကို မြည်းစမ်းကြည့်အပြီးမှာ အသံတိတ်သွားကြတဲ့ လူတွေကို သတိထားမိသွားကာ မေးလိုက်သည်။

+++++

All Chapters