← Chapters

အခန်း ၉၂၄

Vol. 62 Ch. 924

အခန်း ၉၂၄

Vol. 62 Ch. 924

924 01

အခန်း ( ၉၂၄ ) ချက်ချင်းလက်ငင်း မြှောက်ပင့်ခြင်း။

ထိုမေးခွန်းက လူတိုင်းကို သတိပြန်ဝင်လာစေခဲ့သည်။ အစကတည်းက စုယန်ယန်ရဲ့ ပရိသတ်ဖြစ်တဲ့ လန်ကျားယီဟာ စုယန်ယန်ကိုယ်တိုင် ချက်ကျွေးတဲ့ စားကောင်းသောက်ဖွယ်တွေကို စားလိုက်ရချိန်မှာ သူ့စိတ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပေ။

“ အရသာရှိတယ် အရသာရှိတယ်။ သိပ်ကို အရသာရှိတယ်။ ဒီလောက် အရသာရှိတဲ့ ကြက်ကင်ကို ကျွန်တော့်ဘဝမှာ တစ်ခါမှ မစားဖူးဘူး။ ရွံ့စေးတွေနဲ့ မံထားတာ ဆိုပေမဲ့ လုံးဝ မြေကြီးအရသာ မရဘဲနဲ့ ကြာရွက်ရဲ့ မွှေးရနံ့ပဲ ရှိတယ်။ ကြက်ကင်ရဲ့ အရေခွံလေးကလည်း ကြပ်ရွမွှေးကြိုင်ပြီး နည်းနည်းလေးလည်း ချိုတယ်။ ဒီကြက်ကင်က ကျွန်တော် အရင်တုန်းက စားခဲ့ဖူးတဲ့ ကြက်ကင်တွေလောက် မပူဘူး။ အရမ်းလည်း နူးညံ့တယ်။ တစ်ကိုက် ကိုက်လိုက်တာနဲ့ ကြက်သားက ပါးစပ်မှာ ပျော်ဝင်သွားတော့မလိုပဲ။ အရမ်း မွှေးတယ်။ ”

လန်ကျားယီ အဆက်မပြတ် ပြောသွားတဲ့ စကားလုံးတွေက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ပရိသတ်တွေရဲ့ စိတ်အာရုံကလည်း စားကောင်းသောက်ဖွယ်တွေကနေ လန်ကျားယီဆီ ခဏ လမ်းကြောင်းပြောင်းသွားသည်။

[ ဟားဟားဟား ၊ ဒီမသေမျိုးအစ်ကိုကြီးက ဘယ်သူလဲ။ သူက တကယ့်ကို ငါ ပြောချင်ပေမဲ့ မပြောတတ်တဲ့ စကားတွေကို ပြောပေးသွားတာ။ ငါ မင်းအတွက် လက်မထောင်ပေးနေတယ်။ ]

[ အမှန်အတိုင်းပဲ ပြောပါ တင်ဆက်သူ။ မင်းရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါကပဲ ဘယ်လို မြှောက်ပင့်ပြောဆိုရမလဲ ဆိုတာ အရင်ဆုံး လေ့လာသင့်တာ မဟုတ်လား။ အဲ့လို ဆိုရင် တင်တက်သူကို မြှောက်ပင့်ပြောဆိုဖို့ ငါ အခုချက်ချင်း သွားလေ့လာလိုက်တော့မယ်။ ]

[ ဒီမြှောက်ပင့်စကားက ဘာလို့ ဒီလောက်တောင် ရွှန်းရွှန်းဝေနေရတာလဲ။ ဒါက အမှန်တရားပဲလေ ၊ ဟုတ်တယ်မို့လား။ တကယ်လိုဘ ငါသာ တင်ဆက်သူကိုယ်တိုင် ချက်ကျွေးတဲ့ အစားအသောက်တွေကို စားရရင် ရွှန်းရွှန်းဝေနေတဲ့ မြှောက်ပင့်စကား အလုံး ( ၃၀၀၀ ) ကို ရေးနိုင်တယ်။ မြန်မြန်လေး ငါ့ကို အဲ့လို လုပ်ခွင့် ပေးကြစမ်းပါ။ ]

[ ကျွတ် ၊ ငါ အစတုန်းကတော့ ဒီနေ့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး စားထားရလို့ တော်တော်လေး ပျော်နေတာ။ ဒီအစ်ကိုလေးရဲ့ မြှောက်ပင့်စကားကိုလည်း ကြားလိုက်ရရော ၊ ငါ့လက်ထဲက ကြက်ကင်တောင် အနံ့မမွှေးတော့သလို ခံစားလိုက်ရတယ်။ ဘူးဟူး ၊ ငါ ( ၁၁၂၀ ) ကြိမ်မြောက် ပြောလိုက်မယ်။ ငါ တင်ဆက်သူရဲ့ သူငယ်ချင်းဖြစ်ပြီး တင်ဆက်သူကိုယ်တိုင် ချက်ကျွေးတဲ့ အစားအသောက်တွေကို စားချင်တယ်။ ]

[ သွားအိပ်လိုက်တော့ အပေါ်ထပ်က တစ်ယောက်ရေ။ အဲ့ဒါမျိုးတွေက အိပ်မက်ထဲမှာပဲ ရှိတယ်။ ]

လန်ကျားယီသည် ပါးစပ်က ပြောပြီးခါမှ သူ့ကိုယ်သူ ဟန်ပျက်သွားပြီ ဆိုတာ နားလည်သွားသည်။ သူ့ကို ဝန်းရံနေတဲ့ လူတွေရဲ့ အံ့ဩဒွိဟဖြစ်နေတဲ့ အကြည့်တွေကို ကြည့်ကာ ရေအေးတစ်ပုံးဖြင့် လောင်းချခံလိုက်ရသလို ရုတ်တရက် အေးခဲသွားရသည်။

