← Chapters

အခန်း ၉၃၁

Vol. 63 Ch. 931

အခန်း ၉၃၁

Vol. 63 Ch. 931

931 01

အခန်း ( ၉၃၁ ) ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမှာလား။

ခေါင်းဆောင်က ဟုတ်တယ်လည်း မပြော ၊ မဟုတ်ဘူးလည်း မပြောဘဲ “ ဘော့စ်က မိန်းကလေးစုနဲ့ တွေ့ပြီး ကိုယ်တိုင် စကားပြောချင်နေတယ်။ သူ မိန်းကလေးစုကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူးမို့လို့ မစိုးရိမ်ပါနဲ့ မိန်းကလေးစု။ ” ဟု ခပ်တိုးတိုး ပြောသည်။

“ ဒါဆို သူ လွှတ်လိုက်တာပေါ့။ ” စုယန်ယန်သည် ဒေါသထွက်ထွက်နှင့် ရယ်လိုက်မိသည်။ သူမက သူ နာကျင်အောင် လုပ်မှာကို ကြောက်ရမှာလား။ တစ်စုံတစ်ယောက်ရဲ့ မာနထောင်လွှားနေတဲ့ စိတ်ကို သူမ ဒေါသထွက်သွားမိသည်။

သူ့ပါးစပ်ကသာ သူမကို ဖိတ်ကြားမည်ဟု ပြောသော်လည်း သူ ကိုယ်တိုင် မဖိတ်ကြားပေ။ ရက်ရောမှုလို့ ခေါင်းစပ်တပ်သော်လည်း တကယ်တော့ သူ့က သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ကောင်သာ ဖြစ်သည်။ သူဟာ သူ့ကိုယ်သူက လွဲလို့ တခြားသူတွေကို ထိလို့ မရပါ။

ထင်ထားတဲ့အတိုင်း ဒီကမ္ဘာရဲ့ ဇာတ်လိုက်တွေ အကုန်လုံးက ရူးနေကြတာပဲ … ။

“ သူ ခေါ်တိုင်း ကျွန်မ သွားလိုက်ရင် ကျွန်မ ရုပ်ပျက်သွားမယ်လို့ မထင်ဘူးလား။ ”

“ ကျေးဇူးပြုပြီး ကျွန်တော်တိုကို အခက်‌တွေ့အောင် မလုပ်ပါနဲ့ မိန်းကလေးစု။ ”

အဲ့တော့ ဒါက ကိုယ်ကျင့်တရား‌ကောင်းမွန်တဲ့ ပြန်ပေးဆွဲနည်းပေါ့လေ … ။ စုယန်ယန်ရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်သရော်ရိပ်တွေ စွန်းထင်းသွားကာ “ ကျွန်မနဲ့ ရှင်တို့နဲ့ ဘယ်လောက် သိလို့လဲ။ ” ဟု ပြန်မေးလိုက်သည်။

“ မိန်းကလေးစုနဲ့ ကျွန်တော် တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါ။ ”

“ တစ်နည်းအားဖြင့် ပြောရရင်တော့ ကျွန်မတို့က မရင်းနှီးတဲ့ သူစိမ်းတွေပဲ။ ” စုယန်ယန်က သူ့ကို လှောင်ပြုံး ပြုံးပြီး ကြည့်လိုက်သည်။ “ ကျွန်မတို့က ရင်းလည်း မရင်းနှီးဘဲနဲ့ ရှင်တို့ကို အခက်တွေ့အောင် လုပ်မိတာ ၊ မလုပ်မိတာကို ဂရုစိုက်နေရမှာလား။ ”

ခေါင်းဆောင်သည် လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး တစ်ခုခု ပြန်ပြောဖို့ ပါးစပ်ပြင်နေတုန်းမှာပဲ စုယန်ယန်က သူ့ကို စကားဖြတ်ပြောခဲ့ပြန်သည်။

“ ပြီးတော့ ကျွန်မကို ရှင်တို့ကို အခက်တွေ့အောင် လုပ်တဲ့ လူ မဟုတ်ဘူးလေ။ ဟုတ်တယ်မို့လား။ ရှင်တို့ရဲ့ ဘော့စ်ဆီကိုပဲ ပြန်သွားပြီး ရှင်တို့ကို အခက်တွေ့အောင် မလုပ်ဖို့ ပြောလိုက်ပါ။ ကျွန်မကို လာရှာနေလို့ ဘာထူးမှာလဲ။ ကျွန်မကို အလွယ်တကူ ခေါ်တိုင်း လိုက်မယ့် လူမျိုးလို့ ထင်နေတာလား။ အဲ့ဒါ ဆိုရင်တော့ အားနာပါတယ်။ ကျွန်မက အဲ့လို လူမျိုး မဟုတ်ဘူး။ ကျွန်မက ရှင်တို့ အလွယ်တကူ သိမ်းသွင်းလို့ ရတဲ့ လူမျိုး မဟုတ်ဘူး။ ”

......

