အခန်း ၉၃၃
Vol. 63 Ch. 933
933 01
အခန်း ( ၉၃၃ ) နှလုံးသားကြီးမားလွန်းသူ။
စုယန်ယန်က ထိုသို့ ပြောလိုက်တော့ သူတို့က ခြွင်းချက်မရှိ နားထောင်ခဲ့ကြသည်။
အရေးကြီးဆုံးကတော့ သူတို့က စုယန်ယန်ကြောင့် နည်းနည်းလေး စိတ်ဒဏ်ရာရနေသေးလို့ပါပဲ။ သူမကို မြင်သည်နှင့် စိတ်ထဲမှာ တုန်လှုပ်သွားပြီး သူတို့ရဲ့ ခြေထောက်တွေကို စုစည်းမိသည်။
နောက်ကျမှ ရောက်လာတဲ့ ရှားကျွင်းရှန့်ကတော့ စုယန်ယန်ရဲ့ ရင်သပ်ရှုမောဖွယ် တိုက်ကွက်ကို မမြင်လိုက်တာမို့ စိုးရိမ်တကြီး လာမေးနေသည်။ “ ညီမ အဆင်ပြေရဲ့လား။ ခုနတုန်းက လူတွေက … ”
“ ညီမ အဆင်ပြေပါတယ်။ အစ်ကို ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ခုနတုန်းက လူတွေက … ညီမကို ပြန်ပေးဆွဲဖို့ လုပ်နေတာ။ ”
“ ပြန်ပေးဆွဲဖို့ … ဟုတ်လား။ ” ရှားကျွင်းရှန့်ရဲ့ အသံက ချက်ချင်း မြင့်တက်သွားသည်။ “ သူတို့က ဒီလောက် နေခင်းကြောင်တောင်ကြီးမှာ ညီမကို သက်တော်စောင့်တွေ အများကြီးကြားထဲကနေ ပြန်ပေးဆွဲဖို့ လုပ်တယ်တဲ့လား။ ဒီလူတွေကတော့ တကယ့်ကို ဥပဒေမဲ့ ရမ်းကားနေတာပဲ။ ”
“ တော်တော်လေးကို ရမ်းကားနေတာ။ ” သူမသာ သိုင်းပညာမတတ်ရင် ထိုလူတွေရဲ့ အစီအစဉ် အောင်မြင်သွားလောက်ပြီ ဆိုတာကိုတော့ စုယန်ယန် ရှားကျွင်းရှန့်ကို ပြောမပြလိုက်ပါ။
“ မဟုတ်သေးပါဘူး။ သူတို့က ညီမကို ဘာလို့ လူမြင်ကွင်းမှာတောင် ရဲရဲတင်းတင်း ပြန်ပေးဆွဲဖို့ လုပ်တာလဲ။ ဒီကိစ္စကို သူတို့ဘက်က လွယ်လွယ်လေးနဲ့ လက်မလျှော့မှာကို အစ်ကို စိုးရိမ်တယ်။ အစ်ကိုတို့ ရဲခေါ်လိုက်ရင် ကောင်းမလား။ ညီမလေးမှာ ဘယ်သူနဲ့ ရန်ငြိုးရှိလို့လဲ။ အစ်ကိုတို့ — ”
“ အစ်ကို အဲ့လို လုပ်စရာ မလိုပါဘူး။ နောက်ကွယ်မှာ ရှိနေတဲ့ လူကို ညီမ သိတယ်။ ”
“ တကယ်လား … ” ရှားကျွင်းရှန့်တစ်ယောက် အံ့အားသင့်သွားသည်။ “ ဒါဆို … ”
“ ညီမ ဘာလုပ်ရမလဲ ဆိုတာ သိပါတယ်။ စိတ်မပူပါနဲ့ အစ်ကို။ ဒီကိစ္စကို ညီမဘာသာ ကိုင်တွယ်လိုက်ပါ့မယ်။ ”
သို့သော်လည်း ရှားကျွင်းရှန့်သည် သူမလောက် စိတ်အေးလက်အေးမနေနိုင်တာမို့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားမပေးပါနဲ့။ ညီမမှာ ယောက်ျားနဲ့ အစ်ကို ရှိသေးတယ်လေ။ သူတို့သာ ဒီကိစ္စကို သိသွားရင် … ”
“ ညီမအစ်ကို,ကို ဒီအကြောင်း မပြောပါသေးနဲ့ဦး။ ”
ရှားကျွင်းရှန့်က မျက်ခုံးပင့်သွားပြီး “ ညီမ သေရော သေချာရဲ့လား။ ” ဟု ပြန်မေးလျှင် စုယန်ယန် လည်ချောင်းနင်သွားသလို ခံစားလိုက်ရလေသည်။
ကလေး ပြန်ပေးဆွဲခံရတော့မလို ဖြစ်သွားတဲ့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူမရဲ့ မိသားစုကို စိတ်မပူစေချင်တာကြောင့် ဘာမှ မပြောပြခဲ့ပါ။ နောက်ဆက်တွဲအနေဖြင့် သူမရဲ့ မိသားစုဆီက အပြစ်တင်မှုတွေကို ရရှိခဲ့သည်။ ပြီးတော့ ဒီကိစ္စက လူမြင်ကွင်းမှာ ဖြစ်ပျက်သွားတာမို့ အရင်တစ်ခေါက်တုန်းကထက် ပိုလို့တောင် ဖုံးကွယ်ဖို့ ခက်ခဲပါလိမ့်မည်။
“ အဟမ်း ၊ လောလောဆယ်တော့ ဘာမှ မပြောပါသေးနဲ့ဦး။ သူ့ကို ညီမကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ်။ ”
