အခန်း ၉၂၉
Vol. 62 Ch. 929
929 01
အခန်း ( ၉၂၉ ) အရေးပါသော မှတ်တမ်း။
ရွှယ်ပိုင်လီသည် မျက်လုံးပြူးသွားပြီး ဟောက်ချန်ဟွမ်းရဲ့ နောက်ကျောကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ “ ရှင် … ”
ဟောက်ချန်ဟွမ်းကတော့ သူမ အံ့အားသင့်နေတာကို လျစ်လျူရှုပြီး ထွက်သွားဖို့ ဟန်ပြင်လိုက်လျှင် သူမက သူ့နောက်ကို ပြေးလိုက်လာသည်။ “ ရှင် ကျွန်မကို လက်စားချေဖို့ လာတာ မဟုတ်ဘူးလား။ ”
ဟောက်ချန်ဟွမ်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ မင်းက ငါ့ကို မင်းကို လက်စားချေစေချင်လို့လား။ ”
“ မဟုတ်ပါဘူး။ ” ရွှယ်ပိုင်လီက ဟောက်ချန်ဟွမ်းကို ခေါင်းစခြေဆုံးကြည့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ ထူးဆန်းတယ်လို့ ခံစားရလို့ပါ။ ရှင်က ကျွန်မအပေါ် သဘောကောင်းတဲ့ လူမျိုး မဟုတ်ဘူးလေ။ ”
“ ဒါက ယန်ယန် ဖြစ်စေချင်တဲ့ အရာမို့လို့ပဲ။ ”
“ ယန်ယန် … ဟုတ်လား။ ” ရွှယ်ပိုင်လီရဲ့ စိတ်ထဲမှာ အတွေးစတစ်စ လင်းလက်သွားသည်။ “ ရှင့်ဇနီးလား … ”
“ မင်းမိသားစုက မင်းရဲ့ ကျန်ရှိနေတဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အနစ်မွန်းခံပြီး သူတို့အတွက် လက်စားချေပေးတာ ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သူတို့နောက်ကို လိုက်လာတာထက် ပျော်ရွှင်နေတာကိုပဲ မြင်ချင်လောက်တယ်။ ”
“ ရှင့်ဇနီးက အဲ့လို ပြောတာလား။ ” ရွှယ်ပိုင်လီ အနည်းငယ် အံ့ဩသွားမိပေမဲ့ အဲ့ဒါကပဲ သဘာဝကျသည်ဟု ခံစားရသည်။ သူတို့ စတွေ့တုန်းက ဟောက်ချန်ဟွမ်းက အိမ်ထောင်မကျသေးပါ။ ထိုအချိန်တုန်းက သူ့ဆီမှာ သူမနှင့် တူညီသော အတွေးအခေါ်မျိုးတွေ ရှိတယ်လို့ ချက်ချင်းပဲ ခံစားခဲ့ရသည်။
သို့သော် သူ အိမ်ထောင်ကျသွားပြီးကတည်းက သူ့ပြောင်းလဲမှုတွေကို ရွှယ်ပိုင်လီက အားလုံးထက် အသိဆုံး ဖြစ်ကာ ထိုပြောင်းလဲမှုတွေကလည်း သူ့ဇနီးကြောင့် ဆိုတာ သံသယဖြစ်စရာ မလိုပေ။
“ ရှင့်ဇနီးက ကြင်နာတတ်တဲ့ စိတ်ထား ရှိတာပဲ။ ရှင် ကံကောင်းတယ်။ ”
ဟောက်ချန်ဟွမ်းဘဝရဲ့ အခက်ခဲဆုံး အချိန်တွေမှာ သူ့ကို လမ်းပြပေးနိုင်ကာ စိတ်ဓာတ်ကျနွံထဲက ဆွဲထုတ်ပေးချင်တဲ့ အလင်းရောင်လေးလို မိန်းကလေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။
......