စုယန်ယန်ရဲ့ လှောင်ပြောင်သော စကားတွေကြောင့် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားသော်လည်း သူ့မှာ ရွေးချယ်စရာမရှိတာမို့ တောင့်ခံရသည်။ ဘာပဲ‌ဖြစ်ဖြစ် သူ့ဘော့စ်က သူမကို ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်လာခဲ့စေချင်တာ ဖြစ်ပြီး သူမကို လုံးဝ မထိခိုက်စေချင်ပေ။

“ ကြည့်ရတာ မိန်းကလေးစုက ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်မရှိဘူးနဲ့ တူတယ်။ ဒါဆိုလည်း ကျွန်တော်တို့ မိန်းကလေးစုကို မတော်တဆ ထိခိုက်အောင် လုပ်မိရင် အပြစ်မတင်ပါနဲ့။ ”

စုယန်ယန်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း ကျိန်ဆဲမိတော့မလိုတောင် ဖြစ်သွားမိသည်။ ရှင်က ရှင်နဲ့ တူတဲ့ လူယုတ်မာတွေအများကြီးကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပြီး ကျွန်မရဲ့ ခွင့်ပြုချက်ကိုတောင် မတောင်းဘဲ ရှင့်နောက်ကို လိုက်ခဲ့စေချင်တာလား သို့ထျန်းယီ … ။

ကျွန်မ ရှင်းလိုက်တာနဲ့ ရှင်တို့ကက အတင်းအကျပ် ခွန်အားသုံးဦးမယ်။ တကယ့်ကို မောက်မာထောင်လွှားတဲ့ လူတွေပဲ။ ရှင်တို့က ကျွန်မကို မတော်တဆ ထိခိုက်အောင် လုပ်မိရင် အဆိုးမဆိုပါနဲ့လို့ ပြောပြီးတာတောင် ကုမ္ပဏီနှစ်ခု လက်တွဲပူးပေါင်းချင်နေသေးတာလား … ။

စုယန်ယန်က သရော်တော်တော် ရယ်မောလိုက်သည်။ “ အဲ့လိုလား။ ဒါဆိုရင်တော့ ကျွန်မလည်း ရှင်တို့ကို ပြန်ခုခံရမှာပဲ။ ”

စုယန်ယန်သည် ထိုသို့ ပြောပြီးနောက် ဒီလူတွေဆီမှာ ဆက်အချိန်ကုန်မခံနိုင်တော့ဘဲ သူမရှေ့က သက်တော်စောင့်ရဲ့ ပခုံးကို ပုတ်လိုက်သည်။ “ ဒီလူတွေက ရှင်တို့ကို ပေါ့ပေါ့တန်တန် ထင်နေတဲ့ ပုံပဲ။ ကျွန်မတို့ သူတို့ကို သင်ခန်းစာမပေးရင် ရှင်တို့ရဲ့ ဘော့စ်ကို အရှက်ရအောင် လုပ်မိမှာ ကျွန်မ စိုးရိမ်တယ်။ ”

သက်တော်စောင့်ကလည်း ပြုံးလိုက်သည်။ “ သခင်မလေး ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ လက်သီးတွေ ၊ ခြေထောက်တွေမှာ မျက်လုံးမရှိဘူး ၊ အဲ့ဒါကြောင့် ကားထဲမှာ ခဏလောက် ပြန်သွားနေပြီး ကျွန်တော်တို့ ဇယားရှင်းပြီးမှ ပြန်ထွက်လာပါ။ ဟုတ်ပြီလား။ ”

931 02

ကုမ္ပဏီဝင်ပေါက်နှင့် အနည်းငယ် ဝေးကွာနေသေးပြီး ဒီလူစုက ဝင်ပေါက်ကို သွားတဲ့ လမ်းကို ပိတ်ဆို့ထားကြသည်။ အခုအချိန်မှာ ရုံးဆီကို ပြေးသွားတာထက် ကားထဲကို ပြန်ဝင်တာကသာ ပိုလုံခြုံမှာ သိသာသည်။

“ ကောင်းပါပြီ။ ကျွန်မ အခုချက်ချင်း ကားထဲ ဝင်နေလိုက်ပါ့မယ်။ ”

ခေါင်းဆောင်က စုယန်ယန် ကားထဲ ဝင်ဖို့ လုပ်နေတာကို မြင်သောအခါ မျက်နှာမည်းမှောင်သွားပြီး သူ့လူတွေကို သူမဆီ ချက်ချင်း လွှတ်လိုက်သည်။

ခဏကြာတော့ သူတို့နှင့် စုယန်ယန်ရဲ့ သက်တော်စောင့်တွေ စတင်တိုက်ခိုက်ကြသည်။ ဒါပေမဲ့ ထိုလူတွေရဲ့ ပစ်မှတ်က စုယန်ယန်တစ်ယောက်တည်းသာ ဖြစ်ပြီး သို့ထျန်းယီက သူမကို ထိခိုက်နာကျင်အောင် မလုပ်ဖို့လည်း မှာကြားထားသည်။

စုယန်ယန်ရဲ့ သက်တော်စောင့်အများစုက ဟောက်ချန်ဟွမ်းဆီ ကျန်းချန့်ယန် လွှဲပြောင်းပေးထားတဲ့ လူတွေ ဖြစ်ပြီး ဟောက်ချန်ဟွမ်းက သူတို့ကို စုယန်ယန်အား ကာကွယ်ပေးဖို့ အထူးတလည် စေလွှတ်ထားတာ ဖြစ်သည်။ သူတို့ထဲက အများစုက အထူးဌာနက သိုင်းသမားတွေမို့ တစ်ယောက်နှင့် နှစ်ယောက် ယှဉ်ချရလျှင်တောင် ပြဿနာမရှိပါ။

သို့သော် သို့ထျန်းယီကလည်း စုယန်ယန်ရဲ့ သက်တော်စောင့်တွေအကြောင်း ကောင်းကောင်း သိပုံပေါ်သည်။ ဒီတစ်ခေါက်တော့ သူက စုယန်ယန်ကို ဖိတ်ကြားဖို့အတွက် အမှန်တကယ် အရည်အချင်းရှိတဲ့ လူတွေကို ပိုက်ဆံအများကြီး အကုန်ခံပြီး ခေါ်ထားခဲ့သည်။

+++++

All Chapters