“ ကောင်းပြီ။ ဒါဆို သူ့ကို ညီမပဲ ပြောလိုက်တော့။ ”
စုယန်ယန် ထင်ထားတဲ့အတိုင်း ဒီကိစ္စကို ဖုံးကွယ်ထားဖို့ နည်းလမ်းမရှိပါ။ သူမ ကုမ္ပဏီထဲကို ဝင်ရုံရှိသေးမှာပဲ တစ်စုံတစ်ယောက်က ဟောက်ချန်ဟွမ်းကို သတင်းပို့ခဲ့ပြီး ထိုအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဟောက်ချန်ဟွမ်းကလည်း ကျန်းချန့်ယန်နှင့်အတူ ရုံးခန်းထဲမှာ အသံမှတ်တမ်းအကြောင်း ပြောနေတာ ဖြစ်သည်။
အသံမှတ်တမ်းကို နားထောင်ပြီးတဲ့နောက် ကျန်းချန့်ယန်ရဲ့ တုံ့ပြန်မှုဟာ ဟောက်ချန်ဟွမ်းထက်ပင် ပေါက်ကွဲသွားခဲ့သည်။ “ အဲ့ခွေးသူတောင်းစားကတော့။ သူ့ကို နှစ် ( ၂၀ ) ၊ ( ၃၀ ) လောက် ပျိုးထောင်လာခဲ့ပေမဲ့ ကျေးဇူးကန်းတဲ့ ၊ လောဘကြီးတဲ့ မျိုးစေ့ကိုပဲ ပျိုးထောင်ခဲ့မိတာပဲ။ သူတို့က … သူ့ကို အကြာကြီး ဂရုစိုက်ပေး ၊ ကောင်းကောင်း ဆက်ဆံပေးခဲ့တာတောင် သူက ဘယ်လိုလုပ် အဲ့လို လုပ်ရပ်မျိုး လုပ်နိုင်ရတာလဲ။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူ အိပ်မက်ဆိုးတွေ ၊ ဘာတွေ မမက်ဘူးလား။ သူ တစ်နေ့ လက်စားချေခံရမှာကို တစ်ခါမှ တွေးမပူဖူးဘူးလား။ ”
“ သူက ဟောက်ကော်ပိုရေးရှင်းကို ပြန်လိုချင်တာနဲ့ပဲ အဲ့လူတွေကို မင်းကို အန္တရာယ်ပေးဖို့ သွေးထိုးချင်နေတာ။ သူက ဟောက်ကော်ပိုရေးရှင်းရဲ့ သားစဉ်မြေးဆက်တွေ အကုန်လုံးကို အမြစ်ဖြတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး။ ငါ့အစ်မနဲ့ ယောက်ဖက အရင်ဘဝတုန်းက ဘယ်လို အပြစ်တွေများ လုပ်ခဲ့မိလို့ ဒီလို မကောင်းဆိုးဝါးတစ်ကောင်ကို ရန်စမိခဲ့တာလဲ။ ”
933 02
အရင်တုန်းက ဟောက်ကော်ပိုရေးရှင်းထဲမှာ ထိုအဖွဲ့ထဲက စပိုင်တွေ ရှိနေမလားဟု ကျန်းချန့်ယန် အမြဲတမ်း တွေးခဲ့ဖူးသည်။ မဟုတ်ရင် ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူ သဲလွန်စရှာဖို့ ကြိုးစားတိုင်း အဆက်ပြတ်ပြီး အစပြန်ရောက်သွားမှာ မဟုတ်။
သို့သော်လည်း ထိုစပိုင်က ဟောက်ချီဟန်ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားသလို ဟောက်ချီဟန်မိဘတွေရဲ့ သေဆုံးမှုမှာ အဓိက သော့ချက်ဖြစ်နေလိမ့်မည် ဟူ၍လည်း မျှော်လင့်မထားခဲ့ပေ။
“ နှစ် ( ၃၀ ) ကျော်ကြာသွားရင် ခွေးတစ်ကောင်ကတောင် ကိုယ့်ကို အမြီးနှံ့ပြရမလဲ ဆိုတာ သိတယ် ၊ ဒါပေမဲ့ အဲ့ဒီ ခွေးသူတောင်းစား ဆိုတဲ့ နှလုံးသားကို နွေးထွေးသွားအောင်တော့ မလုပ်နိုင်ဘူးပဲ။ မဟုတ်ဘူး ၊ သူ့မှာ လုံးဝကို နှလုံးသား မရှိတာ။ ”
ကျန်းချန့်ယန်ရဲ့ ဒေါသနှင့် ယှဉ်လိုက်လျှင် ဟောက်ချန်ဟွမ်းသည် အလွန် တည်ငြိမ်နေခဲ့သည်။ ဒါပေမဲ့ သူ့အကြောင်းကို သိတဲ့ လူကတော့ သူ တည်ငြိမ်နေလေ ၊ ပိုကြောက်စရာကောင်းလေပဲ ဆိုတာကို ကောင်းကောင်း နားလည်သည်။
“ သူ့မှာ နှလုံးသားမရှိတာ မဟုတ်ဘူး။ သူ့နှလုံးသားက အရမ်း ကြီးလွန်းတော့ အရမ်း လောဘကြီးသွားတာ။ သူ့နှလုံးသားထဲမှာ လောဘတွေနဲ့ပဲ ပြည့်နေလို့ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော့်အတွက် နေရာမရှိတာ။ ”
+++++