ထိုစကားကို ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက နူးညံ့သွားသည်။
ရွှယ်ပိုင်လီကတော့ သူ့ကို ကြည့်ပြီး အနည်းငယ် မနာလိုဖြစ်သွားမိကာ သက်ပြင်းရှိုက်လိုက်သည်။ “ ရှင့်ဇနီးကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မ ရှင့်ကို လက်ဆောင်တစ်ခု ပေးလိုက်မယ်။ ”
“ လက်ဆောင် ….. ”
“ ဟောက်ချန်ဟွမ်း ဆောက်တည်ရာမရဖြစ်နေတဲ့ အချိန်တွေကို အသံသွင်းထားတဲ့ ဒီမှတ်တမ်းကို ရှင် စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ ” ရွှယ်ပိုင်လီက သူမရဲ့ အိတ်ကပ်ထဲက အသံသွင်းသည့် ဘောပင်လေးကို ထုတ်ယူကာ ဟောက်ချန်ဟွမ်းကို ပေးလိုက်သည်။
ဒီအသံသွင်းဘောပင်လေးက အရွယ်အစား အလွန်သေးငယ်သော်လည်း ပမာဏ အများကြီးထိ အသံသွင်း မှတ်တမ်းယူနိုင်သည်။
ဟောက်ချီဟန်နောက်ကို ရွှယ်ပိုင်လီ လိုက်လာခဲ့ချိန်မှာ ဟောက်ချီဟန်ကို ပြိုလဲသွားစေမယ့် သက်သေတစ်စုံတစ်ရာကို နေ့တိုင်း မှတ်တမ်းတင်နိုင်ဖို့အတွက် ဒီဘောပင်လေးကိုပါ သူမနှင့်အတူ ယူလာခဲ့၏။
“ သူ ကျွန်မနဲ့ ထွက်ပြေးလာရင်း လူတစ်ယောက်နဲ့ ဖုန်းပြောနေတဲ့ အချိန်မှာ ကျွန်မ တိတ်တိတ်လေး အသံသွင်းထားတာ။ အဲ့အချိန်တုန်းက သူက တစ်ဖက်လူနဲ့ ငွေရေးကြေးရေးကိစ္စကြောင့် စကားများနေတဲ့ ပုံပဲ။ ကျွန်မ သေချာ နားထောင်ကြည့်တာတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရှင့်မိဘတွေရဲ့ သေဆုံးမှုနဲ့ ပတ်သက်နေတဲ့ ပုံပဲ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ အသံသွင်းဘောပင်ကို ဖျတ်ခနဲ ဆွဲယူလိုက်သည်။ သူ ထိုဘောပင်ကို ဖွင့်လိုက်သည်နှင့် ဟောက်ချီဟန်ရဲ့ မခံမရပ်နိုင်အောင် ဒေါသထွက်နေတဲ့ အသံကြီး ထွက်ပေါ်လာလေသည်။
“ ငါက အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တာ။ မင်းအတွက် အဲ့လောက် ပိုက်ဆံအများကြီး ဘယ်က သွားရှာပေးရမှာလဲ။ ”
929 02
“ မင်း ဘာပြောချင်တာလဲ။ ငါ့ကို လာခြိမ်းခြောက်နေတာလား။ အရင်တုန်းက ဘာဖြစ်ခဲ့လို့လဲ။ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်း ငါ့ကို ခြိမ်းခြောက်တာအပြင် တခြား တစ်ခုခု မလုပ်တတ်တော့ဘူးလား။ အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို မမေ့နဲ့။ မင်းက ဉာဏ်ကောင်းပါတယ်။ အလွန်ဆုံးမှ ငါက မင်းကို သတင်းပေးခဲ့တဲ့ နယ်ရုပ်လေးတစ်ရုပ်ပဲ။ မင်းကမှ ငါ့ကို တိုက်ခိုက်ဖို့ လူတွေ လွှတ်ခဲ့တာ ၊ ကားမတော်တဆမှုဖြစ်အောင် စီစဉ်ခဲ့တဲ့ လူကလည်း မင်းပဲ။ ကျန်းချန့်ယန်က အခု ဒီနိုင်ငံကို ပြန်ရောက်နေတာ။ ငါ့ရဲ့ ကောက်ကျစ်ယုတ်မာတဲ့ ညီနဲ့ တွေ့ဖို့ တစ်ခုတည်းအတွက်နဲ့ သူ ပြန်ရောက်လာတာလို့ မင်း ထင်နေတာလား။ ”
“ ဟမ့်။ ဒီကိစ္စကြောင့် မင်း ရှိနေတဲ့ နေရာကို လူတွေ သိသွားမှာကို မကြောက်ရင် ၊ အရင်တုန်းက လွတ်သွားခဲ့တဲ့ ကျန်းချန့်ယန်နဲ့ ကျန်တဲ့ လူတွေ မင်းကို အမဲလိုက်မှာကို မကြောက်ရင် မင်း သတင်းတွေ ဖြန့်လိုက်လေ။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ မင်း ပိုက်ဆံပြတ်တိုင်း ငါ့ကိုပဲ လာတောင်းနေတာ။ ငါ့ကို မင်းရဲ့ ငွေထုတ်စက်လို့ ထင်နေတာလား။ ငါ့လက်ထဲမှာ ဟောက်ကော်ပိုရေးရှင်း ရှိသေးရင် ကိစ္စမရှိပေမဲ့ အခု ငါ့လက်ထဲမှာ ဘာမှ မရှိတော့ဘူး။ မင်းလို သွေးစုပ်ကောင်ကို ငါနဲ့အတူ ဆွဲချရမယ် ဆိုလည်း ဆွဲချသွားဖို့ ဝန်မလေးဘူး။ ”
“ မင်း အရင်တုန်းက အဲ့ဒီ သောက်ရေးမပါတဲ့ လူကြီးနှစ်ယောက်ကို လုပ်ခဲ့သလိုမျိုး အဲ့ခွေးကောင်ကို ရှင်းပစ်ရင် ရှင်းပစ် ၊ မဟုတ်ရင်တော့ ငါ့ကို ဘယ်တော့မှ လာမရှာနဲ့တော့။ မင်း ငါ့ကို လာရှာရင်တောင် ငါ့မှာ မင်းကို ပေးစရာ ပိုက်ဆံ ရှိမှာ မဟုတ်ဘူး။ ”
+++++