အခန်း ၉၃၀
Vol. 62 Ch. 930
930 01
အခန်း ( ၉၃၀ ) ဒါက ကျွန်မရဲ့ အဖြေပဲ။
အသံမှတ်တမက ရုတ်တရက် ရပ်တန့်သွားသည်။ ဟောက်ချီဟန် ထိုစကားလုံးကြမ်းကြမ်းတွေ ပြောပြီးနောက် ဖုန်းချလိုက်တာ ဖြစ်လိမ့်မည်။
ဟောက်ချီဟန်ရဲ့ ဒုတိယစကားကို ကြားချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ မည်းမှောင်သွားသည်။ နောက်ဆက်တွဲစကားတွေကို ကြားချိန်မှာတော့ သူ့မျက်နှာက ပိုလို့တောင် မည်းမှောင်သွားခဲ့သည်။
တစ်ဖက်လူက သူ့ကို ဘာအကြောင်းနှင့် ခြိမ်းခြောက်နေလဲ ဆိုတာ ဟောက်ချီဟန် ပြောမသွားပေမဲ့ သူ့စကားတွေအရ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေရဲ့ မမျှော်လင့်ထားသော သေဆုံးမှုအကြောင်း ပြောနေတယ် ဆိုတာ သိနိုင်သည်။
ဟောက်ချီဟန်က ဒီကိစ္စတွေအကုန်လုံးကို စီစဉ်ခဲ့တဲ့ လူတွေနှင့် ပတ်သက်နေတာ ဖြစ်သည်။ အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ အက်ဆီးဒင့်ဟာ သူနှင့် ပတ်သက်နေတာ သေချာသည်။
ဟောက်ချန်ဟွမ်းသည် အသံသွင်းဘောပင်ကို မည်းမှောင်သော မျက်နှာဖြင့် သိမ်းလိုက်ပြီးမှ ရွှယ်ပိုင်လီကို “ ကျေးဇူးတင်ပါတယ်။ ” ဟု တည်ငြိမ်စွာ ပြောလိုက်သည်။
ဒီလို အချိန်မှာ ရွှယ်ပိုင်လီ ဒီပစ္စည်းကို ထုတ်ပြတာက ဟောက်ချီဟန်ကို ပိုလို့တောင် ဆိုးဆိုးဝါးဝါး သေဆုံးအောင် လုပ်ဖို့ ဆိုတာကို သူ သိသော်လည်း ဒီကိစ္စမှာ သူမ သူ့ကို အမှန်တကယ် ကူညီပေးခဲ့တယ် ဆိုတာကိုတော့ ငြင်းမရပါ။
ရွှယ်ပိုင်လီကတော့ သူ့ကျေးဇူးတင်စကားကို လက်မခံဘဲ “ ရှင့်ဇနီးကိုသာ ကျေးဇူးတင်လိုက်ပါ။ ” ဟု အပြုံးလေးဖြင့် ပြောလိုက်သည်။
ဟောက်ချန်ဟွမ်းသည် အောက်ထပ်ကို ရောက်သည်နှင့် အသံမှတ်တမ်းကို ဆုပ်ကိုင်လျက် ကျန်းချန့်ယန်ကို ဖုန်းဆက်ခဲ့သည်။ “ ဦးလေး အခု ဘယ်မှာလဲ။ ကျွန်တော့်မှာ ဦးလေးနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိတယ်။ ဦးလေး ကျွန်တော့်ကုမ္ပဏီကို လာပေးလို့ ရမလား။ ဟုတ်တယ် ၊ အရမ်း အရေးကြီးတယ်။ ကျွန်တော် ဖုန်းထဲကနေ ရှင်းပြလို့ မရဘူး။ ဟုတ်ကဲ့ ၊ ကျွန်တော် ဦးလေးကို ကုမ္ပဏီမှာ စောင့်နေပါ့မယ်။ ”
ဟောက်ချန်ဟွမ်းသည် ဖုန်းချလိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်မှာ ဖြတ်သွားတဲ့ ကားတစ်စီးကို ကြည့်ရင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် မျက်နှာမည်းမှောင်နေခဲ့သည်။
အခြားတစ်ဖက်မှာတော့ စုယန်ယန် အောက်ထပ်ကို ရောက်တော့ ဟောက်ချန်ဟွမ်းက အလုပ်သွားပြီ ဖြစ်သည်။ ရိုးရှင်းသော မနက်စာကို ကလေးနှင့်အတူ စားပြီးနောက် သူမလည်း အလုပ်ကို ထွက်လာခဲ့လိုက်သည်။
မျှော်လင့်မထားစွာဖြင့် ကုမ္ပဏီဝင်ပေါက်ကို ရောက်ချိန်မှာပဲ သူမနှင့် မရင်းနှီးတဲ့ ဖုန်းနံပါတ်တစ်ခုက သူမကို ဖုန်းဆက်လာခဲ့သည်။
စုယန်ယန်သည် ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဖုန်းကိုင်လိုက်၏။ သူမ ထင်မထားခဲ့တာက …
......