လန်မင်ဟန်ကတော့ သူညီရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်သည်။ “ အဟမ်း ၊ ကျားယီ ပြောတာ ဘာမှားလို့လဲ။ ဒီကြက်ကင်က တကယ်လည်း အရသာရှိတာပဲ။ ငါ စားဖူးသမျှ ကြက်ကင်တွေထက် ပိုစားကောင်းတယ်။ ”

တခြားသူတွေကလည်း သတိဝင်လာပြီး သံယောင်လိုက်ကြသည်။ “ ဟုတ်တယ် ဟုတ်တယ်။ ခုနတုန်းက ဘာဘီကျူးကလည်း အရမ်း အရသာရှိတယ် ၊ ဒီကြက်ကင်နဲ့ အရသာချင်း မတူဘူး။ တစ်မျိုးချင်းစီက သူ့အရသာနဲ့သူမို့လို့ ရွေးချယ်ရခက်တယ်။ ”

“ အရသာရှိတယ် ဆိုရင်လည်း များများ စားကြပါ။ အချင်းချင်း ရန်ဖြစ်နေစရာ မလိုဘူး။ ကျွန်မအတွက် ရှင်တို့အားလုံးကို ဖိတ်ကြားဖို့ ဆိုတာ မလွယ်ဘူး။ ဘယ်လိုလုပ် ရှင်တို့ကို ဗိုက်ဟောင်းလောင်းနဲ့ အိမ်ပြန်လွှတ်နိုင်မှာလဲ။ ” စုယန်ယန်က ယန်ရှောင်ရန်ကို အပြုံးယဲ့ယဲ့ဖြင့် လှည့်ကြည့်လိုက်သည်။ “ အသီးအရွက်နဲ့ အသားတွေကိုပဲ စားရတာက ရှင့်အကြိုက်နဲ့ သိပ်မကိုက်ညီဘူးလို့ ခံစားရရင် မီးဖိုချောင်ထဲမှာ ဆန်ပြုတ်ပလိန်း နည်းနည်း ရှိပါသေးတယ်။ အဲ့ဒါကို အရံဟင်းလျာအဖြစ် စားရင်လည်း မဆိုးပါဘူး။ ”

ယန်ရှောင်ရန်သည် စုယန်ယန်ရဲ့ မျက်လုံးတွေနှင့် အကြည့်ချင်း ဆုံချိန်မှာ အံ့ဩသွားရသည်။ တစ်ဆက်တည်းမှာပဲ သူဖုန်းစားကြက်ကင် ဟင်းလျာနှင့် ဆန်ပြုတ်ပလိန်းက သူမအတွက် အထူး ပြင်ဆင်ထားတာ ဖြစ်နိုင်တယ် ဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။

924 02

.......

ငရုတ်ကောင်း ၊ သို့မဟုတ် တခြား ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်မထားတဲ့ ဘာဘီကျူးတွေက တစ်ခုခု လိုအပ်နေသလို ခံစားရသော်လည်း ‘ သူဖုန်းစားကြက်ကင် ’ ကတော့ ချိုချိုလေးနှင့် အရသာရှိသည်။ ငန်လည်း မငန်ဘဲ သူမပါးစပ်နှင့် ကွက်တိပင်။

ဆန်ပြုတ် ရှိသေးတယ် ဆိုတဲ့ စကားကို ကြားသည်နှင့် သူတို့ ဆန်ပြုတ်တစ်ပန်းကန် တောင်းလိုက်သည်။ ယန်ရှောင်ရန်က ဆန်ပြုတ်သောက်ပြီးတော့ ကြက်ကင်ကို ဆက်စားနေလိုက်ပြီး သူမနှင့် အကြိုက်မတူသူတွေကတော့ ဘာဘီကျူး အကင်တွေကို ဆက်စားနေကြသည်။

သူတို့ဟာ ဟောက်အိမ်တော်မှာ နှစ်နာရီ ၊ သုံးနာရီလောက် စားသောက် ဆော့ကစားနေခဲ့ကြပြီး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေက သူတို့ကို အားကျနေခဲ့ရသည်။

အစားအသောက်တွေ ကုန်ခါနီးလာတော့ စုယန်ယန်က ဘာဘီကျူးကင်တဲ့ နေရာကို ဟောက်ချန်ဟွမ်းဆီ ခဏ အပ်ခဲ့ကာ မီးဖိုချောင်လေးထဲကို ပြန်သွားပြီး ခုနတုန်းက နှပ်ထားတဲ့ စွပ်ပြုတ်အိုးကို တစ်ချက် ကြည့်လိုက်သည်။

နာရီ အနည်းငယ်ကြာ နှပ်ထားတဲ့ စွပ်ပြုတ်က အရသာ အစုံအလင် ပျော်ဝင်နေပြီး အဖုံးကို ဖွင့်လိုက်သည်နှင့် အခန်းထဲမှာ ဆေးပင်တွေရဲ့ ထူးခြားသော ရနံ့တွေ ဖုံးလွှမ်းသွားခဲ့သည်။ မွှေးတယ်လို့ ပြောလို့ မရပေမဲ့ အနံ့မကောင်းတာတော့လည်း မဟုတ်ပါ။

အထူးသဖြင့် ပစ္စည်းလေးပါး ကြက်စွပ်ပြုတ်ပဲ ဖြစ်သည်။ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် နှာခေါင်းထဲကို မွှေးရနံ့တွေ တိုးဝင်လာပြီး စားချင်စိတ်ကို အချိန်ကြာမြင့်စွာ လှုံ့ဆော်နေသည်မှာ လျစ်လျူရှုရန် ခက်ခဲလှသည်။

+++++

All Chapters