“ မိန်းကလေးစု။ ”
“ ဥက္ကဌသို့လား … ”
“ ဟုတ်တယ် ၊ ကိုယ်ပါ။ မင်း ကိုယ် စဉ်းစားခိုင်းထားတဲ့ ကိစ္စကို စဉ်းစားပြီးပြီလား။ ”
“ ရှင် ကျွန်မကို စဉ်းစားခိုင်းထားတဲ့ ကိစ္စ … ဟုတ်လား။ ” စုယန်ယန် ဆွံ့အသွားရသည်။ သူမ ထိုကိစ္စကို လုံးဝ မေ့လျော့နေခဲ့တာပင်။ အဲ့ဒီနေ့တုန်းက သို့ထျန်းယီက သူမရဲ့ ရုံးခန်းထဲကို မဖိတ်ခေါ်ဘဲ ရောက်လာပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ အများကြီး ပြောသွားခဲ့သည်။ စုယန်ယန်ရဲ့ အမြင်မှာ အဲ့ဒါက သိပ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။
ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ဒီလူ သူမကို နှောင့်ယှက်တာ ခဏ ရပ်သွားသည်။ စုယန်ယန်ကတော့ သူမ သူ့ကို ထိုနေ့ကတည်းက ငြင်းပြီးသွားပြီလို့ ထင်သည်။
“ ဥက္ကဌသို့ ၊ ကျွန်မတို့ကုမ္ပဏီနှစ်ခုမှာ မတူညီတဲ့ အလုပ်အကိုင် သဘောသဘာဝတွေ ၊ တွေးခေါ်ပုံတွေ ရှိတယ်လို့ ကျွန်မ အဲ့ဒီနေ့ကတည်းက ပြောခဲ့ပြီးသားပါ။ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ဖို့ လုံးဝ မလိုအပ်ဘူး။ ရှင် အလုပ် လက်တွဲလုပ်ဖို့ လူရှာချင်ရင် အရည်အချင်းရှိတဲ့ တခြား စီမံခန့်ခွဲရေးကုမ္ပဏီတွေကို ရှာလို့ ရတယ်။ ဟေးရီရဲ့ အနေအထားနဲ့ ဆိုရင် ရှင့်ဘက်က စကားစလိုက်တာနဲ့ ကုမ္ပဏီတွေ အများကြီး တိုးဝှေ့နေလိမ့်မယ် ဆိုတာ သေချာတယ်။ တုန်ချမ်းလို ကုမ္ပဏီသေးသေးလေးအတွက် ဘာလို့ အသည်းအသန် တိုက်ခိုက်နေမှာလဲ။ ”
“ ဒါပေမဲ့ ကိုယ်က မင်းနဲ့ အလုပ်,လုပ်ချင်တာ။ မင်းရဲ့ ကုမ္ပဏီနဲ့ အလုပ်,လုပ်ချင်တာ မဟုတ်ဘူး ၊ မင်းနဲ့ အလုပ်,လုပ်ချင်တာ။ ”
930 02
စုယန်ယန်သည် သူ့စကားတွေကို ကြားချိန်မှာ ကြက်သီးမွေးညင်းထပြီး စိတ်မရှည်နိုင်အောင် ဖြစ်လာခဲ့ရသည်။ “ ဒါပေမဲ့ ကျွန်မမှ ရှင်နဲ့ အလုပ်မလုပ်ချင်တာ။ ဒါက ကျွန်မရဲ့ အဖြေပဲ။ ဥက္ကဌသို့ ကျွန်မကို ဖုန်းဆက်တာ ဒါ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။ တခြား ထွေထွေထူးထူး ပြောစရာ မရှိရင် ကျွန်မ ဖုန်းချလိုက်တော့မယ်။ ”
စုယန်ယန်က ထိုသို့ ပြောပြီးသည်နှင့် သို့ထျန်းယီ ပြန်ပြောတာကို မစောင့်ဘဲ ဖုန်းချပစ်လိုက်သည်။ ထို့နောက် သူမ ခြေနှစ်လှမ်းသာ ရှေ့တိုးရုံရှိသေး ၊ အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အရပ်ရှည်ရှည်နှင့် လူတွေက ဘယ်နေရာကမှန်းမသိ ပြေးထွက်လာပြီး သူမကို ဝိုင်းလိုက်ကြသည်။
စုယန်ယန်နောက်ကို လိုက်လာတဲ့ ကိုယ်ရံတော်တွေကလည်း အသံတွေကို ကြားသည်နှင့် လျင်မြန်စွာ ရှေ့တိုးလာကာ သူမကို ကာကွယ်ပေးခဲ့သည်။
ခဏကြာတော့ စုယန်ယန်ကို ဝန်းရံထားသည့် မဖိတ်ခေါ်ထားတဲ့ ဧည့်သည်အဖွဲ့ထဲကနေ ခေါင်းဆောင်တစ်ယောက် ထွက်လာပြီး လေးလေးစားစား ပြောသည်။ “ ကျွန်တော်တို့ရဲ့ ဘော့စ်မှာ မိန်းကလေးစုနဲ့ ဆွေးနွေးစရာရှိနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ မိန်းကလေးစု။ ”
“ ရှင်တို့ရဲ့ ဘော့စ် … ဟုတ်လား။ ” စုယန်ယန်သည် လောလောလတ်လတ် ပြောထားတဲ့ ဖုန်းကောလ်ကို ပြန်သတိရသွားပြီး မျက်နှာမည်းမှောင်သွားခဲ့သည်။ “ ရှင်တို့ကို သို့ထျန်းယီ လွှတ်လိုက်တာလား။ ”
++++